ဘင်္ဂလားဒက်ရှ်၌ Covid-19 ပိုးကူးစက်ခံရသူ ၁-ရက်အတွင်း ၂၂၀ နီးပါး ထပ်မံတွေ့ရှိ၊ ၄-ဦးသေဆုံး။ အမျိုးသားရေးအသွင် ဘက်စုံကဏ္ဍစုံတိုးချဲ့၍ စစ်ဆေးမှုအရေအတွက်တိုးမြှင့်။ တပ်မတော်-ပုဂ္ဂလိကဆေးရုံ-တက္ကသိုလ်ဓါတ်ခွဲခန်းများ၌ PCR စမ်းသပ်မှု အခမဲ့စစ်ဆေး

ဘင်္ဂလားဒက်ရှ်နိုင်ငံတွင် ယမန်နေ့ညနေအထိ ၂၄-နာရီအတွင်း ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူ ၂၁၉-ဦး ထပ်မံတွေ့ရှိပြီး၊ ၄-ဦးသေဆုံးရာ Covid-19 ရောဂါဖြင့် အသက်ဆုံရှုံးရသူ စုစုပေါင်း ၅၀- ဦး၊ ကူးစက်ခံရသူ ၁,၂၃၁-ဦး ရှိခဲ့ကြောင်း bdnews24 က ယနေ့ရေးသားသည်။

ကူးစက်ကပ်ရောဂါကြောင့် သေဆုံးရသူများတွင် ရှဲဟတ်ဆေးဘက်ပညာကောလိပ်မှ လက်ထောက်ပါမောက္ခ ဒေါက်တာမိုဟာမက် မွိုင်နူဒင်အမည်ရှိ ဆရာဝန်တစ်ဦးလည်းပါဝင်ရာ ဘင်္ဂလားဒက်ရှ်နိုင်ငံ၏ Covid-19 ကြောင့် ပထမဆုံး အသက်ဆုံးရှုံးရသူ ဆေးပညာရှင်ဖြစ်သည်ဆို၏။

မတ်လ ၈-ရက် ဘင်္ဂလားဒက်ရှ်တွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ စတင်တွေ့ရှိပြီးနောက် ကူးစက်ဗေဒ၊ ရောဂါထိန်းချုပ်ရေးနှင့် သုတေသနဆိုင်ရာအင်စတီကျူ့ IEDCR အနေဖြင့် ရုံးခွဲ ၁၇-ခုဖွင့်ကာ အခမဲ့ စမ်းသပ်စစ်ဆေးပေးနေခဲ့ သည်။ ဘင်္ဂလားဒက်ရှ် တပ်မတော်ရောဂါဗေဒအင်စတီကျု (AFIP) သည်လက်နက်ကိုင်တပ်ဖွဲ့များအတွက် စမ်းသပ်မှုများပြုလုပ်ခဲ့သည်။

လူဦးရေအလွန်များပြီး လူနေသိပ်သည်းသော နိုင်ငံတွင် ရောဂါသံသယရှိသူများအား ရှာဖွေရမည့်အလုပ်မှာ လွယ်ကူခြင်းမရှိပါ။ လူဦးရေ ၁-သန်းတွင် စစ်ဆေးနိုင်သော အရေအတွက်၌ ဘင်္ဂလားဒက်ရှ်သည် ၉၀ -ဦး သာရှိပြီး ပါကစ္စတန် ၃၃၂-ဦး၊ အိန္ဒိယ ၁၉၉-ဦးတို့၏ နောက်တွင် အပြတ်အသတ်ကျန်နေခဲ့သည်။

ဘင်္ဂလားဒက်ရှ်သည် ကူးစက်ရောဂါကပ်အား ကာကွယ်တိုက်ဖျက်ရာတွင် အမျိုးသားတုန့်ပြန်မှုအဖြစ် ဘက်စုံကဏ္ဍစုံတိုးချဲ့၍ စစ်ဆေးမှုအရေအတွက် တိုးမြှင့်နိုင်ရေး အပူတပြင်းဆောင်ရွက်လျှက်ရှိသည်။ ထိုအတွက် ပုဂ္ဂလိကဆေးရုံ များနှင့် တက္ကသိုလ်များရှိ Polymerase Chain Reaction [PCR] ဓာတ်ခွဲခန်း ၈-ခု ကို Covid-19 စစ်ဆေးရန် အသုံးပြု မည်ဖြစ်သည်။


