ဘင်္ဂလားဒက်ရှ်၌ ကူးစက်ကပ်ရောဂါကျရောက်နေသော်လည်း ညူကလီယာဓါတ်အားပေးစက်ရုံကို အလျှင်အမြန်တည်ဆောက်နေ၊ ၃၀-ရာနှုန်းပြီးစီးနေသော စက်ရုံကို ၂၀၂၃-ခုနှစ်၌ စတင်လည်ပတ်ရန် ပြည်ပအလုပ်အင်အား ဖြည့်တင်း

ကိုရိုနာဗိုင်းရပ်စ်ကူးစက်ကပ်ရောဂါကျရောက်နေသော်လည်း ဘင်္ဂလားဒက်ရှ်အစိုးရအနေဖြင့် မဟာစီမံကိန်း ကြီးများကို အားသွန်ခွန်စိုက် ဆက်လက်တည်ဆောက်နေသည်။ ၎င်းတို့တွင် အမေရိကန် ဒေါ်လာ ၁၂.၆၅ ဘီလျှံ တန် “ ရွတ်ပူး“ အမည်ရှိ ညူကလီယာစွမ်းအင်သုံး ဓါတ်အားပေးစက်ရုံတည်ဆောက်ရေးလည်း ပါဝင်သည်။ ယခုအခါ ၃၀ ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်သော အဆိုပါစီမံကိန်းတွင် ပြည်ပအလုပ်အင်အားကို တိုးချဲ့ ထည့်သွင်းခြင်းအားဖြင့် လာမည့် ၂၀၂၃-ခုနှစ်၌ စက်ရုံထွက် လျှပ်စစ်ဓါတ်အားကို အမျိုးသားမဟာဓါတ်အား လိုင်းနှင့် ချိတ်ဆက်အသုံးပြုနိုင်တော့မည်ဖြစ်သည်ဟု bdnews24 က ယနေ့ရေးသားသည်။ 

၂၀၁၇ ခုနှစ်တွင် ဝန်ကြီးချုပ်ရှိတ်ဟာစီနာကိုယ်တိုင် ရွတ်ပူး ညူကလီယာဓါတ်အားပေးစက်ရုံတည်ဆောက်ရေးလုပ်ငန်းအား စတင်ပန္နက်ချပေးခဲ့ခြင်းဖြစ်သည်။ ညူစွမ်းအင်စက်ရုံ၏ အဓိကတည်ဆောက်ရေးလုပ်ငန်းများကို ရုရှားနိုင်ငံပိုင် “ ရို့စ်အက်တမ်” အဖြစ်လူသိများသော “ အက်တွမ်စတိုယက်ပို့ “ အင်ဂျင်နီယာကုမ္ပဏီက တည်ဆောက်ပေးလျှက်ရှိရာတွင် စီမံကိန်း စတင်ချိန်မှ ၆၈-လအတွင်း ပြီးစီးရန် ရည်မှန်းထားသည်။ 

ဘင်္ဂလားဒက်ရှ်အစိုးရ၏ အစီအစဉ်တွင် ၂၀၂၃-ခုနှစ် နှစ်လည်၌ ပထမဆုံးယူနစ်အဖြစ် လျှပ်စစ်ဓါတ်အား ၁,၂၀၀ မဂ္ဂါဝပ်ကို ထုတ်ယူဖြန့်ဖြူးနိုင်ရန်ဖြစ်သည်။ ၂၀၂၄-ခုနှစ်တွင် ဒုတိယယူနစ်မှ လျှပ်စစ်ဓါတ်အား ထုတ်ယူမည်ဖြစ်သည်။ 
ယူနစ် ၂-ခုပါဝင်သော အဆိုပါ မဟာစီမံကိန်းကြီးကို ၁၀၆၂ ဧက ကျယ်ဝန်းသော မြေပေါ်၌ ရုရှားလူမျိုး ၁၈၀၀ အပါအဝင် လုပ်သားအင်အား ၈၀၀၀ တို့က စတင် တည်ဆောက်ခဲ့ကြသည်။ 

