ဘင်္ဂလားဒက်ရှ်တပ်မတော် တောင်အာရှ၌ အိန္ဒိယ-ပါကစ္စတန်ပြီးလျှင် တတိယအင်အားအကြီးဆုံးဖြစ်ပြီ။ ကမ္ဘာ့အဆင့် ၁၃၇ နိုင်ငံတွင် ၁၁-ဆင့် ခုန်တက်၍ စစ်အင်အားအဆင့် ၄၅ ဖြစ် လာ။

၂၀၁၉-ခုနှစ် နိုင်ငံတကာစစ်အင်အားအညွှန်းကိန်းသတ်မှတ်ရာတွင် ဘင်္ဂလားဒက်ရှ်တပ်မတော်သည် တောင် အာရှဒေသတွင်း၌ အိန္ဒိယ-ပါကစ္စတန်ပြီးလျှင် တတိယအင်အားအကြီးဆုံးဖြစ်လာသည်ဟု Dhaka Tribune က ယမန်နေ့ရေးသားသည်။

ဘင်္ဂလားဒက်ရှ်တပ်မတော်သည် နိုင်ငံတကာစစ်အင်အားအညွှန်းကိန်း Global Firepower တွင် ယခင်နှစ် အဆင့် ၅၆ ရှိခဲ့ပြီး ယခုနှစ်တွင် ၁၁ ဆင့် ခုန်တက်ကာ အဆင့် ၄၅ ၌ ရပ်တည်နိုင်ခြင်းဖြစ်သည်ဆို၏။

တောင်အာရှဒေသတွင် အိန္ဒိယသည် စစ်အင်အားအကြီးဆုံးဖြစ်၍ ပါကစ္စတန်သည် ဒုတိယလိုက်သည်။

ကမ္ဘာ့ ၁၃၇ နိုင်ငံတို့၏ စစ်အင်အားကို အညွှန်းကိန်းသတ်မှတ်ရာတွင်မူ အိန္ဒိယသည် အဆင့်- ၄၊ ပါကစ္စတန် -၁၅၊ အာဖဂန်နစ္စတန် – ၇၄၊ သီရိလင်္ကာ – ၉၀၊ နီပေါ – ၁၂၀၊ ဘူတန် – ၁၃၇ အသီးသီးရပ်တည်နေကြပြီး မော်လဒိုက်အား အညွှန်းကိန်းသတ်မှတ်ရာ၌ ထည့်သွင်းခြင်းမရှိချေ။

အညွှန်းကိန်းသတ်မှတ်ရာတွင် နိုင်ငံတစ်နိုင်ငံ၏ ကြည်း-ရေ-လေတပ်ဖွဲ့တို့၏ သမားရိုးကျလက်နက်အသုံးပြု၍ စစ်ဆင်နိုင်သောအလားအလာများကို တွက်ချက် အဆင့်ပေးခြင်းဖြစ်သည်။

ဤတွင် ဘင်္ဂလားဒက်ရှ်တပ်မတော်သည် ထိုက်တန်စွာ အဆင့် ရပ်တည်နိုင်ခြင်းဖြစ်သည်ဆို၏။

ဘင်္ဂလားဒက်ရှ်တပ်တော်တွင် တပ်ဖွဲ့ဝင် ၁၆၀,၀၀၀ ဖြင့် ဖွဲ့စည်းထားသည်။ ရဟတ်ယာဉ်ပိုင်ဆိုင်မှုအဆင့် – ၅၄ ဖြင့် လေတပ်ချီအင်အားတွင် ကမ္ဘာအဆင့် ၅၃ အဖြစ် ရရှိထားသည်။ တိုက်ပွဲဝင်တင့်ကား – ၃၄၀၊ တိုက်ခိုက် ရေး သံချပ်ကာယာဉ် – ၅၂၁၊ ကိုယ်တိုင်ရှေ့ပြောင်းပစ်ခတ်နိုင်သော အမြောက်ကြီး ၁၈ ယူနစ်။ တွဲဆွဲအမြောက် ကြီး ၃၄၀၊ ရော့ကက် ၃၆ စင်းတို့ကို ပိုင်ဆိုင်သည်။

ရေတပ်မတော်တွင် ကောဗက်စစ်ရေယာဉ်များနှင့် ဖရီဂိတ်စစ်သင်္ဘာ ၆-စီး ရှိသည်။ ရေငုတ်သင်္ဘော ၂-စီး၊ ကင်းလှည့်ရေယာဉ် ၂၆-စီး၊ မိုင်းသင်္ဘော ၄-စီးတို့ကို ပိုင်ဆိုင်၍ ရေကြောင်းအခြေခံယူနစ် ၈၉ ရှိသည်။

အမေရိကန်တပ်မတော်သည် ကမ္ဘာ့အညွှန်းကိန်းတွင် အဆင့် – ၁ ၌ ရပ်တည်သည်။ ၎င်းနောက်တွင် တရုတ်-ရုရှားတို့ ရှိနေပြီး အစဉ်အလိုက်အားဖြင့် အိန္ဒိယ၊ ပြင်သစ်၊ ဂျပန်၊ တောင်ကိုရီးယားနှင့် ဗြိတိန်တို့က အသီးသီး ရပ်တည်နေကြသည်။

