ဘင်္ဂလားဒက်ရှ်တွင် ဆားပြတ်လပ်မည့် ကောလဟလသတင်းထွက်။ ကြောက်လန့်တကြား ဆား ဝယ်ယူနေကြ။ ကြက်သွန်နီဈေး မြင့်တက်ရာမှ ထိုးစိုက်ကျဆင်း

ဘင်္ဂလားဒက်ရှ်တွင် ဈေးကွက်အတွင်း ဆားဝင်ရောက်မှု လျှော့နည်းလျှက်ရှိပြီး မကြာမီဆားပြတ်လပ်မည့်အကြောင်း ကောလဟလပြန့်နှံ့လျှက်ရှိရာ နိုင်ငံအတွင်း မြို့ကြီးများ၌ လူအများ ကြောက်လန့်တကြား အလုအယက် ဆား ဝယ်ယူနေကြသည်ဆို၏။

ဆားပြတ်လပ်မည်ဆိုခြင်းမှာ မသမာသူများက ဖြန့်ဝေခြင်းသော သတင်းအမှားသာဖြစ်၍ လိုသလောက်ရောင်းချပေးရန် ဆားအလုံအလောက်ရှိနေကြောင်း၊ ဆားပေါ်ရာသီ လာမည့်ဒီဇင်ဘာလတွင် နောက်ထပ် ဆားအသစ်ထပ်မံဝင် ရောက်လာဦးမည်ဖြစ်ရာ ပြည်သူများအနေဖြင့် စိုးရိမ်ရန်မရှိကြောင်း၊ သတင်းမှားဖြန့်ဝေသူတို့ကို ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူမည်ဖြစ်ကြောင်း ဘင်္ဂလားဒက်ရှ် စက်မှု့ဝန်ကြီးဋ္ဌာန၏ ယနေ့သတင်းထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ဈေးကွက်တွင် ဆားလျှော့နည်းခြင်းမရှိသည့်အပြင် ဆားပြတ်လပ်မည်ဆိုခြင်းမှာလည်း မည်သို့မျှ မဖြစ်နိုင်ကြောင်း၊ ဘင်္ဂလားဒက်ရှ်၏ အိမ်သုံးဆားလိုအပ်ချက်မှာ လစဉ်တန်ချိန် ၁၀၀,၀၀၀ ရှိပြီး၊ အစိုးရလက်ဝယ်တွင် အရံဆားတန်ချိန် ၆၀၀,၀၀၀ ရှိနေ၍ ဈေးကွက်အတွင်း ဆားတန်ချိန် ၆၅၀,၀၀၀ ရှိရာဆားပြတ်လပ်မည်ဆိုခြင်းမှာ မည်သို့မျှ မဖြစ်နိုင်ကြောင်း၊ မသမာသူ အစုအဖွဲ့တို့သည် ဆားပြတ်လပ်မည်ဟု ကောလဟလ သတင်းမှားများကို ဖြန့်ဝေလျှက်ရှိကြောင်း၊ လူမှု့ကွန်ယက်၌ဖြစ်စေ အခြားမည်သည့်နည်းလမ်းဖြင့်ဖြစ်စေ သတင်းအမှားကို ဆက်လက်ဖြန့်ဝေခြင်း မပြုကြရန်နှင့် ဖြန့်ဝေသူတို့မှာလည်း တရားဥပဒေအရ အရေးယူခြင်း ခံကြရမည်ဖြစ်ကြောင်း စက်မှု့ဝန်ကြီးဋ္ဌာန သတင်းထုတ်ပြန်ချက်၌ ဖော်ပြထားသည်ဟု bdnews24 ဒစ်ဂျစ် တယ်မီဒီယာက ယနေ့ရေးသားသည်။

