ဘင်္ဂလားဒက်ရှ်၏ ဒုတိယအကြီးဆုံး ကျောက်မီးသွေးစွမ်းအင်စက်ရုံ စမ်းသပ်လည်ပတ်။ ကျောက်မီးသွေးတင်သွင်းရန် ဆိပ်ကမ်းများနှင့် ဓာတ်အားလိုင်းများ တည်ဆောက်ရခြင်းကြောင့် နှောင့်နှေးခဲ့ရဟု ဆို။ ကိုရိုနာဗိုင်းရပ်စ်ရောဂါနှင့် တူနေသော လျှပ်စစ်လိုအပ်ချက်ဖြေရှင်းရေး

ဘင်္ဂလားဒက်ရှ်တွင် ကျောက်မီးသွေးအပူစွမ်းအင်သုံး လျှပ်စစ်စက်ရုံ အမှတ်-၂ မှ ရှေ့ပြေး ၁၀၀ မီဂါဝပ်ကို စတင်ထုတ်လွှတ်ခဲ့ပြီး ဗုဒ္ဓဟူးနေ့ ၀၃း၄၅ နာရီတွင် အမျိုးသားလျှပ်စစ်ကွန်ယက်နှင့် စမ်းသပ်ချိန်ညှိချိတ်ဆက်ခဲ့ကြောင်း Dhaka Tribune က ယနေ့ရေးသားသည်။ 

နိုင်ငံ၏ ကျောက်မီးသွေးသုံး ဒုတိယအကြီးဆုံးဖြစ်သော “ ပေယာ “ အမည်ရှိ အဆိုပါ စွမ်းအင်စက်ရုံမှ လျှပ်စစ်ဓါတ်အား စုစုပေါင်း ၁,၃၂၀ မီဂါဝပ်အထိ ထုတ်လုပ်နိုင်မည်ဖြစ်ပြီး ကနဦး စမ်းသပ် ၁၀၀ မီဂါဝပ်မှ လာမည့်လတွင် ၆၆၀ မီဂါဝပ် အထိ တဖြည်းဖြည်း တိုးမြှင့်ထုတ်လွှတ်သွားမည်ဖြစ်ကြောင်း၊ ၎င်းစမ်းသပ်မှုပြီးဆုံးသည့်နောက်တွင် စီးပွားဖြစ် ထုတ်ယူမည်ဖြစ်ကြောင်း သိရှိရသည်။ 

  
၂၀၁၆ ခုနှစ်၊ မတ်လ ၃၀ ရက်နေ့တွင် ဘင်္ဂလားဒက်ရှ်၏ နော့သ်ဝက်စ်တင်း စွမ်းအင်ထုတ်လုပ်ရေးကုမ္ပဏီနှင့် တရုတ်အစိုးရပိုင် CMC ကုမ္ပဏီတို့၏ အကျိူးတူပူးပေါင်းမှုဖြင့် ယခုကျောက်မီးသွေးသုံးဓာတ်အားပေးစက်ရုံ အမှတ်-၂ ကို ပတူအာခါလီရှိ ကာလာပါရာ ဧရိယာ၌ တည်ဆောက်ခဲ့သည်။ 

  
ပထမလျှပ်စစ်ဓာတ်အားပေးစက်ရုံကို ၂၀၁၈ ခုနှစ် ဒီဇင်ဘာလတွင် လျှပ်စစ်ထုတ်လုပ်နိုင်ရန် စီစဉ်ထားသော်လည်း ကျောက်မီးသွေးတင်သွင်းရန် ဆိပ်ကမ်းများတည်ဆောက်ခြင်းနှင့် ဖြန့်ဖြူးရန်ဓာတ်အားလိုင်းများ တပ်ဆင်ရာတွင် နှောင့်နှေးခဲ့သဖြင့် သတ်မှတ်ချိန်ထက် နောက်ကျခဲ့ရသည် ဆို၏။ 


