ဘင်္ဂလားဒက်ရှ်မှ ခရီးသွားများကို အောက်တိုဘာ ၅ ရက်နေ့အထိ အီတလီ ဝင်ခွင့်မပြု။ ဘင်္ဂလားဒက်ရှ်၏ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ဆေးစစ်လက်မှတ်အတု ပြဿနာ ဥရောပသို့ ရိုက်ခတ်။ ကိုရိုနာဗိုင်းရပ်စ် ဆေးစစ်လက်မှတ်တု ထုတ်ပေးသူ ဆေးရုံပိုင်ရှင်၏ဖခင် Covid-19 ရောဂါဖြင့် သေဆုံး

ဘင်္ဂလားဒက်ရှ်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါ ဆေးစစ်လက်မှတ်အတု ပြဿနာအရှုတ်အထွေးသတင်းများ ထွက်ပေါ်လာပြီးနောက် ဘင်္ဂလားဒက်ရှ်နိုင်ငံသားများအပါအဝင် ဘင်္ဂလားဒက်ရှ်မှ လေကြောင်းခရီးဖြင့် ဝင်ရောက်လာသူ ခရီးသည်အားလုံးကို အောက်တိုဘာ ၅-ရက်နေ့အထိ ဝင်ရောက်ခွင့် ပြုမည်မဟုတ်ကြောင်း အီတလီနိုင်ငံက သတင်းထုတ်ပြန်သည်ဟု Dhaka Tribune က ယနေ့ရေးသားသည်။ 


လွန်ခဲ့သည့် ဇူလိုင် ၆ ရက်နေ့တွင် ရောမမြို့လေဆိပ်သို့ ဘင်္ဂလားဒက်ရှ်နိုင်ငံ Biman လေကြောင်းလိုင်းမှ အထူးလေယာဉ်ဖြင့် ဆိုက်ရောက်လာသူ ခရီးသည်အချို့တွင် Covid-19 ရောဂါပိုး ကူးစက်ခံထားရသူများ ပါဝင်နေကြောင်း တွေ့ရှိရပြီးနောက် အီတလီက ယခုကဲ့သို့ သတင်းထုတ်ပြန်ခြင်းဖြစ်သည်ဆို၏။ 
စောစောပိုင်းတွင် အီတလီအာဏာပိုင်များ၏ ဆိုင်းငံ့ရက်မှာ ရက်သတ္တ ၁-ပတ်မျှသာဖြစ်သည်။ Qatar Airways ကာတာလေကြောင်းလိုင်း၏ မိတ်ဖက်စီးပွားရေးလုပ်ငန်းများသို့ ပေးပို့သော အကြောင်းကြားစာကို နိုင်ငံတကာမီဒီယာများက ဖော်ပြပြီးနောက် ဘင်္ဂလားဒက်ရှ်မှ ဥရောပနိုင်ငံသို့ လေကြောင်းခရီးဖြင့် ဝင်ရောက်လာသူအားလုံးအပေါ် ယခုကဲ့သို့ ပိတ်ပင်ခြင်း ဖြစ်ကြောင်း သိရှိရသည်။ 


ယမန်နေ့တွင် အီတလီကျန်းမာရေးကျန်းမာရေး ဝန်ကြီးဌာနက Qatar Airways ၏ အကြောင်းကြားစာအား ကိုးကားလျှက် လေကြောင်းလိုင်းဝန်ထမ်း အားလုံးသို့ အန္တရာယ်သတိပေးချက် (NOTAM) ထုတ်ပြန်ခဲ့သည်။ ဘင်္ဂလားဒက်ရှ်မှ ခရီးသည်အားလုံးကို ဇူလိုင် ၈-ရက်မှစ၍ ၂၀၂၀-ခုနှစ်၊ အောက်တိုဘာ ၅-ရက် နေ့တိုင်အောင် အီတလီနိုင်ငံအတွင်း ဝင်ရောက်ခွင့် မပြုကြောင်း၊ ဘင်္ဂလားဒက်ရှ်မှ ကနဦး ပျံသန်းထွက်ခွာသည့် မည်သည့်နိုင်ငံသား ခရီးသွားမဆို မည်သည့်နည်းလမ်းနှင့်မျှ အီတလီနိုင်ငံအတွင်း ဝင်ရောက်ခွင့်မပြုကြောင်း သတိပေးချက်၌ ဖော်ပြထားသည်။ 


ထို့အပြင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရကြောင်း သံသယရှိသဖြင့် အီတလီလေဆိပ်တွင် ဆင်းသက်ခွင့် တားဆီးခြင်းခံထားရသူ ဘင်္ဂလားဒက်ရ်ှမှ ခရီးသည် ၁၅၁ ဦးတို့ကိုလည်း သောကြာနေ့တွင် ဒါကာသို့ ပြန်လည်စေလွှတ်မည်ဖြစ်ကြောင်း သတင်းကြားသိရသည်။ 