ဘင်္ဂလားဒက်ရှ်နိုင်ငံတွင် လွန်ခဲ့သည့် စက်တင်ဘာလ အိန္ဒိယနိုင်ငံက ကြက်သွန်နီတင်ပို့မှု့ ရပ်ဆိုင်းချိန်မှစ၍ ဈေးကွက်အတွင်း ကြက်သွန်နီအဝင်လျှော့နည်းမှု့ဖြစ်ပေါ်ခဲ့သည်။ လွန်ခဲ့သည့် ရက်သတ္တပတ်ကျော်တွင် ကြက်သွန်နီလက်လီဈေးမှာ တစ်ကီလိုလျှင် #မြန်မာငွေ ၂,၆၈၃ ကျပ်ခန့် ရှိရာမှ ဆိုင်ကလုန်း ဘူလ်ဘူလ် ဖြတ်သန်းသွားအပြီး နှစ်ရက်အတွင်း ၃,၂၂၀-ကျပ်ခန့်သို့ ခုန်တက်ခဲ့သည်။ ထိုမှ ဈေးနှုန်းများ ဆက်လက်မြင့်တက်ခဲ့ရာတွင် ၄,၄၇၁-ကျပ်ခန့် အထိဖြစ်လာသည်ကိုတွေ့ရသည်။ တူရကီနှင့်အီဂျစ်နိုင်ငံထံမှဝယ်ယူထားသော ကြက်သွန်နီများ ၂-ရက်အတွင်း ကုန်တင်လေယာဉ်ဖြင့် ရောက်ရှိလာမည်ဖြစ်ကြောင်း၊ ကြားကာလတွင် ကြက်သွန်နီမသုံးရသည့် ဟင်းလျှာများဖြင့် အစားထိုးသည်းခံပေးကြပါရန် ရှိတ်ဟာစီနာကိုယ်တိုင် မေတ္တာရပ်ခံခဲ့ပြီးနောက် တစ်ကီလိုလျှင် မြန်မာငွေ ၃,၅၇၇-ကျပ်ခန့်သို့ ကျဆင်းသွားသည်။

လွန်ခဲ့သည့် တနင်္လာနေ့တွင်မူ ဒေသအလိုက် ကြက်သွန်နီတစ်ကီလိုလက်လီရောင်းဈေး မြန်မာငွေ ၂,၆၈၃ ကျပ်ခန့်သို့ တဖန်ပြန်လည်ကျဆင်းသွားကြောင်းတွေ့ရှိရသည်။ ဈေးနှုန်းမြင့်မားခဲ့သော #မြန်မာနိုင်ငံမှကြက်သွန်နီများမှာ လတ်ဆပ်မှု့ ကျဆင်းပြီး တစ်ကီလိုလျှင် မြန်မာငွေ ၁,၄၃၁-ကျပ်အထိ ထိုးစိုက်ကျဆင်းသွားသည်။ အီဂျစ်နှင့် တူရကီမှ တင်သွင်းသည့် ကြက်သွန်နီများမှာမူ မြန်မာငွေ ၁,၇၈၉ မှ ၂,၁၄၆ ကျပ်ခန့် ဈေးနှုန်းအသီးသီးရှိသည်။

ယမန်နေ့တွင် ဒါကာဈေးကွက် လက်ကား ရောင်းဈေး ၁,၂၅၂ – ကျပ်ခန့်ဖြင့် ဈေးဖွင့်ခဲ့သော်လည်း၊ စစ်တကောင်းတွင် ၁,၇၈၉ မှ ၂,၁၄၆-ကျပ်ခန့် ပေးနေရဆဲဖြစ်၍ ဈေးနှုန်းထိုးစိုက်ကျဆင်းလာခြင်းမှာ ဒေသအတွင်း တစ်ပြေးညီမရှိသေးကြောင်း သတင်း၌ ဖော်ပြသည်။

((( bdnews24., 19 Nov 2019 , “ Govt vows tough legal action against rumours about salt amid panic buying.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ )))

https://bdnews24.com/business/2019/11/19/govt-vows-tough-legal-action-against-rumours-about-salt-amid-panic-buying

https://bdnews24.com/business/2019/11/17/onion-prices-ease-slightly-as-new-produces-arrive-sales-drop

https://bdnews24.com/business/2019/11/16/hasina-says-onion-planes-will-arrive-in-two-days

https://bdnews24.com/business/2019/11/18/onion-prices-plummet-amid-drop-in-demand #ဘင်္ဂလားဒက်ရှ်ဆားကောလဟလ #အီဂျစ်တူရကီမှကြက်သွန်နီ #ဘင်္ဂလားဒက်ရှ်ကြက်သွန်နီဈေးနှုန်း

0

Leave a Reply

Your email address will not be published.