PCR စစ်ဆေးနိုင်သော တက္ကသိုလ်များသည် လယ်ယာစိုက်ပျိုးရေး- မွေးမြူရေး စသည်ဖြင့် ကွဲပြားခြားနားသော ဝန်ကြီးဋ္ဌာနလက်အောက်တွင် တည်ရှိကြသဖြင့် တစ်ဆင့်ချင်း ထည့်သွင်းဆောင်ရွက်စေခြင်းဖြစ်သည်ဆို၏။ ထို့အပြင် ဆေးရုံ ၁၁- ရုံတို့၌လည်း တိုးချဲ့စစ်ဆေးနိုင်ရန် စီစဉ်လျှက်ရှိပြီး ပုဂ္ဂလိကဆေးရုံများတွင် ရက်အနည်းငယ်အတွင်း စတင်အကောင် အထည်ဖော်နိုင်မည်ဖြစ်ကြောင်း သိရှိရသည်။

ဘင်္ဂလာဒက်ရှ်တွင် Covid-19 ရောဂါ ကာကွယ်တိုက်ဖျက်ရန်ရေးအတွက် ရောဂါပိုးကူးစက်မှုပမာဏနှင့် ဧရိယာအတိအကျသိရှိနိုင်ရန် နေ့စဉ်စစ်ဆေးမှုအရေအတွက်ကို တိုးမြှင့်စမ်းသပ်လျှက်ရှိရာ ၂၄-နာရီအတွင်းကူးစက်ခံရသူ အရေအတွက်မှာလည်း တစ်နေ့ထက်တစ်နေ့ ပိုမိုများပြားလာကြောင်း တွေ့ရှိရကြောင်း Dhaka Tribune ( ဧပြီ-၁၅၊ ၂၀၂၀ ) ရေးသားသည်။

ကမ္ဘာပေါ်ရှိအကြီးဆုံးဒုက္ခသည်စခန်းများအနက်တစ်ခုအပါအဝင်ဖြစ်သော ကော့ခ်ဘဇားဒုက္ခသည်ဘင်္ဂါလီများ ခိုလှုံရေးစခန်း၌ Covid-19 ရောဂါကူးစက်ပျံ့ပွားနိုင်သည်ကို ဘင်္ဂလားဒက်ရှ် အစိုးရနှင့် နိုင်ငံတကာရွှေ့ပြောင်း နေထိုင်မှုဆိုင်ရာအဖွဲ့ (IOM) အပါအဝင် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အသိုင်းအဝိုင်းတို့က အသိအမှတ်ပြုသည်။ အဆိုပါစခန်းများရှိ ဒုက္ခသည်များနှင့် အိမ်ရှင်ဒေသခံတို့အတွက်ပါ ကျန်းမာရေးဆိုင်ရာဝန်ဆောင်မှုများ ကျယ်ပြန့်စွာပေးအပ်နိုင်ရေး အသင့်ပြင်ဆင်လျှက်ရှိကြောင်း Ukhia News ( ဧပြီ-၁၄၊ ၂၀၂၀ ) က ရေးသားသည်။

အကူအညီပေးရေး ဝန်ထမ်းများ၏ ရောဂါကူးစက်မှု လုံခြုံရေးအတွက် တစ်ကိုယ်ရေသုံးအကာအကွယ်ဝတ်စုံ နှင့် တစ်ခါသုံးအကာအကွယ်ဝတ်လုံ- ၁,၇၀၀၊ ခွဲစိတ်ခန်းသုံးလက်အိတ်- ၃,၉၀၀ ၊ မျက်နှာဖုံး ၁၃,၅၀၀၊ မျက်နှာအကာ ၁၀,၂၀၊ လည်ရှည်ဘွတ်ဖိနပ် ၃၉၊ N95 မျက်နှာဖုံး- ၆၉၃? လက်ဆေးစက် ၅၄၀ နှင့် အနီအောက်ရောင်ခြည်သုံးကိုယ်အပူချိန်တိုင်း စကင်နာ ၃၁-ခု တို့ကိုဖြန့်ဝေထားပြီး ဆက်လက်ထောက်ပံ့နိုင်ရန် ဝယ်ယူဖြည့်တင်းလျှက်ရှိသည်။


