ဘင်္ဂလားဒက်ရှ်အစိုးရသည် ရာနှင့်ချီသော အလုပ်သမားများလူကုန်ကူးခံရမှု၌ မသင်္ကာသူ ကွင်းဆက်တရားခံ နိုင်ငံသား ၅-ဦးကို နိုင်ငံကူးလက်မှတ်ဆိုင်းငံ့လိုက်ပြီး ၎င်းတို့ရောက်ရှိနေသည့် ဘရူးနိုင်းနိုင်ငံက ဖမ်းဆီးပြန်ပို့ပေးရန် မေတ္တာရပ်ခံလိုက်သည်ဟု ဘင်္ဂလားအခြေစိုက် bdnews24 က ယမန်နေ့ရေးသားသည်။
၎င်းတို့သည် ချမ်းသာသော အရှေ့တောင်အာရှနိုင်ငံများတွင် အလုပ်အကိုင် ရရှိစေရမည်ဟု
မက်လုံးပေးကာ အမေရိကန်ဒေါ်လာငွေ ထောင်ချီရယူခဲ့ပြီး
လုံးဝဆောင်ရွက်ပေးခြင်းမရှိကြောင်း အလုပ်သမားတို့၏
တိုင်ကြားစာများကိုလက်ခံရရှိခဲ့သည်ဟု ဘရူးနိုင်းဆိုင်ရာဘင်္ဂလားဒက်ရှ်သံအမတ်ကြီး
မာမွတ်ဟူစိန်က ပြောဆိုသည်။
ငါးပွက်ရာ ငါးစာချသည့် ယခုကဲ့သို့ ကိစ္စမျိုး
ရာဇဝတ်မှုခင်းအကြီးစားအထိဖြစ်မလာရအောင် ပထမအဆင့်အနေဖြင့် ကျူးလွန်သူတို့၏
နိုင်ငံကူးလက်မှတ်များကို ဆိုင်းငံ့ထား၍ ဘရူးနိုင်းမှ
ပြန်ပို့ရန်စီစဉ်လျှက်ရှိသည်ဆို၏။
အဆိုပါကျူးလွန်သူတို့သည် ဘင်္ဂလားဒက်ရှ်နိုင်ငံသားတစ်ဦးချင်းထံမှ အမေရိကန်ဒေါ်လာ
၄,၀၀၀ ခန့်စီ အသီးသီးရယူခဲ့ကြပြီး၊ အလုပ်ရှာမပေးခြင်း၊
ကတိပေးထားသည့်အတိုင်းမဟုတ်ပဲ အလွန်နည်းပါးသည့် အလုပ်အကိုင်များသာ ရှာပေးခြင်း၊
ဆင်ခြေပေးသူများအား ပြန်လှန်ခြိမ်းခြောက်သည်ဟု ဘင်္ဂလားဒက်ရှ်သံရုံးသို့
တိုင်ကြားကြခြင်းဖြစ်သည်။
ဗြိတိသျှ ထိမ်းသိမ်းစောင့်ရှောက်ခံဖြစ်ခဲ့ဖူးသော ဘရူနိုင်းတွင်
ဘင်္ဂလားဒက်ရှ်နိုင်ငံသား ၂၅,၀၀၀ ခန့်ရှိနေပြီး ဆောက်လုပ်ရေးလုပ်ငန်း သို့မဟုတ်
ပုဂ္ဂလိကလုပ်ငန်းများတွင်သာ အများဆုံး အလုပ်လုပ်ကိုင်နေကြရသည့်
ခေါင်းပုံဖြတ်ခံလူမျိုးတစ်မျိုးအဖြစ် မျက်နှာငယ်လျှက်ရှိကြောင်း သံအမတ်ကြီးက
ပြောဆိုသည်။
ဘင်္ဂလားဒက်ရှ်သည်လည်း ကမ္ဘာ့ပေါ်တွင် အလုပ်သမားအများဆုံး စေလွှတ်သော
နိုင်ငံဖြစ်ခဲ့သည်။ ပို့လွှတ်သော အလုပ်သမားအရေအတွက်မှာ ၂၀၁၇-ခုနှစ်
အစိုးရစာရင်း၌ပင် ၁ သန်းကျော်ဖြင့် အများဆုံး ဖြစ်ခဲ့သည်။
သို့သော် နိုင်ငံ၏ ဘဏ္ဍာငွေအား တစ်ဖက်တစ်လမ်းမှ ဖြည့်တင်းပေးသော ၎င်းလုပ်ငန်းတွင်
လိုင်စင်မဲ့ပွဲစားများ၊ လူကုန်ကူးသူများနှင့် လိမ်လည်မှုများ
မင်းမူလျှက်ရှိသည်။
ယခုကဲ့သို့ ဘင်္ဂလားဒက်ရှ်အစိုးရ၏ အရေးယူမှုမျိုးကို ထောက်ခံသူများရှိနေပြီး
ထိရောက်စွာ ကိုင်တွယ်ခြင်း မရှိလျှင် ဘရူနိုင်းသို့ သွားရဲသူမရှိဖြစ်နိုင်သည်ဟု