ဘင်္ဂလားဒက်ရှ်တွင် ကျောက်မီးသွေးသုံး အကြီးစားဓာတ်အားပေးစက်ရုံများနှင့် ပတ်သက်၍ စိုးရိမ်ပူပန်မှုရှိနေသည်။ ကျောက်မီးသွေးစွမ်းအင်စက်ရုံများ တစ်ခုပြီးတစ်ခု တည်ဆောက်လည်ပတ်လျှက်ရှိသည်။ ၂၀၃၁-ခုနှစ် အရောက်တွင် ကျောက်မီးသွေးစွမ်းအင်စက်ရုံ ၃၀ အထိ တည်ဆောက်ရန် ရည်မှန်းထားသော ဘင်္ဂလားဒက်ရှ် သည် “ ကိုယ့်ဖာသာ ကာဗွန်ဗုံးခွဲ” သည်နှင့် တူညီနေမည်ဖြစ်ကြောင်း၊ 

  
အဆိုပါ စွမ်းအင်စက်ရုံများ တစ်ပြိုင်နက်လည်ပတ်ခြင်းကြောင့် ကမ္ဘာ့လေထုအတွင်းသို့ နှစ်စဉ် ကာဗွန်ဒိုင်အောက်ဆိုဒ် (CO2) တန်ချိန် ၁၁၅ သန်းကို ထုတ်လွှတ်နေလိမ့်မည်ဖြစ်ကြောင်း၊ ကျောက်မီးသွေးတင်သွင်းမှုတွင်လည်း အမေရိကန် ဒေါ်လာ ၂-ဘီလျှံအထိ သုံးစွဲရမည်ဖြစ်ရာ နိုင်ငံ၏ ကုန်သွယ်ရေး လိုငွေပြမှုနှင့် ရင်ဆိုင်ရလိမ့်မည်ဖြစ် ကြောင်း ၂၀၁၉-ခုနှစ် နိုဝင်ဘာလ သုတေသန တွေ့ရှိချက်၌ ဖော်ပြထားသည်။ 

  
(( လူ့အဖွဲ့စည်း ဖွံ့ဖြိုးတိုးတက်ရေးတွင် “လျှပ်စစ်စွမ်းအင်” မှာ မရှိမဖြစ်လိုအပ်သည်။ မျက်မှောက်ခေတ် နည်းပညာများအရ လျှပ်စစ်ဓါတ်ထုတ်ယူရာတွင် ညူကလီယာ၊ ကျောက်မီးသွေး၊ ဆည်၊ ရေအား၊ နေရောင် ခြည်၊ လေစွမ်းအင်တို့ကို အသုံးပြုရသည်။ မည်သည့်နည်းဖြင့် ထုတ်ယူသည်ဖြစ်စေ သဘာဝပတ်ဝန်းကျင် ထိခိုက်သည်ချည့်ဖြစ်ပြီး နည်းခြင်း-များခြင်းသာ ကွာခြားသည်။ 

  
ကျောက်မီးသွေး၊ ရေအားလျှပ်စစ်တို့သည် စွမ်းအင်များများ ထုတ်လုပ်နိုင်သော်လည်း သဘာဝပတ်ဝန်းကျင် ထိခိုက်မှု့ အလွန်များသည်။ နေရောင်ခြည်-လေအားတို့မှ လျှပ်စစ်စွမ်းအင်ထုတ်ယူလျှင် ကျောက်မီးသွေးနှင့် ရေအားတို့လောက် လျှပ်စစ်ပမာဏများများကို တစ်နေရာတည်းနှင့် ရယူနိုင်ခြင်း မရှိသေးချေ။ လျှပ်စစ်တစ်ယူနစ်အတွက် ဈေးကြီးနေဆဲဖြစ်သည်။ 


