ဘင်္ဂလားဒက်ရှ်နိုင်ငံဧရိယာ ထက်ဝက်တွင် ရေလွှမ်းမိုးမှု ပိုမိုဖြစ်ပွားနိုင်သည်ကို ကုလသမဂ္ဂစိုးရိမ်။ မိုးသည်းထန်စွာရွာသွန်းနိုင်ကြောင်း မိုးလေဝသဋ္ဌာန ကြိုတင်ခန့်မှန်း။ မြစ်ရေတိုး၍ ရေနှုတ်မြောင်းနှင့် ရေဆိုးမြောင်းများမှ ရေများ လျှံတက်နိုင်

ကမ္ဘာ့ကုလသမဂ္ဂ၏ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာညှိနှိုင်းဆောင်ရွက်ရေးရုံး (OCHA) အနေဖြင့် လာမည့်ရက်များအတွင်း ဘင်္ဂလားဒက်ရှ်နိုင်ငံ၏ ဧရိယာထက်ဝက်ခန့်တွင် ရေကြီးရေလျှံမှု ပိုမိုဆိုးရွားလာနိုင်ကြောင်း ခန့်မှန်းထားသည်။ ဘင်္ဂလားဒက်ရှ် မိုးလေဝသဌာန (BMD) ရေဘေးကြိုတင်ခန့်မှန်းခြင်းနှင့် သတိပေးရေးစင်တာ (FFWC) ကလည်း OCHA ၏ ဇူလိုင်လ ၁၇ ရက်နေ့ အာရှပစိဖိတ်ဒေသ လူသားချင်း စာနာမှုဆိုင်ရာ အစီရင်ခံစာကို ကိုးကားဖော်ပြခဲ့ကြကြောင်း Dhaka Tribune က ယနေ့ရေးသားသည်။ 

  
BMD နှင့် FFWC နှစ်ဋ္ဌာနလုံးတို့က လာမည့်ရက်အနည်းငယ်အတွင်း မိုးသည်းထန်စွာရွာသွန်းနိုင်ကြောင်း ခန့်မှန်းထားကြသည်။ ဒါကာမြို့ဧရိယာအချို့နှင့် ဘာဒါမြို့ အနီးတစ်ဝှိုက်တွင် ရေလွှမ်းမိုးမှုနှင့်ကြုံတွေ့ခဲ့ရပြီး ဖြစ်သည်။ ဒါကာမြို့တော် ရေနှင့်မိလ္လာစနစ်အာဏာပိုင်အဖွဲ့ (Dhaka WASA) ၏ ပတ်ဝန်းကျင်မြစ်များနှင့် ဆက်စပ်နေသော ရေနှုတ်မြောင်းနှင့် ရေဆိုးမြောင်းများမှ ရေများလျှံတက်လာပြီး ရေကြီးရေလျှံမှုကို ပိုမို ဆိုးရွားစေနိုင်ကြောင်း FFWC က သတိပေးသည်။ 


ခရိုင် ၂-ခုတွင် မြစ်ရေမျက်နှာပြင် ကျဆင်းသွားသဖြင့် ရေဘေးရှောင်စခန်းရှိသူများ စတင်ထွက်ခွာနေကြပြီဖြစ်သည်။ သို့သော် သတိပေးချက်များအရ လာမည့်ရက်အနည်းငယ်အတွင်း မိုးရွာသွန်းမှု ပိုမိုလာပြီး ရေကြီးရေလျှံမှုကို ပိုမို ဆိုးရွားစေနိုင်သည်ဆို၏။ 


တနင်္လာနေ့ ( ယနေ့ ) မှ စတင်၍ ရေမျက်နှာပြင် ပြန်လည်မြင့်တက်လာပြီး ဇူလိုင် ၂၅ ရက်မှ ၂၆ ရက်အထိ ဆက်လက်တည်ရှိနေနိုင်ကြောင်း၊ ယခု ရေမျက်နှာပြင် မြင့်တက်မှုသည် နိုင်ငံ၏ မတူညီသောနေရာအသီးသီးကို ရေလွှမ်းမိုးစေပြီးနောက် တဖန်ပြန်လည် ကျဆင်းသွားနိုင်ကြောင်း၊ ဇူလိုင်လ ၂၅ -၂၆ ရက်နောက်ပိုင်းတွင် မိုးသည်းထန်စွာ ရွာသွန်းမည်မဟုတ်ကြောင်း FFWC ၏ အမှုဆောင်အင်ဂျင်နီယာရုံးက ပြောဆိုသည်။


နိုင်ငံ၏ မြောက်ပိုင်းခရိုင်များတွင် မိုးရွာသွန်းမှုအခြေအနေမှာ လွန်ခဲ့သောသုံးရက်နှင့် နှိုင်းယှဉ်လျှင် ပိုမိုများပြားလာသည်ကို တွေ့ရှိရကြောင်း ။ ခရိုင် ၅-ခုတွင် လာမည့်သုံးရက်အတွင်း ဆက်လက်၍ မိုးသည်းထန်စွာ ရွာသွန်းနိုင်ကြောင်း၊ ထိုအတွက် မြစ်ချောင်းများတွင် ရေမျက်နှာပြင် မြင့်တက်လာမည်ဖြစ်ကြောင်း၊ အိမ်နီးချင်း အိန္ဒိယနိုင်ငံ အာသံပြည်နယ်တွင် မိုးရွာသွန်းမှုမှ ဘင်္ဂလားဒက်ရှ်မြစ်ချောင်းများအတွင်း တိုက်ရိုက်စီးဝင်မှုမရှိသော် လည်း မိုးရွာသွန်းမှု ရပ်စဲ၍ ရက်အနည်းငယ်အတွင်း ဘင်္ဂလားဒက်ရှ်တွင် မြစ်ရေမျက်နှာပြင် မြင့်တက်လာဖွယ်ရှိကြောင်း မိုးလေဝသပညာရှင်များက ခန့်မှန်းထားသည်။ 
ယမန်နေ့ မနက် ၉ နာရီအချိန် ဘင်္ဂလားဒက်ရှ် မိုးလေဝသဋ္ဌာန၏ ကြိုတင်ခန့်မှန်းချက်အရ ဒါကာ-ခူလနာမြို့များအနီးတစ်ဝှိုက်နှင့် ခရိုင် ၅-ခုတွင် နေရာကြဲကြဲ မိုးထစ်ချုန်းရွာသွန်းနိုင်ပြီး ရုတ်တရက် လေပြင်းများ တိုက်ခတ်နိုင်ကြောင်း သတိပေးထားသည်။ 

((( Dhaka Tribune., July 19, 2020, “UN fears half of Bangladesh may face more floods .By: Mehedi Al Amin ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ ))) 

#ဘင်္ဂလားဒက်ရှ်နိုင်ငံဧရိယာထက်ဝက်_ရေလွှမ်းမိုးမှုပိုမိုဖြစ်ပွားနိုင်_ကုလသမဂ္ဂစိုးရိမ်။ #မြစ်ရေတိုး၍_ ရေနှုတ်မြောင်းနှင့်_ရေဆိုးမြောင်းများမှ_ရေများလျှံတက်နိုင် 

0

Leave a Reply

Your email address will not be published.