ဘဂ္ဂဒက်အမေရိကန်သံရုံးအား တိုက်ခိုက်ခဲ့သော ကန့်ကွက်ဆန္ဒပြသူတို့ သံရုံးဝင်းအတွင်းမှ ပြန်လည်ထွက်ခွာ။ အီရန်တွင် တာဝန်ရှိပြီး တန်ဖိုးကြီးစွာ ပေးဆပ်ရမည်ဟု ဒေါ်နယ်ထရမ့်ခြိမ်းခြောက်။

ဘဂ္ဂဒက်အမေရိကန်သံရုံးအား စီးနင်းရန် ကြိုးစားခဲ့ကြသည့် ကန့်ကွက်ဆန္ဒပြသူတို့သည် သံရုံးပင်မအဆောက်အအုံအတွင်း ဝင်ရောက်ခြင်းမပြုပဲ သံရုံးဝင်းအတွင်းမှ ပြန်လည်ထွက်ခွာသွားကြပြီဖြစ်သည်။ ထောင်နှင့်ချီသော ကန့်ကွက်ဆန္ဒပြသူများနှင့် အီရတ်ပြည်သူတို့စစ်တို့ပူးပေါင်းလျှက် သံရုံးအား ကျောက်ခဲများဖြင့် ဆက်လက်ပစ်ပေါက်နေကြပြီး သံရုံးတံတိုင်းတွင် ကြွေးကြော်သံများ ရေးခြစ်ကြသည်။ “ အ‌မေရိကန်တွေကို သေဒါဏ်ပေး “ ဟု အော်ဟစ်ကြပြီး အမေရိကန်တပ်ဖွဲ့ဝင်များ ချက်ချင်းရုတ်သိမ်းသွားရန် တောင်းဆိုကြသည်ဟု bdnews24 က ယနေ့ ရေးသားသည်။

လွန်ခဲ့သည့် တနင်္ဂနွေနေ့ အမေရိကန်၏ လေကြောင်းတိုက်ခိုက်မှု့တွင် “ ခါတတ်ဗ်ဟဇ်ဘိုလာ “ အီရတ်ပြည်သူ့စစ် တပ်ဖွဲ့ဝင် ၂၅ – ဦးသေဆုံးခဲ့ရပြီးနောက် ဒေါ်နယ်ထရမ့်အစိုးရအနေဖြင့် အရှေအလယ်ပိုင်းတွင် အကြီးမားဆုံး နိုင်ငံရေး အကြပ်အတည်းကို ရင်ဆိုင်ခဲ့ရသည်။ သမ္မတအိုဘားမားနှင့် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်တို့လက်ထက် လွန်ခဲ့သည့် ၂၀၁၂ -ခုနှစ် လစ်ဗျားနိုင်ငံ ဘင်ဂါဇီတွင် အစ္စလာမ်မစ်ပြည်သူ့စစ်များ လက်ချက်ဖြင့် လစ်ဗျားနိုင်ငံဆိုင်ရာ သံအမတ်ကြီးအပါအဝင် အမေရိကန်နိုင်ငံသား ၄-ဦး သေဆုံးခဲ့ရသည်။

အီရတ်ဝန်ကြီးချုပ် အဗ္ဗဒဲလ် အဗ္ဗဒူမာဒီနှင့် ဒေါ်နယ်ထရမ့်တို့ တယ်လီဖုန်းဆက်သွယ်စကားပြောဆိုစဉ် ဘဂ္ဂဒက်အမေရိကန်သံရုံးအတွက် အီရတ်နှင့် အမေရိကန်တပ်ဖွဲ့ဝင်များက လုံခြုံရေးအကာအကွယ်ပေးရန် လိုအပ်ကြောင်း ပြောဆိုခဲ့ကြပြီး ဘဂ္ဂဒက်သံရုံးတိုက်ခိုက်ခံရမှု့နှင့် နောက်ဆက်တွဲပျက်စီးဆုံးမှု့များအတွက် အီရန်အနေဖြင့် တန်ဖိုးကြီးမားစွာ ပေးဆပ်ရလိမ့်မည်ဖြစ်ကြောင်း အိမ်ဖြူတော်သတင်းထုတ်ပြန်ချက်၌ ဖောြ်ပထားသည်။

အီရန်အား သတိပေးနေခြင်းမဟုတ်ပဲ အမှန်ပြောဆိုခြင်းဖြစ်သည်ဟု ခြိမ်းခြောက်ခဲ့သော ဒေါ်နယ်ထရမ့်သည် သတင်းထုတ်ပြန်ပြီး နာရီအနည်းငယ်အကြာတွင် အီရန်နှင့် စစ်မက်ဖြစ်ပွားရသည်ကို မိမိမမြင်လိုကြောင်း ပြောဆိုသည်ဟု Russia Today က ယနေ့ရေးသားသည်။