ယနေ့ Dhaka Tribune ၏ အခြားသတင်းတစ်ပုဒ်တွင် ကိုရိုနာဗိုင်းရပ်ရောဂါ ဆေးစစ်လက်မှတ်အတု ထုတ်ပေးမှုဖြင့် ဘင်္ဂလားဒက်ရှ်နိုင်ငံ လျှပ်တစ်ပြက်တိုက်ခိုက်ရေး အထူးရဲတပ်ဖွဲ့ ( RAB ) က အသည်းအသန်ရှာဖွေလျှက်ရှိသူ ရီးဂျင့်ပုဂ္ဂလိကဆေးရုံပိုင်ရှင်၏ ဖခင်ဖြစ်သူမှာ Covid-19 ရောဂါဖြင့် သေဆုံးကြောင်း ရေးသားထားသည်။ 


ရီးဂျင့်ဆေးရုံဥက္ကဋ္ဌ မိုဟာမက်ရှာဟစ်၏ ဖခင်ဖြစ်သူ ရှရာဂျူးအစ္စလာမ်သည် ယူနီဗာဆယ်ဆေးဘက်ဆိုင်ရာ ကောလိပ်ဆေးရုံတွင် Covid-19 ရောဂါဖြင့် ဆေးကုသမှုခံယူနေရာမှ သေဆုံးသွားခြင်းဖြစ်သည်ဆို၏။ 


ရှရာဂျူးအစ္စလာမ်သည် သားဖြစ်သူပိုင် ရီးဂျင့်ဆေးရုံ၌ ကိုရိုနာဗိုင်းရပ်စ်စစ်ဆေးရာတွင် ရောဂါပိုးမရှိကြောင်း အကြိမ်ကြိမ်အဖြေထွက်ခဲ့သူဖြစ်သည်။ ထိုမှ ရောဂါအခြေအနေ ပိုမိုဆိုးရွားလာသဖြင့် ဇူလိုင် ၄-ရက်နေ့ ယူနီဗာဆယ်ဆေးရုံသို့ ပို့ဆောင်လိုက်ရချိန်မှစတင်ကာ လူမြင်ကွင်းမှ ရီးဂျင့်ဆေးရုံပိုင်ရှင် ပျောက်ကွယ်သွားသည်။ 


ဇူလိုင် ၆-ရက်နေ့တွင် ဘင်္ဂလားဒက်ရှ်နိုင်ငံ လျှပ်တစ်ပြက်တိုက်ခိုက်ရေး အထူးရဲတပ်ဖွဲ့ ( RAB ) က ဒါကာမြို့ရှိ ရီးဂျင့်ဆေးရုံခွဲ ၂-ခုကို ဝင်ရောက်စီးနင်းရှာဖွေခဲ့ရာ မည်သည့် စစ်ဆေးမှုမျှ ပြုလုပ်ခဲ့ခြင်း မရှိပဲ ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး မရှိကြောင်းထုတ်ပေးခဲ့သည့် ဆေးစစ်လက်မှတ်အတု ၆,၀၀၀ ခန့်ကို သိမ်းဆည်းရမိခဲ့သည်။ 


ရီးဂျင့် ဆေးရုံသည် Covid-19 ရောဂါပိုး စစ်ဆေးမှု ၁-ကြိမ်လျှင် တာကာငွေ ၃,၅၀၀ ( ၄၁.၂၈ အမေရိကန်ဒေါ် လာခန့် ) ကောက်ခံသည်ဟု စွပ်စွဲခြင်းခံထားရသည်။ ကိုရိုနာဗိုင်းရပ်စ်ရောဂါစစ်ဆေးခွင့် ကန်ထရိုက် ရရှိထားသဖြင့် ရှိတ်ဟာစီနာအစိုးရအတွက် ခေါင်းမီးလောင်ရသည့် ပြဿနာဖြစ်ရသည်။ 


ဘင်္ဂလားဒက်ရှ်ကျန်းမာရေးဝန်ကြီးဋ္ဌာနနှင့် ကျန်းမာရေးအထွေထွေဝန်ဆောင်မှုဦးစီးဋ္ဌာန ( DGHS ) ကမူ ရီးဂျင့်ဆေးရုံအား ကိုရိုနာဗိုင်းရပ်စ်ရောဂါ အထူးအခြေအနေတွင် ကုသခွင့်လိုင်စင်ကို လွန်ခဲ့သည့် မတ်လ ၂၁-ရက်နေ့တွင် ထုတ်ပေးခဲ့ကြောင်း၊ နောက်ပိုင်း လိုင်စင်သက်တမ်း တိုးရန် ၂-ကြိမ်တိုင် သတိပေးခဲ့သော်လည်း ပျက်ကွက်ခဲ့ကြောင်း ရှင်းလင်းပြောဆိုသည်။ 