ဂျာမနီသည် လျှပ်စစ်စွမ်းအင်ကို များများထုတ်၊ များများသုံးစွဲနေသောနိုင်ငံဖြစ်သည်။ ညူကလီယာစက်ရုံများ မတည်ဆောက်လိုလျှင် ပြည်တွင်းထွက် ကျောက်မီးသွေးမှ စွမ်းအင်ထုတ်ယူယုံသာရှိသည်။ ထိုအစီအစဉ်ကို ဂျာမနီပြည်တွင်း၌ ပြင်းထန်စွာ ကန့်ကွက်ကြပါသည်။ သို့သော် ဂျာမနီအစိုးရသည် ကျောက်မီးသွေးမှ စွမ်းအင်ထုတ်ယူခြင်းကို လုံးဝရပ်ဆိုင်းခဲ့လျှင် နိုင်ငံစီးပွားရေး ထိုးကျသွားလိမ့်မည်ဖြစ်ကြောင်း ပြည်သူအများ နားလည်အောင် ရှင်းပြသည်။ ကျောက်မီးသွေးသာမက နေရောင်ခြည်နှင့် လေအားသုံး စွမ်းအင်စက်ရုံများ တစ်ပြိုင်နက် တည်ဆောက် ထုတ်ယူပြီး ကျောက်မီးသွေးအပေါ် မှီခိုမှုကို ၂၀၃၅-ခုနှစ်ရောက်မှ လုံးဝရပ်ဆိုင်းမည်ဖြစ်သည်။ 


ဘင်္ဂလားဒက်ရှ်သည် လေထုညစ်ညမ်းမှု့ အဆိုးရွားဆုံး အမှတ် ၂၀၀ ၌ ၁၆၉ မှတ်ဖြင့် အဆင့် ၁၁- ဖြစ်လျှက်ရှိသည်။ ဖွံံ့ဖြိုးဆဲနိုင်ငံဖြစ်သော်လည်း သောက်ဖောင်းထုသူလည်း အလွန်နည်းပါး၊ ပိုက်ဆံလည်း ပိုသုံးနိုင်သော ဘင်္ဂလားဒက်ရှ်တွင် နိုင်ငံ့လျှပ်စစ်လိုအပ်ချက် ၉၄ ရာနှုန်းကို ဖြည့်ဆည်းပေးနိုင်ပြီဖြစ်သည်။ ယခုနှစ်တွင် ညူက လီယာစွမ်းအင်စက်ရုံ ၁-ရုံ စတင်လည်ပတ်မည်ဖြစ်ပြီး ၂၀၂၂ ခုနှစ်တွင် လည်ပတ်မည့် အခြားညူကလီယာ စက်ရုံ ၁-ရုံကို တည်ဆောက်လျှက်ရှိသည်။ စီးပွားရေးလည်း တိုးလာသဖြင့် ရေငုတ်သင်္ဘော ၂-စီးပြူး တစ်ပြိုင်နက်တည်း ဝယ်နိုင်သည်။ 


မြန်မာတွင် ယခုထိ လျှပ်စစ်လိုအပ်ချက် ပျမ်းမျှ ၅၀ ရာနှုန်းသာ ဖြည့်ဆည်းနိုင်သေးပြီး ချင်းပြည်နယ်ဆိုလျှင် ၁၇ ရာနှုန်းသာရရှိသည်။ ကျောက်မီးသွေးလည်း ကန့်ကွက်- ရေအားလျှပ်စစ်ထုတ်ယူရန်မှာလည်း ဟန့်တားချည့်ခံနေရပြီး စွမ်းအင်စက်ရုံကြီးကြီးမားမား တည်ဆောက်သည်ကို မတွေရပါ။။ သို့သော်လည်း တစ်နေ့တစ်ခြား တိုးလာသည့် ပါးစပ်ပေါက်များနှင့် လူနေမှု့အဆင့်အတန်းမြှင့်တင်ရေးမှာ မည်သည့်နည်းနှင့် ရပ်တန့်ထားနိုင်ခြင်း မရှိပါ။ ရှိပြီး မဟာဓါတ်အားလိုင်းမှ ပိုမိုရှည်လျှားသည့် ဓါတ်အားလိုင်းများ သွယ်တန်းရတော့သည်။ ပုံမှန် ၅ မိုင်မှ ၇ မိုင်အတွင်းသာ ရှိရမည့်အစား ၁၂-မိုင်အထိ သွယ်တန်းရသဖြင့် လျှပ်စစ်လေလွင့်ဆုံးရှုံးမှု့ ပိုမိုများပြားလာရသည်ဆို၏။ ထိုဆုံးရှုံးမည့် ဘဏ္ဍာငွေများကို အခွန်ထမ်းပြည်သူများက ကျခံရမည်ဖြစ်သည်။ 


