ဘင်္ဂလားဒက်ရှ်စစ်သွေးကြွတို့က ၎င်းတို့အား သစ္စာခံဟု အိုင်စစ်ခေါင်းဆောင်သစ်ပြောဆို။ ဓါတ်ပုံသက်သေ အထောက်အထားဆိုသည်တို့ မီဒီယာများတွင်ဖော်ပြ

ဘင်္ဂလားဒက်ရှ်နိုင်ငံအတွင်းစစ်သွေးကြွတို့သည် အစ္စလာမ်မစ်နိုင်ငံတော်ထူထောင်သူ အဘူဘေကာအယ်လ်ဘက္ကတာဒီ၏ နေရာတွင် ဆက်ခံသူ အဘူ အီဘရာဟင် အယ်လ် ဟက်ရှီမီ အယ်လ် ကူရက်ရှီအား ခေါင်းဆောင်သစ်အဖြစ် သစ္စာခံကြောင်း လတ်တလောနိုင်ငံတကာမီဒီယာများက ရေးသားကြသည်ဟု Dhaka Tribune က ယနေ့ဖော်ပြသည်။

ယခုအဖြစ်အပျက်သည် အိုင်အက်စ်ခေါင်းဆောင်သစ်အား အီဂျစ်ဆိုင်းနိုင်းဒေသမှ စစ်သွေးကြွတို့နည်းတူ နိုင်ငံတကာကွန်ယက်တို့က ထောက်ခံသည့် အစောဆုံး အမှတ်အသားဖြစ်ကြောင်း New York Times အဆိုအရ သိရှိရသည်။

စနေနေ့ Nasher သတင်းအေဂျင်စီက ဖော်ပြသည့် သတင်းဓါတ်ပုံများအရ စစ်သွေးကြွတို့ သတင်းထုတ်ပြန်ချက်ကို သိရှိကြရခြင်းဖြစ်သည်။ အဆိုပါဓါတ်ပုံတွင် ဘင်္ဂလားဒက်ရှ်မှဟု ဖော်ပြသူတစ်စုတို့က အနက်ရောင် သေမင်းတမန်အလံနောက်ခံပြုလျှက် မတ်တပ်ရပ်နေသည်ကို တွေ့မြင်ကြရသည်။ မျက်နှာကို ဖုံးအုပ်ထားသော ၎င်းတို့သည် လက်ညှိုးကို ထောင်လျှက်ပြသခြင်းမှာ ခေါင်းဆောင်သစ်အား သစ္စာခံကြောင်းဆိုလိုခြင်းဖြစ်သည်ဟု သတင်းမှတ်ချက်ရေးသားထားသည်။

New York Times ကမူ ရိုင်ဖယ်သေနတ်များနှင့် အလားတူလက်ညှိုးထောင်လျှက် သစ္စာပြုဟန်ရှိသော အီဂျစ် ဆိုင်းနိုင်းစစ်သွေးကြွများ၏ ဓါတ်ပုံကို ဖော်ပြသည်။

ဤသည်မှာ နိုင်ငံအတွင်း အိုင်အက်စ်စစ်သွေးကြွတို့ မရှိကြောင်း ဘင်္ဂလားဒက်ရှ် အစိုးရနှင့် တရားဥပဒေစိုးမိုးရေးအေဂျင်စီတို့က ထပ်မံငြင်းဆိုရန် အချိန်ကျရောက်လာခြင်းဖြစ်သည်။ ဘင်္ဂလားဒက်ရှ်နိုင်ငံအတွင်း အကြမ်းဖက်တိုက်ခိုက်ခံရမှုများမှာ ပြည်တွင်းနေ စစ်သွေးကြွတို့လက်ချက်သာဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနနှင့် လုံခြုံရေးအေဂျင်စီတို့က အစဉ်တစိုက် အကြိမ်ကြိမ်ပြောဆိုခဲ့ကြသည်။

