ဘင်္ဂလားဒက်ရှ်တွင် သင်္ဘောတည်ဆောက်ခြင်း စက်မှု့လုပ်ငန်း တိုးတက်ဖွံ့ဖြိုး၊ တန်ချိန် ၈,၀၀၀ ပင်လယ်ကူးသင်္ဘော နှစ်စီးကို အိမ်နီးချင်း အိန္ဒိယသို့ ရောင်းချ။

သင်္ဘောတည်ဆောက်ခြင်း စက်မှု့လုပ်ငန်း တိုးတက်ဖွံ့ဖြိုးလာသည့် ဘင်္ဂလားဒက်ရှ်နိုင်ငံသည် ပင်လယ်ကူးသင်္ဘောကြီးများကို အောင်မြင်စွာတည်ဆောက်လျှက်ရှိရာ ၎င်းတို့အနက် ကုန်တင်သင်္ဘော ၂-စီးကို အိမ်နီးချင်း အိန္ဒိယနိုင်ငံသို့ ရောင်းချခဲ့ရသည်ဟု Dhaka Tribune က ယမန်နေ့ရေးသားသည်။

သောကြာနေ့ ကာနာဖူလီ အနောက်ပင်လယ်ကူးသင်္ဘောကျင်း၌ ကျင်းပသော ကုန်တင်ရေယာဉ်များ လွှဲပြောင်းပေးအပ်ပွဲသို့ ဘင်္ဂလားဒက်ရှ်ကုန်သွယ်ရေးဝန်ကြီး တီပူမန်ရှီ၊ ဘင်္ဂလားဒက်ရှ်နိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး ရီဗာဂန်ဂူရီဒတ်စ်နှင့် ဖိတ်ကြားထားသော ဧည့်သည်တော်ကြီးများ တက်ရောက်ကြသည်။ JSW Singad နှင့် JSW Logad ကုန်တင်ရေယာဉ် ၂-စီးကို အိန္ဒိယနိုင်ငံ ဂျင်ဒယ်သံမဏိလုပ်ငန်းကိုယ်စား အိန္ဒိယသံအမတ်ကြီးက လက်ခံရယူသည်။


အခန်းအနားတွင် ကုန်သွယ်ရေးဝန်ကြီးက မိန့်ခွန်းပြောကြားရာ၌ ဘင်္ဂလားဒက်ရှ်နိုင်ငံ၏ သင်္ဘောတည်ဆောက်ခြင်းလုပ်ငန်း တိုးတက်ဖွံ့ဖြိုးလာပုံ၊ လတ်တလော ပြည်ပသို့ တင်ပို့ရောင်းချရသည့်အခြေအနေနှင့် စွမ်းရည်အလားအလာများကို ရှင်းလင်းသည်။


ဘင်္ဂလားဒက်ရှ်နိုင်ငံ၏ အမျိုးသားခေါင်းဆောင်ကြီး ဘန်ဂါဘန်ဒူရှိတ်မူဂျီဘူရာမန် အိမ်အပြန်နှစ်ပတ်လည်နေ့ ဖြစ်သော ယနေ့တွင် နိုင်ငံတော်သင်္ဘောကျင်းမှ သင်္ဘောများကို ပြည်ပသို့တင်ပို့ခြင်းဖြင့် ကမ္ဘ္ဘာ့အလည်တွင် ပုံရိပ်မြင့်တက်ခဲ့ရပြီ ဖြစ်ကြောင်း၊ တစ်ချိန်က ကမ္ဘ္ဘာ့အောက်ဆုံးအဆင့်တွင် မျက်နှာအောက်ချခဲ့ရသည့် ဘင်္ဂလားဒက်ရှ်သည် ယခုအခါ နိုင်ငံတကာအလယ်သို့ ထွန်းလင်းတင့်တယ်စွာ ဝင်ရောက်လာပြီဖြစ်ကြောင်း၊ နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်မှု့ကို ကိန်းဂဏန်း ၂-လုံးရောက်သည်အထိ မြင့်တက်လာစေရမည်ဟု ရည်မှန်းထားကြောင်း ဆက်လက်၍လည်း သင်္ဘောများ ပိုမိုတည်ဆောက်ပေးရန် အိန္ဒိယနိုင်ငံက မှာကြားမည့် အစီအစဉ်ရှိကြောင်း ဝန်ကြီးက အကျယ်တဝင့် ပြောကြားသည်။