(( ကျွန်တော်များဆီတွင် ခေါင်းကို ပျားတုပ်သည်မှာ နာကျင်လွန်းလှသဖြင့် လှည်းဘီးအောက် ခေါင်းထိုးခံသော မြွေများပေါများလှသည်။ စစ်ပွဲဆိုသည် နိုင်ငံရေးနည်းဖြင့် ကိုင်တွယ်မရသည့်အဆုံးတွင် အသုံးပြုရသော အဖြေ ထုတ်နည်းဖြစ်၍ စစ်ပွဲဖြင့်ဆုံးဖြတ်ရာတွင် မည်သူမှန်သည်ဆိုခြင်းအပေါ်မူမတည်ပဲ မည်သူတွေ ကျန်ရစ်သည် ဟု ရလာဒ်အပေါ် အခြေခံသည်ဟု သင်္ချာ၊ သမိုင်းနှင့် ဒဿနပညာရှင် နိုဘယ်ဆုရ ဘာထရန်ရပ်ဆဲလ်က ဆိုပါသည်။

ကျွန်တော်တို့သည် ဂျာမန်နှင့် ဂျပန်တွင် ကိုယ်ပိုင်စစ်တပ်မရှိဟုလည်း လေဖမ်းဝါးတန်းချည်နေကြသည်။ အချက်အလက်ပေါင်း ၅၀ ကို မူတည်အမှတ်ပေး၍ သတ်မှတ်သော Global Firepower ( GFP ) ညွှန်းကိန်း Index ဆိုသည်မှာ အလကားဟာကြီးဟုလည်း ဘာကိုကြည့်၍ ပြောမှန်းမသိ ပြောဆိုကြသည်။ သို့သော်လည်း ပညာရှင်နှင့် အရပ်သားများကြား နိုင်ငံတကာသုံးဖြစ်သည်မှာ အမှန်ပင်။

မြန်မာသည်အရှေ့တောင်အာရှအုပ်စုတွင်ပါဝင်၍ တောင်အာရှ၌ မဟုတ်ပါ။ ၂၀၁၇ ခုနှစ်တွင် နိုင်ငံတကာ GFP အဆင့် – ၃၁၊ ၂၀၁၉-ခုနှစ်တွင် အဆင့် ၃၇ ရှိသည်။  အာရှတိုက်တစ်ခွင်လုံးအနေဖြင့်မူ အဆင့် ၁၆  ၌ ရပ်တည် သည်။ ကာကွယ်ရေးအသုံးစရိတ် အမေရိကန်ဒေါ်လာ ၂.၄ ဘီလျှံ ပြည်ပကြွေးမြီ ၆.၅ ဘီလျှံ ရှိသည်။

ဘင်္ဂလားဒက်ရှ်သည် ၂၀၁၉-ခုနှစ်တွင် နိုင်ငံတကာအဆင့် ၄၅ ၊ အာရှတိုက်တစ်ခွင်လုံးအနေဖြင့်မူ အဆင့် ၁၈  ၌ ရပ်တည်သည်။ ကာကွယ်ရေးအသုံးစရိတ် အမေရိကန်ဒေါ်လာ ၁.၆ ဘီလျှံ ပြည်ပကြွေးမြီ ၅၀.၃ ဘီလျှံ ရှိသည်။

ဘင်္ဂလားဒက်ရှ်သည် ဒီမိုကရေဒီဆန္ဒမဲစနစ်နိုင်ငံဖြစ်သော်လည်း စစ်တပ်သည် လွှတ်တော်နှင့် အစိုးရအပေါ် သြဇာညောင်းသည်မှာ ဖွဲ့စည်းပုံ၌ မပါချေ။ အဓိက ပါတီကြီးနှစ်ရပ်အကြား နိုင်ငံရေးအားပြိုင်ရာမှ အဓိကရုန်း များဖြစ်တိုင်း စစ်တပ်က ကြားဝင်ထိန်းရ၍ဖြစ်သည်။ ထို့ကြောင့် ဦးပိုင်စီးပွားရေးလုပ်ငန်းများထူထောင်ကာ စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်ခွင့်ရရှိထားသည်။   ။ သတင်းဘာသာပြန်သူ ))

( အောက်တိုဘာ – ၀၁၊ ၂၀၁၉ ) ((( Dhaka Tribune., September 30th, 2019, “Bangladesh Army named 3rd most powerful in South Asia, 45th in the world.” ကို #HtayOung, #OungMarine ဆီလျှော်အောင်ကောက်နှုတ် ဘာသာပြန်ဆိုသည်။ )))

https://www.dhakatribune.com/bangladesh/2019/09/30/bangladesh-army-named-3rd-most-powerful-in-south-asia-45th-in-the-world

https://www.globalfirepower.com/countries-listing.asp

2+

Leave a Reply

Your email address will not be published.