လွန်ခဲ့သည့် ဧပြီ- ၁၂ရက် ဘင်္ဂလားဒေ့ရ်ှနိုင်ငံတစ်နိုင်ငံလုံးတွင် COVID-19 အတွက် လူပေါင်း ၆၂၁-ဦးတို့အား စမ်းသပ်စစ်ဆေခဲ့ရာ ၃၄ ဦး သေဆုံးသော်လည်း ဒုက္ခသည်များ စုပြုံနေထိုင်ရာ ကော့ခ်ဘဇားဒေသရှိ အူခီယာနှင့် တက္ကနဖ်စခန်းတို့တွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဖျားနာခြင်းနှင့် ရောဂါပိုးကူးစက်ခံရသူ မရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနညွှန်ကြားရေးမှူးချုပ်က အတည်ပြု ပြောကြားသည်။


ထိုစဉ်အတောအတွင်း ယမန်နေ့(ဗုဒ္ဓဟူး ) ဒေသစံတော်ချိန် ည ၈-နာရီခန့်တွင် ကော့ခ်ဘဇားဒေသ တက္ကနဖ်မြို့နယ်အတွင်းရှိ ဘဟာချာရာဆိပ်ကမ်းအနီးတွင် သင်္ဘောတစ်စီးပေါ်မှ ဒုက္ခသည်ဘင်္ဂါလီ ၄၂၈-ဦးကို ဘင်္ဂလားဒက်ရ်ှကမ်းခြေစောင့်တပ်ဖွဲ့က ကယ်ဆယ်ခဲ့ရကြောင်း Dkaka Tribune က ယနေ့ရေးသားသည်။

၎င်းတို့သည် အူခီယာနှင့် တက္ကနဖ်ဒုက္ခသည်စခန်း၌ ခိုလှုံနေကြသူများဖြစ်ပြီး လွန်ခဲ့သည့် ၂-လက မလေးရှားသို့ ထွက်ခွာသွားကြသူများဖြစ်ကြောင်း၊ ဦးတည်ရာ မလေးရှားနိုင်ငံတွင် Covid-19 ကူးစက်ကပ်ရောဂါကျ ရောက်၍ လုံခြုံရေးတင်းကြပ်ထားသဖြင့် ပြန်လှည့်လာခဲ့ရကြောင်း၊ လမ်းခရီး၌ ရေစီးနှင့် မျောပါစဉ် အစာရေစာ ပြတ်လပ်၍ ၂၈-ဦး သေဆုံးခဲ့ကြောင်း၊ တက္ကနဖ်ကမ်းခြေစောင့်တပ်မှ ဒုတိယဗိုလ်မှူးကြီး မိုဟာမက် ဆိုဟဲလ် ရာနာက အတည်ပြုပြောကြားသည်။

(( bdnews24., April 15, 2020,” Bangladesh reports 219 new COVID-19 cases as death toll reaches 50.” .” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ အကြောင်းအရာတူ ဆက်စပ်သတင်းများမှာ ပေးထားပါ Link များအတိုင်းဖြစ်သည်။ ))


#ကိုရိုနာဗိုင်းရပ်စ်ဘင်္ဂလားဒက်ရှ်

https://bdnews24.com/bangladesh/2020/04/15/bangladesh-reports-219-new-covid-19-cases-as-death-toll-reaches-50

https://www.dhakatribune.com/health/coronavirus/2020/04/15/coronavirus-bangladesh-plans-multi-sector-initiative-to-expand-testing

https://www.dhakatribune.com/health/coronavirus/2020/04/15/coronavirus-bangladesh-plans-multi-sector-initiative-to-expand-testing

http://en.ukhiyanews.com/coordinated-preparation-in-full-swing-to-combat-covid-19-in-coxs-bazar-refugee-camps/

https://www.dhakatribune.com/bangladesh/nation/2020/04/15/400-rohingyas-returning-from-malaysia-rescued-in-teknaf

https://www.worldometers.info/coronavirus/
0

Leave a Reply

Your email address will not be published.