ကာနာဖူလီ အနောက်ပင်လယ်ကူးသင်္ဘောကျင်းဥက္ကဋ္ဌက မိန့်ခွန်းပြောကြားရာ၌ ယခု ပင်လယ်ကူး ကုန်တင်ရေယာဉ်များကို ဘင်္ဂလားဒက်ရှ်နိုင်ငံအတွင်း ပထမဆုံးအကြိမ် အစအဆုံး တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း၊ ၂၀၁၅-ခုနှစ်တွင် အိန္ဒိယနိုင်ငံ ဂျင်ဒယ်သံမဏိလုပ်ငန်းသည် ကုန်တင်သင်္ဘော ၄-စီးတည်ဆောက်ပေးရန် ကုန်မှာစာ ပေးပို့ခဲ့ရာ တန်ဖိုးအားဖြင့် အမေရိကန် ဒေါ်လာ ၂၃.၅၉ သန်းရှိကြောင်း၊ JSW Raigad နှင့် JSW Pratapgad တို့ကို ၂၀၁၇-ခုနှစ်တွင် လွှဲပြောင်းပေးအပ်ခဲ့ကြောင်း၊ ယခု လွှဲပြောင်းပေးအပ်သည့် ပင်လယ်ကူး ကုန်တင်သင်္ဘော ၂-စီးသည် တန်ချိန် ၈,၀၀၀ စီရှိကြကြောင်း၊ ကျောက်မီးသွေးနှင့် သံတို့ကို တင်ဆောင်၍ အိန္ဒိယအနောက်ဖက်ကမ်းရိုးတန်း ဂျိုင်ဂတ်ဆိပ်ကမ်းမှ ဒါရန်တာဆိပ်ကမ်းအကြား တစ်နာရီ ၁၀-ရေမိုင်နှုန်းဖြင့် ခုတ်မောင်းပြေးဆွဲရာတွင် အသုံးပြုလိမ့်မည်ဟု သိရှိရကြောင်း ရှင်းလင်းပြောဆိုသည်။

ဆက်လက်၍ အိန္ဒိယနိုင်ငံသံအမတ်ကြီးက အိမ်နီးချင်းနှစ်နိုင်ငံတို့အကြား ကုန်သွယ်ရေး သမိုင်းမှတ်တိုင်ဖြစ်သော ကုန်တင်သင်္ဘောများအား လက်ခံရယူသည်။


ဘင်္ဂလားဒက်ရှ်သည် တရုတ်-အိန္ဒိယအပါအဝင် အင်အားကြီးနိုင်ငံများ အပြိုင်အဆိုင်မျက်စိကျလျှက်ရှိသည့် အိန္ဒိယသမုဒ္ဒရာနှင့် ဘင်္ဂလားပင်လယ်အော်တို့ကို ထိန်းကျောင်းနိုင်ရန် ခေတ်မီရေတပ်မတော်ကိုလည်း အပြင်းအထန် တည်ဆောက်လျှက်ရှိသည်။ တရုတ်နိုင်ငံမှ အသစ်ဝယ်ယူသည့် စစ်သင်္ဘောသစ် ၂-စီးတို့အား လွန်ခဲ့သည့် ဒီဇင်ဘာလတွင် တရုတ်ထံမှ လက်ခံရရှိသည်ဟု Dhakka Tribune ( ဇန်နဝါရီလ ၉-ရက်၊ ၂၀၂၀ ) က ရေးသားသည်။