လွန်ခဲ့သည့် မတ်လ ၂၆ ရက်နေ့တွင် ဘင်္ဂလားဒက်ရှ်နိုင်ငံ၌ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ကပ်ရောဂါ စတင်ဖြစ်ပွားသဖြင့် ရောဂါမပြန့်ပွားရေး တားဆီးပိတ်ဆို့မှုများ ချမှတ်ခဲ့ရသည်။ ရုရှားကျွမ်းကျင်သူ ၈၇ ဦး ပြန်သွားခဲ့ရသော်လည်း ၅၇၀ -ဦး ထပ်မံရောက်ရှိခဲ့သည်။ 

တည်ဆောက်ရေးလုပ်ငန်းအတွက် ဂျာမနီမှ ကျွမ်းကျင်သူ ၁၁ ဦး၊ အိန္ဒိယမှကျွမ်းကျင်သူ ၈၁ ဦးနှင့် ရုရှားမှကျွမ်းကျင်သူ ၇၅၀ ခန့်တို့သည်လည်း ယခုလမှ စတင်၍ ရောက်ရှိလာကြမည်ဖြစ်သည်။ 

ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကျရောက်သဖြင့် ပက်ဒမာတံတားစီမံကိန်း၊ ဒါကာ မက်ထရိုမြေအောက်မီးရထားလမ်းနှင့် ကာနာပူလီဥမင်လိုဏ်ခေါင်းတည်ဆောက်ရေးစသည့် ံ ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း လုပ်ငန်းများ နှောင့်နှေးခဲ့ရသည်။ သို့သော် ရွတ်ပူး စီမံကိန်းကိုမူ ကျန်းမာရေးဝန်ကြီးဋ္ဌာန ကူးစက်ရောဂါတားဆီးကာကွယ်ရေး ပြဋ္ဌာန်းချက်များနှင့်အညီ အရှိန်အဟုန်မပျက် ဆက်လက်တည်ဆောက် နိုင်ခဲ့သည်။ 

အဆင့် ၅-ဆင့် လုံခြုံရေးစနစ်ပါရှိသော ညူကလီးယားစွမ်းအင်စက်ရုံကို တတိယမျိုးဆက်နည်းပညာဖြင့် ဆက်လက်တည်ဆောက်လျှက်ရှိရာ ပထမဓာတ်ပေါင်းဖို၏ အကာအရံနံရံများကို စတင်မြင်တွေ့ နေရပြီ ဖြစ်သည်။ 

(( ဂျာမနီနှင့် ဘင်္ဂလားဒက်ရှ်တို့၏ စိတ်ကူးမှာ လောလောဆယ်လိုအပ်နေသော လျှပ်စစ်စွမ်းအင်ကို ကျောက်မီးသွေး- ရေအားနှင့် ညူကလီယာတို့အပြင် ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်စက်ရုံများကို တစ်ပြိုင်နက်တည်း တည်ဆောက် ထုတ်ယူရန်ဖြစ်သည်။ ထိုနောက် သဘာဝပတ်ဝန်းကျင်အား ဆိုးရွားစွာထိခိုက်စေသည့် စွမ်းအင်စက်ရုံများကို ဖြည်းဖြည်းချင်း ရုတ်သိမ်းသွားမည်ဖြစ်ရာ ဂျာမနီတွင် ကျောက်မီးသွေးမှ လျှပ်စစ် ဓါတ်အားထုတ်ယူခြင်းကို ၂၀၃၅-ခုနှစ်တွင် အပြီးတိုင် ရပ်ဆိုင်းမည်ဖြစ်သည်။ လောလောဆယ် ရပ်ဆိုင်းခဲ့လျှင် နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးမှုတွင် အကြီးအကျယ် ထိခိုက်သွားနိုင်၍ဖြစ်သည်။ 