လတ်တလောတွင် အရှေ့အလယ်ပိုင်းသို့ အမေရိကန်တပ်ဖွဲ့ဝင် ၇၅၀ ခန့် ချက်ခြင်းထပ်မံစေလွှတ်မည်ဖြစ်ကြောင်း၊ ၎င်းတို့သည် ကူဝိတ်တွင် တပ်စွဲလျှက် အမေရိကန်နိုင်ငံသားတို့နှင့် နိုင်ငံ့အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ရန် ဆီလျော်သည့် ကြိုတင်ဆောင်ရွက်မှု့များ ပြုလုပ်မည်ဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီး မတ်ခ်အက်စ်ပါက ပြောဆိုသည်။


ဘဂ္ဂဒက်၏ အခြေအနေမှာ ပေါက်ကွဲလုနီး ဆက်လက်ဖြစ်ပေါ်နေသည်။ နိုင်ငံတကာတွင် အကြီးဆုံး အမေရိကန်သံရုံးဖြစ်သော အဆောက်အအုံများတည်ရှိရာ ဝင်းအပြင်ဖက်တွင် ကန့်ကွက်ဆန္ဒပြသူများနှင့် အီရတ်ဟဇ်ဘိုလာ ပြည်သူ့စစ်တို့က ရက်ကာလ အကန့်အသတ်မရှိ နေရာယူဆန္ဒပြရန် ကတိပြုထားကြသည်ဆို၏။ အီရတ်နိုင်ငံအတွင်း အစောင့်အကြပ်အထူထပ်ဆုံးတည်ရာ အဆောက်အအုံဝင်းအား လူထောင်ချီစီးနင်း တိုက်ခိုက်နိုင်ခြင်းတွင် အီရတ်လုံခြုံရေးအရာရှိတို့၏ လိုလားစာနာမှု့ ပါဝင်နေနိုင်ကြောင်း သတင်း၌ ဆက်လက် ဖော်ပြသည်။

ယခုနောက်ဆုံးရရှိသော သတင်းများအရ ဘဂ္ဂဒက်သံရုံးရှိ အမေရိကန်တပ်ဖွဲ့ဝင်များက သံရုံးအား ဝန်းရံဆန္ဒပြလျှက်ရှိသူတို့ကို မျက်ရည်ယိုဗုံးအသုံးပြု လူစုခွဲလျှက်ရှိသည်။

(( ဟဇ်ဘိုလာတို့သည် အီရန်ကျောထောက်နောက်ခံပြု ပြည်သူ့စစ်များဖြစ်သည်။ ယခင်က လက်ဘနွန် ဒရုဇ်မွတ်စလင်တို့ဖြင့် ဖွဲ့စည်းထားသော အဆိုပါလက်နက်ကိုင်အဖွဲ့သည် စစ်ရည်စစ်သွေးပြည့်ဝ၍ ခေတ်မီလက်နက်များတပ်ဆင်ထားသည်။ အပြိုင်အပွဲပွဲနွှဲဖူးသော အစ္စရေးတို့ကိုယ်တိုင်ပင် ဟဇ်ဘိုလာတို့၏ တိုက်ရည်ခိုက်ရည်ကို အသိအမှတ်ပြုရသည်။ ဆီးရီးယားပြည်တွင်းစစ်တွင် အာဆတ်အစိုးရဘက်မှ ဝင်ရောက် ကူညီတိုက်ခိုက်ပေးလျှက်ရှိရာမှ လွန်ခဲ့သော နှစ်များတွင် အီရတ် ရှီအာမွတ်စလင်တို့ဖြင့် “ ခါတတ်ဗ်ဟဇ်ဘိုလာ “ ကို ဖွဲ့စည်းနိုင်ခြင်းဖြစ်သည်။

အရှေ့အလယ်ပိုင်းသားတို့သည် အမေရိကန်နှင့် ဥရောပတိုက်သားတို့ကို အူအသည်းထည်းမှ ခါးခါးသီး မုန်းတီးကြရာတွင် တူညီသည်။ ၎င်းတို့အပေါ်တွင် အနိုင်ကျင့် စော်ကားလွန်းသည်ဟု ယုံကြည်ကြ၍ဖြစ်သည်။ အသစ် ပေါ်ထွန်းလာသော အစ္စရေးနှင့်ပတ်သက်လာလျှင် ဘက်လိုက်လွန်းသော အမေရိကန်ကိုလည်း မုန်းတီးသည်။


စက်မှု့ကုန်ထုတ်လုပ်ငန်းတွင် ရေနံအကြီးအကျယ်လိုအပ်သော အမေရိကန်သည် ၁၉၅၁-တွင် ဆော်ဒီအာရေးဗီးယားထံမှ ရေနံအထောာက်အပံ့ကို စာချုပ်ချုပ်ဆို ရယူနိုင်ခဲ့သည်။ အပြန်အလှန်အားဖြင့် ဆော်ဒီ၏ အချုပ်အခြာကို အမေရိကန်က အာမခံသည်။ အီရန်နှင့်မူ စာချုပ်ချုပ်ဆိုနိုင်ခြင်းမရှိယုံမက အီရန်က ၎င်း၏ရေနံလုပ်ငန်းတစ်ခုလုံးကို နိုင်ငံပိုင် ပြုလုပ်ခဲ့သည်။ ထို့ကြောင့် အမေရိကန်နှင့် ဗြိတိန်တို့က ထိုစဉ်က အီရန်ဝန်ကြီးချုပ် ( ၁၉၅၃-ခုနှစ် ) ပြုတ်ကျစေရန် နောက်ကွယ်မှ ကူညီပေးခဲ့သည်။ ထိုနောက် အီရန်တွင် ဘုရင်စံနစ်ပြန်လည် ထွန်းကားလာပြီး ရေနံလုပ်ငန်းတွင် အနောက်နိုင်ငံများ ဝင်ရောက်လုပ်ကိုင်ခွင့်ရရှိသည်။ သို့သော် ရေနံထုတ်လုပ်သူများ OPEC အဖွဲ့က ဈေးနှုန်းကို ထိန်းချုပ်ထားသည်။