အလျား ၁၁၂-မီတာ၊ ဗျက် ၁၂.၄ မီတာရှိ အဆိုပါ စစ်သင်္ဘောများသည်၊ တစ်နာရီ ရေမိုင် ၂၄ မိုင်နှုန်းခုတ်မောင်းနိုင်သည်။ ၂၀၁၇-ခုနှစ်တွင် ပထမဆုံးအကြိမ်အဖြစ် Type 035G ခေါ် Ming class တိုက်ခိုက်ရေး ရေငုတ်သင်္ဘော ၂-စီးကို တရုတ်နိုင်ငံမှ ဝယ်ယူဖြည့်တင်းခဲ့ရာ ၂၀၁၉-ခုနှစ် ဘင်္ဂလားဒက်ရှ်၏ စစ်အင်အားမှာ နိုင်ငံတကာ ၁၃၇ နိုင်ငံတွင် အဆင့် ၄၅ ဖြစ်လာသည်။ ၎င်းမှာ ၂၀၁၈-ခုနှစ် အဆင့် ၅၆ မှ ခုန်တက်သွားခြင်းဖြစ်ပြီး တောင်အာရှတွင် တတိယစစ်အင်အားအကြီးဆုံးနိုင်ငံဖြစ်လာသည်ဟု Dhaka Tribune ( စက်တင်ဘာ ၃၀၊ ၂၀၁၉ ) က ရေးသားသည်။


(( အိန္ဒိယနိုင်ငံသည် တိုက်ခိုက်ရေး ပဲ့ထိန်းဒုံးကျည်တင် ညူကလီယာရေငုတ်သင်္ဘောများကို ကိုယ်တိုင်တည်ဆောက်နိုင်သော စွမ်းရည်ပိုင်ဆိုင်သည်။ ပါကစ္စတန်နှင့် အပြိုင်စစ်လက်နက်တပ်ဆင်ရသဖြင့် အိန္ဒိယသင်္ဘောကျင်းများသည် စစ်ရေယာဉ်များ တည်ဆောက်ရေးဖက်သို့ ဦးစားပေးရဟန်တူပါသည်။ ထို့ပြင် ဘင်္ဂလားဒက်ရှ်က တည်ဆောက်သည့် ပင်လယ်ကူးသင်္ဘောများသည် အိန္ဒိယကမ်းရိုးတန်း၌ သံနှင့် ကျောက်မီးသွေး သယ်ပို့ရန်ဖြစ်သဖြင့် များစွာအဆင့်မြင့်ရန် မလိုအပ်ပါ။


သို့သော် ယခုအခါ လေယာဉ်တင်သင်္ဘောတည်ဆောက်၍ ရေငုတ်သင်္ဘောနှင့် စစ်သင်္ဘောများ ပြည်ပသို့တင်ပို့ရောင်းချနေသော တရုတ်သည် တစ်ချိန်က နိုင်ငံတကာမှ သံရည်ကြိုစက်ရုံပို့တော့မည့် သင်္ဘောဟောင်းများကို ဝယ်ယူပြီး ယန်စီမြစ်ကမ်းဘေးတွင် ထိုးတင်ကာ ပြန်လည်အသုံးပြုနိုင်မည့် အစိတ်အပိုင်းများကို လူအင်အား သုံးလျှက်တစ်စစီဖြုတ်ယူခဲ့ကြဖူးကြောင်း ကိုယ်တိုင်တွေ့မြင်ခဲ့ဖူးပါသည်။

ရှိတ်မူဂျီဘူရာမန်သည် ၁၉၇၁-ခုနှစ် ပါကစ္စတန်မှ ခွဲထွက်၍ ဘင်္ဂလားဒက်ရှ်နိုင်ငံအား ထူထောင်ခဲ့သူ နိုင်ငံ့အမျိုးသားခေါင်းဆောင်ကြီးဖြစ်ပါသည်။ ၁၉၇၅-ခုနှစ် ဘင်္ဂလားဒက်ရှ်တပ်မတော်မှ အရာရှိငယ်တစ်စု၏ အာဏာ သိမ်းရန်အားထုတ်မှု့တွင် ရှိတ်မူဂျီ၊ကိုယ်တိုင်သာမက ဇနီးနှင့် သား ၃-ဦး အသက်ဆုံးရှုံးရသည်။ ဘင်္ဂလားဒက်ရှ်နိုင်ငံ၏ ပထမဆုံး သမ္မတလည်းဖြစ်သော ရှိတ်မူဂျီဘူရာမန်၏ အကြီးဆုံး သမီးရင်းမှာ လက်ရှိဝန်ကြီးချုပ် ရှိတ်ဟာစီနာ ဖြစ်သည်။