ဘင်္ဂလားဒက်ရှ် ဒါကာမြို့တော်သည် ကမ္ဘ္ဘာ့မြို့ကြီးများ လေထုအရည်အသွေးညွှန်းကိန်း Air quality index ( AQI ) သတ်မှတ်ရာတွင် လေထုညစ်ညမ်းမှု့ အဆိုးရွားဆုံး အမှတ် ၂၀၀ ၌ ၁၆၉ မှတ်ဖြင့် အဆင့် ၁၁- ဖြစ် လျှက်ရှိသည်။ ဖွံံ့ဖြိုးဆဲနိုင်ငံချင်းတူသော်လည်း သောက်ဖောင်းထုသူလည်း အလွန်နည်းပါး၊ ပိုက်ဆံလည်း ပိုသုံးနိုင်သော ဘင်္ဂလားဒက်ရှ်တွင် နိုင်ငံ့လျှပ်စစ်လိုအပ်ချက် ၉၄ ရာနှုန်းကို ဖြည့်ဆည်းပေးနိုင်တော့မည် ဖြစ်သည်။ စီးပွားရေးလည်း တိုးလာသဖြင့် ရေငုပ်သင်္ဘော ၂-စီးပြူး တစ်ပြိုင်နက်တည်း ဝယ်နိုင်သည်။ 

မြန်မာတွင် ယခုထိ လျှပ်စစ်လိုအပ်ချက် ၅၀ ရာနှုန်းသာ ဖြည့်ဆည်းနိုင်သေးသည်။ ကျောက်မီးသွေးလည်း သဘောမတူ- ရေအားလျှပ်စစ်ထုတ်ယူရန်မှာလည်း ကန့်ကွက်ချည့် ခံနေရသဖြင့် NLD အစိုးရသက်တမ်း ၄-နှစ်အတွင်း စွမ်းအင်စက်ရုံကြီးကြီးမားမား တည်ဆောက်သည်ကို မတွေ့ရခြင်း ဖြစ်ပုံရသည်။ 

သို့သော်လည်း တစ်နေ့တစ်ခြား တိုးလာသည့် ပါးစပ်ပေါက်များနှင့် လူနေမှု့အဆင့်အတန်းမြှင့်တင်ရေးမှာ မည်သည့်နည်းနှင့် ရပ်တန့်ထားနိုင်ခြင်း မရှိပါ။ 

ဤတွင် ရှိပြီး မဟာဓါတ်အားလိုင်းမှ ပိုမိုရှည်လျှားသည့် ဓါတ်အားလိုင်းများ သွယ်တန်းရတော့သည်။ ပုံမှန် ၅ မိုင်မှ ၇ မိုင်အတွင်းသာ ရှိရမည့်အစား ၁၂-မိုင်အထိ သွယ်တန်းရသဖြင့် လျှပ်စစ်လေလွင့်ဆုံးရှုံးမှု့ ပိုမိုများပြားလာရသည်ဆို၏။ 

ထိုသို့ဆုံးရှုံးမည့် ဘဏ္ဍာငွေများကိုမူ အခွန်ထမ်းပြည်သူများက ကျခံရတော့မည်ဖြစ်သည်။ ။ သတင်းဘာသာပြန်သူ )) 

((( bdnews24., 12 Jul 2020, “Rooppur nuclear power plant on ‘fast track’ despite pandemic.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ ))) 
#ဘင်္ဂလားဒက်ရှ်ညူကလီယာစွမ်းအင်သုံးဓါတ်အားပေးစက်ရုံ 
https://bdnews24.com/economy/2020/07/12/rooppur-nuclear-power-plant-on-fast-track-despite-pandemic 
https://bdnews24.com/economy/2019/12/12/bangladesh-mulls-more-underwater-tunnels-instead-of-bridges-after-karnaphuli . 
https://www.thedailystar.net/country/pm-hasina-launches-bangabandhu-tunnel-work-under-karnaphuli-river-1706587 
https://www.dhakatribune.com/bangladesh/dhaka/2020/01/02/dhaka-ranks-11th-worst-in-air-quality-index 

0

Leave a Reply

Your email address will not be published.