ကျွန်တော်တို့နိုင်ငံတွင် သစ်တောများပြုန်းတီးခြင်းသည် ရေကြီးရေလျံ၊ မုတ်သုန်ဝင်ထွက်ချိန်မမှန်ခြင်းကဲ့သို့ မူမမှန်ရာသီဥတုဖြစ်စေရန် အချက်တစ်ခု အမှန်ဖြစ်ပါသည်။ သိူ့သော် ကမ္ဘ္ဘာ့ကာဗွန်အထုတ်လွှတ်ဆုံး အိန္ဒိယနှင့် တရုတ်ကြားရှိ မြန်မာသည် ဆည်မတည်၊ ကျောက်မီးသွေးစက်ရုံမဆောက်ယုံမျှနှင့် သဘာဝပတ်ဝန်းကျင် ပြန် ကောင်းလာနိုင်စရာမရှိပါ။ ရေကြီး-ရေလျှံ မုတ်သုန်ဝင်ထွက်မမှန် ရပ်တန့်သွားစရာလည်း လမ်းမမြင်ပါ။ 

“ စွမ်းအင်လိုအပ်ချက်ဖြည့်ဆည်းရေး” မှာ ယခုလောလောဆယ် ဖြစ်ပွားနေသော “ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကပ်ဆိုက်ခြင်း” နှင့်အလွန်တူသည်။ ကူးစက်ရောဂါကို အမြစ်မဖြုတ်နိုင်မီ မိမိကိုယ်မိမိ ကိုယ်ခံအားကောင်းနေစေရန် ကြိုးစားယုံသာရှိသည်။ ဗိုင်းရပ်စ်နှင့် လုံးထွေးနေရသဖြင့် ကွာရန်တင်းသင့်-တင်း၊ Lock down ပိတ်သင့်သည့် နေရာပိတ်၊ ဖွင့်သင့်သည့်နေရာ ဖွင့်ကြရမှ စီးပွားရေး- ပညာရေးနှင့် လူမှုဘ၀ ရှင်သန်ကျန်ရစ်မည်ဖြစ်သည်။ 

ထို့ကြောင့် ကမ္ဘာကြီး ဘာဖြစ်နေသည်မကြည့်ပဲ ကျောက်မီးသွေးလည်း ကန့်ကွက်- ရေအားလျှပ်စစ်လည်း ဟန့်တားနေသူတို့သည် အင်ဂျာလာ မာကယ်နှင့် ရှိတ်ဟာစီနာကြီး အာပုံ သာမက မာမူတို့၏ အီကြာကွေး ကိုပါ စားသင့်သည်။ သူတို့လုပ်သည့် မုန့်ကို စားလျှင် သူတို့လို ဉာဏ်ကောင်းလာနိုင်၍ ဖြစ်သည်။ ။ သတင်းဘာသာပြန်သူ )) 

  
#ဘင်္ဂလားဒက်ရှ်ကျောက်မီးသွေးစွမ်းအင်စက်ရုံစမ်းသပ်လည်ပတ် 

((( Dhaka Tribune., 27 August 2020, “ Payra power plant unit 2 begins trial run.” #HtayOung, ကို #OungMarine ဆီလျော်အောင် ကောက်နှုတ် ဘာသာပြန်ဆိုသည်။ ))) 

https://www.dhakatribune.com/bangladesh/power-energy/2020/08/27/payra-power-plant-unit-2-begins-trial-run 


https://burma.irrawaddy.com/opinion/interview/2020/01/13/212750.html?fbclid=IwAR0m1PT_GatTzLBhDybZyKAl-GmI6ynxeuoASrHpOXS1TsGiB7asT2CaFy4 


https://www.thedailystar.net/frontpage/news/payra-coal-power-plant-takes-1853791 .

 
https://www.facebook.com/oung.marine/posts/428261581436745 
https://www.facebook.com/oung.marine/posts/473055786957324 

1+

Leave a Reply

Your email address will not be published.