ဘင်္ဂလားဒက်ရှ်အလုပ်သမားတစ်ဦး စင်္ကာပူတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရ။ တ ရုတ်သို့ သွားရောက်ခဲ့ဖူးခြင်းမရှိပဲ ဗိုင်းရပ်စ်ကူးစက်နေ။ ကိုရိုနာဗိုင်းရပ်သည် ပူနွေး၍ ရေငွေ့နည်းပါးသောအခြေအနေ၌လည်း ရှင်သန်နိုင်။ တရုတ်တွင် ၉၇-ဦး ထပ်မံသေဆုံးခြင်းဖြင့် နေ့စဉ်အသက်ဆုံးရှုံးဦးရေ တိုးမြင့်လာ

စင်္ကာပူနိုင်ငံတွင် ရောက်ရှိနေထိုင်သည့် ဘင်္ဂလားဒက်ရှ်အလုပ်သမားတစ်ဦးမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသည်ဆို၏။ ၎င်းသည် လတ်တလော တရုတ်နိုင်ငံသို့ ခရီးသွားလာဖူးသူ မဟုတ်သည် တွေ့ရှိရဖြင့် လွန်ခဲ့သည့်နှစ် တရုတ်နိုင်ငံမှစတင်သည့် ဗိုင်းရပ်စ်ပိုးမှာ နိုင်ငံတကာသို့ လျှင်မြန်စွာပြန့်နှံ့နေကြောင်း ပြသလျှက်ရှိသည်ဟု Dhaka Tribune က ယမန်နေ့ရေးသားသည်။ 

တနင်္ဂနွေနေ့ ဗိုင်းရပ်စ်ကူးစက်ခံရကြောင်း ထပ်မံအတည်ပြုနိုင်သူ ၃-ဦးအနက် ၁-ဦးမှာ အသက် ၃၉-နှစ်အရွယ် ဘင်္ဂလားဒက်ရှ်အလုပ်သမားဖြစ်ပြီး၊ ကျွန်းနိုင်ငံအတွင်း ဗိုင်းရပ်စ်ကူးစက်ခံရသူ ၄၃-ဦး ရှိပြီဖြစ်ကြောင်း စင်္ကာပူ ကျန်းမာရေးဝန်ကြီးဋ္ဌာနက သတင်းထုတ်ပြန်ခဲ့သည်။ 

အဆိုပါ ဘင်္ဂလားဒက်ရှ်နိုင်ငံသားသည် ဖေဖော်ဝါရီ ၁-ရက်နေ့တွင် ဗိုင်းရပ်စ်ကူးစက်ခံရကြောင်း လက္ခဏာများ စတင်ဖြစ်ပွားပြီး ဖေဖော်ဝါရီ ၃ တွင် အထွေထွေရောဂါကုဆေးခန်း၌ ပြသကုသခံယူခဲ့သည်။ ဖေဖော်ဝါရီ ၄-ရက်နေ့တွင် ချန်ဂီအထွေထွေရောဂါကုဆေးရုံ၌ ဆက်လက်ကုသခဲ့ပြီး ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရခြင်းဖြစ်ကြောင်း ဖေဖော်ဝါရီ ၈-ရက် မွန်းလွဲပိုင်း၌ အတည်ပြုနိုင်ခဲ့သည်။ ထိုအတွက် ၎င်းအား သီးသန့်ဆောင်၌ သီးခြားခွဲထားပြီး ဆက်လက်စောင့်ကြပ်ကုသပေးလျှက်ရှိကြောင်း စင်္ကာပူအမျိုးသားကူးစက်ရောဂါဗဟိုက ပြောဆိုသည်။ 

ဆေးရုံတက်ကုသခြင်း မခံယူမီ ၎င်းဘင်္ဂလားဒက်ရှ်နိုင်ငံသားသည် လစ်တဲလ်အိန္ဒိယရှိ မူစတာဖာစင်တာသို့ သွားရောက်လည်ပတ်ခဲ့ကြောင်း၊ ကာကီဘူကစ်ရှိ Leo dormitory တွင် နေထိုင်ခဲ့ကြောင်း စင်္ကာပူကျန်းမာ ရေးဝန်ကြီး၏ သတင်းထုတ်ပြန်ချက်၌ ပါရှိသည်။ 

ယနေ့နံနက်စောစောပိုင်းအထိ တရုတ်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ဖြင့် ၂၄-နာရီအတွင်း ၉၇-ဦး သေဆုံးသည်။ မျက်မှောက်ကာလ အသစ်တွေ့ရှိရသည့် ကိုရိုနာဗိုင်ရပ်ကြောင့် တရုတ်တစ်နိုင်ငံတည်းတွင် သေဆုံးသူဦးရေမှာ ၉၀၇-ဦးရှိလာသဖြင့် ၂၀၀၂-၂၀၀၃ ခုနှစ် SARS ရောဂါကျရောက်စဉ် ကမ္ဘ္ဘာတစ်ဝှမ်းလုံး လူသေဆုံးနှုန်းထက် ကျော်လွန်သွားပြီဖြစ်ကြောင်း South China Morning Post က ယနေ့ရေးသားသည်။ 