လွတ်မြောက်ပြီး ဘင်္ဂလားဒက်ရှ်နိုင်ငံတွင် ၂၀၀၆-ခုနှစ်၌ အဝါမီလိခ်ပါတီနှင့် BNP ပါတီကြီးနှစ်ခုတို့ အားပြိုင်ရာမှ သွေးထွက်သံယိုအဓိကရုန်းများဖြစ်ပွားသဖြင့် ဘင်္ဂလားဒက်ရှ်တပ်မတော်၏ အာဏာသိမ်းယူကာ အိမ်စောင့်အစိုးရဖြင့် အုပ်ချုပ်ခံခဲ့ရဖူးသည်။ အဝါမီလိခ်ပါတီမှ ရှိတ်ဟာစီနာ၏ နိုင်ငံရေးပြိုင်ဖက် BNP ပါတီမှ ခါလီဒါဇီယာသည် ဘင်္ဂလားဒက်ရှ်နိုင်ငံ တည်ထောင်ရာတွင် ပါဝင်သော ဘင်္ဂလားစစ်ဖက်အကြီးအကဲ ဇီယာရာမန်၏ သမီးရင်းဖြစ်သည်။


ဘင်္ဂလားဒက်ရှ်တပ်မတော်သည် ဦးပိုင်ကဲ့သို့ စီးပွားရေးလုပ်ငန်းများစွာတို့ကိုလည်း လုပ်ပိုင်ခွင့်ရရှိထားသည်။ ဘင်္ဂလားဒက်ရှ်ပါလီမန်နှင့် အစိုးရအဖွဲ့အပေါ် ဘင်္ဂလားဒက်ရှ်တပ်မတော်၏ သြဇာလွှမ်းခြင်းမှာ ဖွဲ့စည်းပုံ၌ တွေ့မြင်ရမည်မဟုတ်ချေ။ ၁၉၇၅၊ ၁၉၈၂ အာဏာသိမ်းရန် အားထုတ်မှု့များ ရင်ဆိုင်ခဲ့ရသည်။


သို့သော် ရှိတ်ဟာစီနာ၏ ယခုထိ ၄-ကြိမ် အုပ်ချုပ်မှု့သက်တမ်းအတွင်း ဘင်္ဂလားဒက်ရှ် တပ်မတော်အား ခေတ်မီအင်အားတောင့်တင်းစေရန် တည်ဆောက်နိုင်ခဲ့သည်။

((( Dhaka Tribune., January 10th, 2020, “2 Bangladesh-made cargo vessels exported to India.” နှင့် Irrawaddy (English), “Bangladeshi Army Installs Barbwire Fence Along Rohingya Camps.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ )))

https://www.dhakatribune.com/bangladesh/2020/01/10/2-bangladesh-made-cargo-vessels-exported-to-india?fbclid=IwAR1RSCB6rI_mFCp2mWqlytqoJsKzBsUiDb-MDIB0aIeaTHERW3T5EszcnRo .

https://bdnews24.com/bangladesh/2015/01/16/pm-asks-military-to-work-for-people-to-win-their-trust

https://www.dhakatribune.com/bangladesh/2020/01/09/2-new-warships-join-bangladesh-navy-s-fleet

https://www.dhakatribune.com/bangladesh/2017/03/12/bangladeshs-first-submarines-commissioned/

https://www.dhakatribune.com/bangladesh/2019/09/30/bangladesh-army-named-3rd-most-powerful-in-south-asia-45th-in-the-world

#ဘင်္ဂလားဒက်ရှ်ပင်လယ်ကူးသင်္ဘောနှစ်စီးကိုအိန္ဒိယသို့ ရောင်းချ

0

Leave a Reply

Your email address will not be published.