၂၀၁၅-ခုနှစ်နောက်ပိုင်း ဘင်္ဂလားဒက်ရှ်နိုင်ငံအတွင်း အကြိမ် ၄၀ နီးပါး တိုက်ခိုက်ခံရမှု့များစွာဖြစ်ပေါ်ခဲ့ရာ ဒေသန္တရစစ်သွေးကြွတို့၏ အကြမ်းဖက်မှု့ဖြစ်ကြောင်း အစိုးရက မှတ်ယူလေ့ရှိပြီး အိန္ဒိယတိုက်ငယ်အယ်လ်ကိုင်ဒါအဖွဲ့ ( AQIS )နှင့် အိုင်စစ် ISISတို့ကလည်း ၎င်းတို့လက်ချက်အဖြစ် ကြေညာသည်ချည့်ဖြစ်သည်ဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန၏ “ ၂၀၁၈-ခုနှစ် အကြမ်းဖက်ဆိုင်ရာ အစီရင်ခံစာ “Report on Terrorism in 2018 ၌ ဖော်ပြထားသည်။

အဘူဘေကာအယ်လ်ဘက္ကတာဒီသည် အောက်တိုဘာ ၂၆ ရက်နေ့ ဆီးရီးယားနိုင်ငံ အနောက်မြောက်ပိုင်းတွင် အမေရိကန်အထူးတပ်ဖွဲ့များ စီးနင်းစဉ် သေဆုံးခဲ့ပြီး ၎င်း၏ ရုပ်ကလာပ်ကို ၂၄-နာရီအတွင်း ပင်လယ်ပြင်၌ သြင်္ဂိုလ်ခဲ့သည်။

အိုင်အက်စ်ခေါင်းဆောင်သေဆုံးကြောင်း အတည်ပြုသူတစ်စု၏ အွန်လိုင်းတွင် လွှင့်တင်သော အသံသွင်းပြောကြားချက်တွင် ဆက်ခံသူအဖြစ် အဘူ အီဘရာဟင် အယ်လ် ဟက်ရှီမီ အယ်လ် ကူရက်ရှီအား တင်မြှောက် ကြောင်းပါရှိသည်။

(( လွန်ခဲ့သည့် နိုဝင်ဘာ ၁-ရက်နေ့တွင် ထုတ်ဝေသော အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဋ္ဌာန၏ “ ၂၀၁၈-ခုနှစ် အကြမ်းဖက်ဆိုင်ရာ အစီရင်ခံစာ “ တွင် အကြမ်းဖက်အဖွဲ့အစည်းတို့သည် လူမှု့ကွန်အသုံးပြု၍ ဘင်္ဂလားဒက်ရှ် နိုင်ငံအတွင်း ၎င်းတို့၏ သဘောတရားအမြင်ဖြန့်ဝေခြင်း လူသစ်တောင်းခံခြင်းများပြုလုပ်သည်ဟု ဖော်ပြထားသည်။ အိုင်စစ်နှင့် ဒေသတွင်းအယ်လ်ကိုင်ဒါ AQIS တို့၏ ဝဘ်ဆိုက်များး၌ လွှင့်တင်သည့် များစွာသော စာအုပ်၊ ဗွီဒီယိုစသည်တို့တွင် ဘင်္ဂလားဒက်ရှ်ရုပ်ဆင်းအသွင်ပေါက်သူ စစ်သွေးကြွတို့အား တွေ့မြင်ရကြောင်းဖော်ပြထားသည်။

