ဘင်္ဂလားဒက်ရှ်သည် နိုင်ငံတကာ ကိုရိုနာဗိုင်းရပ်စ်ရောဂါဖြစ်ပွားမှုအမြင့်မားဆုံး ၂၅ နိုင်ငံ စာရင်း၌ ပါဝင်လာ၊ လွန်ခဲ့သည့် ၂၄ နာရီအတွင်း ၂၈-ဦးသေဆုံး၍ ကူးစက်ခံရသူ ၁၅၀၀ -ဦးကျော် အတည်ပြု

လွန်ခဲ့သည့် တနင်္ဂနွေနေ့ ဘင်္ဂလားဒက်ရှ်နိုင်ငံတွင် Covid-19 ရောဂါဖြင့် ၂၄-နာရီအတွင်း သေဆုံးသူ ၂၈-ဦး အထိ မြင့်တက်လာခဲ့ကြောင်း ဘင်္ဂလားအခြေစိုက် Dhaka Tribune က ယမန်နေ့ ရေးသားသည်။

ဘင်္ဂလားဒက်ရှ်နိုင်ငံအတွက် ကိုရိုနာဗိုင်းရပ်စွဲရောဂါဖြစ်ပွားကြောင်း စတင်တွေ့ရှိခဲ့သည့် မတ်လ ၁၈-ရက်နေ့ နောက်ပိုင်း ယခုသေဆုံးသူအရေအတွက်မှာ ၁-ရက်အတွင်း အများဆုံးဖြစ်ပြီး အသက်ဆုံးရှုံးရသူစုစုပေါင်း ၄၈၀ -ဦး ဖြစ်လာခဲ့သည်ဆို၏။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ကပ်ရောဂါဖြစ်ပွားမှုကို အချိန်နှင့်တစ်ပြေးညီ မှတ်တမ်းပြုစုလျှက်ရှိသော ဂျွန်ဟော့ပ်ကင်းတက္ကသိုလ်၏ တနင်္ဂနွေနေ့နံနက် ၅-နာရီအချိန် အချက်အလက်များအရ ဘင်္ဂလားဒက်ရှ်သည် နိုင်ငံတကာ ကိုရိုနာဗိုင်းရပ်စ်ရောဂါဖြစ်ပွားမှုအမြင့်မားဆုံး ၂၅ နိုင်ငံ စာရင်း၌ အဆင့် – ၂၄- ဖြစ်လာကြောင်း တွေ့မြင်ကြရသည်။

၁-ရက်အတွင်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူအရေအတွက်မှာလည်း ၁,၅၃၂-ဦး ထပ်မံတိုးမြင့်လာခြင်းဖြင့် ရောဂါပိုးစွဲကပ်လျှက်ရှိသူ စုစုပေါင်း ၃၃,၆၁၀- ဦး ဖြစ်လာခဲ့သည်။

တောင်အာရှဒေသ အိမ်နီးချင်းနိုင်ငံများအတွင်း ဘင်္ဂလားဒက်ရှ်သည် Covid-19 ရောဂါပိုး ကူးစက်လျှက်ရှိသူအရေအတွက်၌ အိန္ဒိယ (၁၃၂,၆၇၈-ဦး)၊ ပါကစ္စတန် (၅၄,၆၀၁ -ဦး) တို့၏နောက် တတိယမြောက် ရောဂါဖြစ်ပွားမှုအများဆုံးနိုင်ငံဖြစ်လာသည်။

လွန်ခဲ့သည့် တနင်္ဂနွေနေ့အထိ ကိုရိုနာဗိုင်းရပ်စ်ပိုး စွဲကပ်လျှက်ရှိသူ အရေအတွက် အများဆုံးနိုင်ငံများအဖြစ်၊ အမေရိကန်သည် ၁-သန်း ၆-သိန်းကျော်ဖြင့် နံပါတ်- ၁၊ ဘရာဇီး ၃-သိန်း ၄-သောင်း ၇ ထောင်၊ ရုရှား ၃-သိန်း ၄-သောင်း ၄-ထောင်တို့ဖြင့် အစဉ်အလိုက် အသီးသီးတည်ရှိနေကြသည်။

စတုတ္ထအများဆုံးမှာ ဗြိတိန်၊ ၅- စပိန်၊ ၆- အီတလီ၊ ၇- ပြင်သစ်၊ ၈- ဂျာမနီ၊ ၉- တူရကီ၊ ၁၀- အီရန်၊ ၁၁- အိန္ဒိယ၊ ၁၂- ပီရူး၊ ၁၃- ကနေဒါ၊ ၁၄- တရုတ်၊ ၁၅- ဆော်ဒီအာရေးဗီးယား၊ ၁၆ – ချီလီ၊ ၁၇- မက္ကဆီကို၊ ၁၈- ဘယ်လ်ဂျီယန်၊ ၁၉- ပါကစ္စတန်၊ ၂၀- နယ်သာလန်၊ ၂၁- ကာတာ၊ ၂၂- အီကွာဒိုး၊ ၂၃- ဘီလာရုစ် တို့ဖြစ်ကြသည်။

ဘင်္ဂလားဒက်ရှ်သည် နံပါတ် -၂၄ တွင် ရှိနေပြီး ၂၅-မှာ ဆွီဒင်နိုင်ငံဖြစ်ကြောင်း သတင်း၌ ဆက်လက် ဖော်ပြသည်။

((( Dhaka Tribune., May 24, 2020,” Coronavirus: Bangladesh among the top 25 countries with highest number of cases.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာ ပြန်ဆိုသည်။ )))

#ကိုရိုနာဗိုင်းရပ်စ်ဘင်္ဂလားဒက်ရှ်နှင့်နိုင်ငံတကာ

https://www.dhakatribune.com/health/coronavirus/2020/05/24/coronavirus-bangladesh-among-the-top-25-countries-with-highest-number-of-cases

1+

Leave a Reply

Your email address will not be published.