၁၉၇၂-ခုနှစ် ရေနံလိုအပ်ချက် ထပ်မံမြင့်တက်လာသော အမေရိကန်သည် အရှေ့အလယ်ပိုင်းမှ ၎င်း၏ တပ်များကို ရုတ်သိမ်းသွားသည်။ ၁၉၇၉-တွင် အီရန်၌ ဘုရင်စံနစ်တော်လှန်ရေးဖြစ်ပွားပြီး အစ္စလာမ်ဘာသာရေးခေါင်းဆောင်များ အာဏာရရှိခဲ့သည်။ ထိုစဉ်မှစတင်ကာ အနောက်နိုင်ငံများအနေဖြင့် အီရန်ရေနံကို လက်လွတ်ခဲ့ရသည်။ ကမ္ဘ့္ဘာစက်မှု့ကုန်ထုတ်လုပ်ငန်းလည်း ထိခိုက်သွားသည်။ အီရန်နှင့် အီရတ်တို့အကြား နယ်နိမိတ်အငြင်းပွားရာမှ စစ်မက်ဖြစ်ပွားသည်။ ၈-နှစ်ကြာ အိမ်နီးချင်းစစ်ပွဲတွင် အမေရိကန်နှင့် အနောက် အုပ်စုတို့က စစ်သင်္ဘောအများအပြားစေလွှတ်၍ ဝင်ရောက်စွက်ဖက်သည်။ နှစ်ဖက်စလုံးက မိမိတို့အနိုင်ရသည်ဆိုသော်လည်း စစ်ပြီး အီရတ်သည် ဆော်ဒီနှင့် ကူဝိတ်တို့ထံ လည်ပင်းခိုက်အောင် အကြွေးတင်သွားသည်။

ကမ္ဘ့္ဘာရေနံထုတ်လုပ်ရောင်းဝယ်မှု့သည်လည်း OPEC တို့ ထိန်းချုပ်နိုင်ခြင်း မရှိတော့ချေ။ သို့သော် အီရတ်သည် စစ်လက်နက်အများအပြား ကျန်ရှိခဲ့သည်ဖြစ်ရာ ကမ္ဘ္ဘာ့ စစ်အင်အား စတုတ္ထအကြီးဆုံးဖြစ်လာသည်။ ၁၉၉၀-ခုနှစ်တွင် အောက်ခြေလွတ်သွားသော ဆဒမ်ဟူစိန်သည် ကူဝိတ်အား ကျူးကျော်တိုက်ခိုက်သဖြင့် အမေရိကန် ဦးဆောင်ညွန့်ပေါင်းတပ်ဖွဲ့က စစ်ရေးဖြင့် ဆုံးမခြင်း ခံရသည်။

အမေရိကန်သည် ပင်လယ်ကွေ့နိုင်ငံများနှင့် သဘောတူစာချုပ်များချုပ်ဆိုနိုင်ခဲ့သည်။ ထိုနောက် လူအစုအပုံလိုက်သေဆုံးစေသော လက်နက်များ ထုတ်လုပ်နေသည်ဟု စွပ်စွဲကာ ၂၀၀၃-ခုနှစ်တွင် အီရတ်အား ထပ်မံဝင်ရောက်တိုက်ခိုက်သည်။ ဆဒမ်ဟူစိန်လည်း စစ်ရာဇဝတ်မှု့ ဖြင့် ကြိုးပေး အသတ်ခံရသည်။ ။ သတင်းဘာသာပြန်သူ ))

((( bdnews24., 01 Jan 2020, “Iraqi protesters attack embassy after US strike.” ကို #HtayOung #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ )))

#ဘဂ္ဂဒက်အမေရိကန်သံရုံး #ဟဇ်ဘိုလာ #အီရတ်-အီရန်နှင့်ပင်လယ်ကွှေစစ်ပွဲ

https://bdnews24.com/world/2020/01/01/iraqi-protesters-attack-embassy-after-us-strike

https://www.rt.com/news/477237-trump-threat-iran-iraq-protests/

https://www.rt.com/news/477233-iran-iraq-embassy-blame/

https://www.rt.com/news/477227-trump-iraq-iran-freedom/

https://www.rt.com/news/477243-iran-war-trump-not-happening/

https://www.rt.com/usa/477240-iraq-troops-kuwait-embassy/

0

Leave a Reply

Your email address will not be published.