၎င်းနိုင်ငံအတွင်း အယ်လ်ကိုင်ဒါ၊ အိုင်အက်စ်တို့မရှိပဲ ဖြစ်ပွားခဲ့သော အကြမ်းဖက်ခံရမှုများမှာ ပြည်တွင်းစစ်သွေးကြွတို့ကျူးလွန်သော အကြမ်းဖက်မှုများသာ ဖြစ်ကြောင်း ဘင်္ဂလားဒက်ရှ်က အစဉ်အမြဲ ငြင်းဆိုသည်။ သို့သော် ဘင်္ဂလားဒက်ရှ်ပြည်တွင်း ဂျီဟဒ်ဝါဒီစစ်သွေးကြွတို့သည် အကြမ်းဖက်အဖွဲ့အစည်းများအား ငွေကြေးထောက်ပံ့သည့် ပါကစ္စတန်အခြေစိုက် NGO များ၊ ဂျာအစ်ရှ်အီးမိုဟာမက် ( JeM ) ကဲ့သို့ ကက်ရှ်မီးယားစစ်သွေးကြွတို့၏ အကူအညီရရှိနေကြောင်း၊ လက်ရှ်ခါအီးတိုင်ဘာ ( LeT ) ကဲ့သို့ ပါကစ္စတန်ထောက်လှမ်းရေး ကျောထောက်နောက်ခံပြု အကြမ်းဖက်အဖွဲ့က စခန်းချစစ်ရေးလေ့ကျင့်ပေးနေကြောင်း စွပ်စွဲသူမှာ အိန္ဒိယထောက်လှမ်းရေးဖြစ်သည်။

စိတ်ဝင်စားဖွယ်ကောင်းသည်မှာ လွန်ခဲ့သော ၂၀၁၉ သြဂုတ် ၂၅ တွင် တက္ကနဖ်စခန်း၌ ဒုက္ခသယ်ဘင်္ဂါလီများ၏ “ ဘင်္ဂါလီများ အစုအပုံလိုက် ထွက်ခွာခြင်း “ ၂-နှစ်ပြည့် ဆုတောင်းပွဲမှာ အယ်လ်ကိုင်ဒါအကြမ်းဖက်အဖွဲ့အစည်းနှင့် ဆက်နွယ်သော ပါကစ္စတန်အခြေစိုက် အယ်လ်ခစ်မက်ဖောင်ဒေးရှင်း Al-Khidmat Foundation က စီစဉ်ပေးခဲ့ကြောင်း အိန္ဒိယနှင့် ဘင်္ဂလားဒက်ရှ်သတင်းစာများက ရေးသားကြခြင်းဖြစ်သည်။

ထိုအစည်းအဝေးအား ဦးဆောင်သူမှာ ငြိမ်းချမ်းရေးနှင့် လူ့အခွင့်ရေးဆိုင်ရာ အာရကန်ရိုဟင်ဂျာအသင်း၏ ဥက္ကဋ္ဌဖြစ်သူ မိုဟီဘူလာဖြစ်သည်။ ၎င်းသည် ဇူလိုင်လတွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် တွေ့ဆုံ၍ ဘင်္ဂါလီများအပေါ် ရက်စက်ဖိနှိပ်မှုအကြောင်း ပြောကြားခဲ့သူအဖြစ် လူသိများသည်။ မိုဟီဘူလာ ( မူဟစ်အူလာ) သည် ပါကစ္စတန်အစွန်းရောက်တို့လေ့ကျင့်ပေးထားသော အကြမ်းဖက်သမားဖြစ်သည်ဟု အိန္ဒိယနှင့် ဘင်္ဂလားဒက်ရှ်မီဒီယာများ စွပ်စွဲဖော်ပြခြင်းဖြစ်သည်။ ။ သတင်းဘာသာပြန်သူ ))

((( Dhaka Tribune., November 3rd, 2019, “IS says Bangladeshi militants support new leader.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ )))

https://www.dhakatribune.com/bangladesh/2019/11/03/is-says-bangladeshi-militants-support-new-leader

http://www.israelnationalnews.com/News/News.aspx/270974

https://time.com/5716061/isis-leader-baghdadi-hashimi-al-quarashi/

https://btnews.online/isis-linked-terror-groups-in-egypt-and-bangladesh-pledge-allegiance-to-new-isis-terrorist-in-chief/

1+

Leave a Reply

Your email address will not be published.