ပြောဆိုသည်။
ဘင်္ဂလာဒက်ရှ်နှင့် ဘရူနိုင်းတို့သည် လူကုန်ကူးမှုနှင့်ပတ်သက်၍ အမေရိကန်အစိုးရ၏ စောင့်ကြည့်စာရင်းဝင် ဖြစ်နေပြီး သက်ဆိုင်ရာနိုင်ငံတို့က ထိရောက်စွာအရေးယူခြင်းမရှိလျှင် နိုင်ငံတကာအကူအညီများ ရရှိခြင်းမှ ကန့်သတ်ပိတ်ဆို့ရမည့် အဆင့်ဝင်များအဖြစ် သတ်မှတ်ထားသည်။
(( လွန်ခဲ့သောနှစ်များတွင် အိမ်နီးချင်း အိန္ဒိယနှင့် ဘင်္ဂလားဒက်ရှ်တို့၌ နိုင်ငံ့စီးပွားရေတိုးတက် အောင်မြင်လာသည်ကို တွေ့ရှိရသည်။ တိုးတက်ဖွံ့ဖြိုးရေး နည်းဗျူဟာများအနက် အကျင့်ခြစားမှုအား ထိရောက်စွာတိုက်ဖျက်ခြင်းမှာတစ်ခုအပါဝင်ဖြစ်လေသည်။ ဝိသမလောဘသား တို့သည် စားနေကျ ကြောင်ဖားကြီးများဖြစ်ကြ၍ အာဏာရပါတီတစ်ရပ်၊ လုပ်ပိုင်ခွင့်ရှိသော အဖွဲ့အစည်းတစ်ခုခု ဘုန်းရိပ်ကံရိပ်တွင် ခိုလှုံနိုင်လျှင် ဘေးမသီ ရန်မခ ရှိတတ်ကြောင်း ကောင်းစွာ နားလည်ပြီးဖြစ်သည်။ အနှစ်မဲ့သော စပါးနှံတို့ ခေါင်းတထောင်ထောင် ရှိတတ်သည်။
ြဗူရိုကရေစီနှင့် ကြိုးနီစံနစ်ဆိုသည်မှာ ရာစုနှစ်ချီအသားကျနေလျှင် ပြုပြင်ရန် အတော်လက်ဝင်သည်။ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုသည်မှာလည်း အလှမ်းမတော်လျှင် နိုင်ငံရေးပြိုင်ဘက်များအား နှိပ်ကွပ်သည့် ပါးကွက်သားအဖွဲ့ဖြစ်သွားသည်။ ပေဖြစ်တုန်းက ခံခဲ့ရသမျှအာဃာတတို့ဖြင့် တူဖြစ်ချိန် အသားကုန် နှံလိုက်ရန် လက်ကိုင်ဒုတ်ဖြစ်တတ်သည်။
နိုင်ငံအတော်များများတွင် ပြည်သူလူထုအား ဒုက္ခအပေးဆုံးမှာ လွဲမှားသော စီမံခန့်ခွဲမှုနှင့် အကျင့်ပျက်ခြစားမှုဖြစ်လေ့ရှိပါသည်။ အိတ်ပေါက်နှင့် ဖားကောက်၊ အမြင့်ပျံတက်မည့် နိုင်ငံ့စီးပွားရေးအား ခဲဆွဲသလိုလုပ်နေသော အကြောင်းရင်းများကို သုတ်သင်ရှင်းလင်းရာတွင် တစ်ရစ်ချင်း၊ တစ်ထစ်ချင်း ဟန်ချက်ညီညီ ဆောင်ရွက်နိုင်လျှင် လုပ်နိုင်သလောက် အကျိုးရှိကြောင်း အဆိုပါနိုင်ငံများက လက်တွေ့သက်သေပြနေပါ၏။
ဤသည်မှာ အရည်အချင်းပြည့်ဝသော အုပ်ချုပ်ရေးအဖွဲ့အစည်းကောင်းဖြစ်ကြောင်း အားကိုးယုံကြည်ထိုက်သည့် မှတ်ကျောက်လည်းဖြစ်သည်။ ။ သတင်းဘာသာပြန်သူ ))
( အောက်တိုဘာ – ၀၅၊ ၂၀၁၉ ) bdnews24., 04 Oct 2019, “Bangladesh asks Brunei to deport suspects in human trafficking ring.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။