ယခုထိ ဗိုင်းရပ်စ်စွဲကပ်ခြင်းကြောင့် တရုတ်နိုင်ငံတွင် ၉၀၅-ဦး၊ ဖိလစ်ပိုင်နိုင်ငံ ၁-ဦး၊ ဟောင်ကောင်မှ ၁-ဦး စုစု ပေါင်း ၉၀၇-ဦး သေဆုံးပြီး၊ တရုတ်နှင့် နိုင်ငံတကာတွင် ဗိုင်းရပ်စွဲကပ်ကြောင်း အတည်ပြုခဲ့ရသူ ၄၀,၂၃၅ – ဦး။ ရောဂါကုသပျောက်ကင်းသူ ၃,၂၅၁ – ဦး ရှိကြောင်းအချိန်နှင့် တစ်ပြေးညီစစ်တမ်းကောက် ယူလျှက်ရှိသည့် Johns Hopkins’ Corona Virus 2019 n-CoV Global Cases အရ သိရှိရသည်။ 

တရုတ်နှင့်ကမ္ဘ္ဘ့ာနိုင်ငံအချို့တွင် လတ်တလောကျရောက်လျှက်ရှိသည့် 2019 n-CoV ဗိုင်းရပ်စ်သည် အေးမြ-ခြောက်သွေ့သော ရာသီဥတု၌သာမက ပူပြင်းစိုထိုင်းသောရာသီဥတု၌လည်း ရှင်သန်နိုင်ကြောင်း WHO ကမ္ဘ္ဘာ့ကျန်းမာရေးအဖွဲ့ ( မနီလာ ) က ဖေဖော်ဝါရီ ၈-၇က်နေ့ ထုတ်ပြန်ချက်၌ ပါရှိသည်။ 

ဆောင်းရာသီကျရောက်လျှက်ရှိသော တရုတ်နိုင်ငံအတွင်း နာဖျားသေဆုံးဖြစ်ပွားစေခဲ့သည့် ကိုရိုနာဗိုင်းရပ်စ်သည် မကြာမီ ဆောင်းဥတုကုန်ဆုံး၍ ပူနွေးစိုထိုင်းသောရာသီရောက်လျှင် လျော့ပါးပျောက်ကွယ်သွားမည်ဟု ကောလဟလနှင့် ပါးစပ်ပုံပြင်များ ပြန့်နှံံ့လျှက်ရှိချိန်တွင် WHO ၏ ယခုကြေညာချက်ထွက်ပေါ်လာခြင်းဖြစ်သည်။ 

ရာသီဥတုတို့သည် မည်သည့်နေရာ မည်သည့်ဖြစ်စဉ်မဆို သီးခြားလိုက်နာရန် အရေးပါကြောင်း၊ မိမိတို့၏ လက်များကို မကြာခဏဆေးကြောခြင်း၊ တစ်ရှူး သို့မဟုတ် တံတောင်ကိုကွေး၍ ကာကွယ်လျှက် ချောင်းဆိုး-နှာချေ ခြင်း၊ အသုံးပြုပြီးတစ်ရှူးများကို အမှိုက်ပုံးအတွင်းအရောက်သေချာစွာစွန့်ပစ်ပြီးနောက် ချက်ခြင်းလက်ဆေးခြင်း၊ သောက်သုံးရေနှင့် အရက်ပါသော အဖျော်ယမကာတို့ဖြင့် ဆေးကြောနိုင်သော်လည်း အရက်သောက်သုံး ခြင်းဖြင့် 2019 n-CoV ဗိုင်းရပ်စ်ကူးစက်မှုကို ကာကွယ်နိုင်ခြင်း မရှိကြောင်း၊ WHO ၏ သတိပေးချက်၌ ဖော်ပြ ထားသည်။ 

((( Dhaka Tribune., Feb. 9 2020, “Bangladeshi worker infected with coronavirus in Singapore.” #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ အကြောင်းအရာတူ ဆက် စပ်သတင်းများမှာ ပေးထားပါ Links များအတိုင်းဖြစ်သည်။ ))) 

#ကိုရိုနာဗိုင်းရပ်စ် 

https://www.dhakatribune.com/bangladesh/2020/02/09/bangladeshi-worker-in-singapore-infected-with-coronavirus 
https://www.scmp.com/news/china/society/article/3049759/coronavirus-china-reports-97-new-fatalities-death-toll 
https://news.mb.com.ph/2020/02/08/who-ph-2019-ncov-can-survive-both-hot-humid-climates/ 

WHO PH: 2019-nCoV can survive both hot, humid climates

0

Leave a Reply

Your email address will not be published.