ရီးဂျင့်ဆေးရုံသည် ကိုရိုနာဗိုင်းရပ်စ်ဝေဒနာရှင်များအား အခမဲ့ကုသပေးရန် အစိုးရထံမှ တာကာငွေ ၁၉.၄ -သန်း ရရှိထားသော်လည်း၊ မတ်လ ၁၈-ရက်နေ့ကတည်းက ကိုရိုနာဗိုင်းရပ်စ်ရောဂါ လူနာများထံမှ ငွေကြေးကောက်ခံကြောင်း စွပ်စွဲခြင်းခံရသည်။ 


ဘင်္ဂလားဒက်ရှ်နိုင်ငံ လျှပ်တစ်ပြက်တိုက်ခိုက်ရေး အထူးရဲတပ်ဖွဲ့ ( RAB ) ကမူ ရီးဂျင့်ဆေးရုံ၏ ဆေးကုသခွင့် လိုင်စင်မှာ ၂၀၁၄-ခုနှစ်ကပင် ကုန်ဆုံးနေခဲ့ပြီး ၂၀၁၆, ၂၀၁၇, ၂၀၁၈ ခုနှစ်တွင် ဝင်ရောက်ရှာဖွေခဲ့ဖူးကြောင်း ပြောဆိုသည်။ 
ဇူလိုင် ၆-ရက်နေ့တွင် ဘင်္ဂလားဒက်ရှ်အစိုးရက ရီးဂျင့်ဆေးရုံ ၂-ရုံစလုံးကို ပိတ်ပစ်ခဲ့ပြီး ဆေးရုံပိုင်ရှင် မိုဟာမက်ရှာဟစ်ပါ ၁၇-ဦးကို အမှုဖွင့်လှစ်ထားသည်။ မိုဟာမက်ရှာဟစ်မှာ ထွက်ပြေးတိမ်းရှောင်နေဆဲဖြစ်သည်။ 


ယမန်နေ့တွင် ဘင်္ဂလားဒက်ရှ်နိုင်ငံ၌ ဗိုင်းရပ်စ်ရောဂါဖြင့် ၂၄-နာရီအတွင်း သေဆုံးသူ ၄၁-ဦးရှိနေပြီး စုစုပေါင်း သေဆုံးသူ ၂,၂၃၈ -ဦး ဖြစ်လာခဲ့သည်။ ကူးစက်ခံရသူ စုစုပေါင်း ၁၇၅,၄၉၄ -ဦးဖြင့် Covid-19 ရောဂါဖြစ်ပွားမှု ပြင်းထန်ရာတွင် နိုင်ငံတကာအဆင့် ၁၇ ဖြင့် ရပ်တည်နေသည်။ ( အိန္ဒိယမှ အဆင့် ၃ ဖြစ်သည် ) 


((( Dhaka Tribune., July 9, 2020, “Italy bars entry of travellers from Bangladesh till October 5.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ ))) 

#ဘင်္ဂလားဒက်ရှ်မှခရီးသွားများကို_အောက်တိုဘာ ၅ ရက်နေ့အထိ_အီတလီ_ဝင်ခွင့်မပြု။ 
#ဘင်္ဂလားဒက်ရှ်၏_ကိုရိုနာဗိုင်းရပ်စ်ရောဂါဆေးစစ်လက်မှတ်အတုပြဿနာ 

https://www.dhakatribune.com/world/2020/07/09/italy-bars-entry-of-travellers-from-bangladesh-till-october-5 
https://www.dhakatribune.com/bangladesh/dhaka/2020/07/10/wanted-regent-hospital-owner-shahed-s-father-dies-of-covid-19 
https://www.dhakatribune.com/bangladesh/2020/07/09/health-ministry-how-did-regent-become-a-covid-19-dedicated-hospital 
https://bdnews24.com/bangladesh/2020/07/10/hasina-seeks-explanation-about-fake-covid-19-test-reports 
https://www.dhakatribune.com/business/banks/2020/07/09/bb-orders-freezing-bank-accounts-of-regent-hospital-owner 
https://www.dhakatribune.com/bangladesh/corruption/2020/07/09/acc-to-open-probe-on-regent-hospital-irregularities 
https://bdnews24.com/bangladesh/2020/07/08/government-made-covid-19-treatment-deal-with-regent-hospital.-but-it-had-no-licence-to-operate 
https://www.dhakatribune.com/bangladesh/2020/07/10/shahed-s-last-phone-call-to-wife-i-am-fine-i-am-safe 
https://www.worldometers.info/coronavirus/ 

0

Leave a Reply

Your email address will not be published.