ဘင်္ဂလားဒက်ရှ် လေတပ်မတော်က ကုလငြိမ်းချမ်းမှုထိန်းသိမ်းရေးမစ်ရှင်သို့ ရဟတ်ယာဉ် ၃-စင်းစေလွှတ်။ ကုလငြိမ်းချမ်းရေးတပ်များနှင့် မျက်မှောက်ခေတ် R2P အစဉ်အလာ

ဘင်္ဂလားဒေ့ရ်ှလေတပ်မတော် (BAF) သည် တပ်မတော်ပိုင် ရုရှားလုပ် MI-171SH သံချပ်ကာ ရဟတ်ယာဉ် ၃-စင်းအား ပထမဆုံးအကြိမ်အဖြစ် ဗဟိုအာဖရိကသမ္မတနိုင်ငံ ( CAR ) ရှိ ကုလသမဂ္ဂငြိမ်းချမ်းရေးထိန်းသိမ်းမှုမစ်ရှင် သို့ပေးပို့လိုက်သည်။ ယခင် မေ ၂၉-ရက်နေ့ကလည်း ဘင်္ဂလားဒက်ရှ်အနေဖြင့် မြေပြင် တပ်ဖွဲ့ဝင် ၁၂၃ ဦး ကို ကုလသမဂ္ဂက ချာတာငှားရမ်းသော ဘင်္ဂလားဒက်ရှ် ဘီမန်း လေကြောင်းလိုင်းဖြင့် မင်နူဆမာမစ်ရှင်နယ်မြေသို့ စေလွှတ်ခဲ့သည်ဟု Dhaka Tribune က ယမန်နေ့ရေးသားသည်။

စနေနေ့နံနက် ၅:၃၃ နာရီတွင် အဆိုပါရဟတ်ယာဉ်များကို ကုလသမဂ္ဂမစ်ရှင်က စင်းလုံးငှားရမ်းသော Antonov-124 အမျိုးအစား မဟာဗျူဟာမြောက် ကုန်တင်လေယာဉ်တွင် တင်ဆောင်၍ ဗဟိုအာဖရိကသမ္မတနိုင်ငံမြို့တော် ဘန်ဂွီလေဆိပ်သို့ ဦးတည်ထွက်ခွာသွားပြီဖြစ်ကြောင်း၊ ခေတ်မီဆန်းပြားသော ညဘက်မြင်ကွင်းနည်းပညာနှင့် အခြားစက်ကိရိယာများတပ်ဆင်ထားသည့် ရဟတ်ယာဉ်များနှင့်အတူ လေယာဉ်အမှုထမ်းများ လိုက်ပါသွားကြောင်း တပ်မတော် ပြည်တွင်းပြည်သူ့ဆက်ဆံရေး (ISPR) ၏ သတင်းထုတ်ပြန်ချက်၌ ဖော်ပြ ထားသည်။

ဘင်္ဂလားဒေ့ရ်ှသည် ကုလငြိမ်းချမ်းမှုထိန်းသိမ်းရေးအသင့်ရှိမှုစံနစ် (PCRS) အတွက် Rapid Deployment Level (RDL) သတ်မှတ်ချက်များနှင့်အညီ စေလွှတ်ပေးနိုင်သည့် ကုလသမဂ္ဂ၏ ပထမဆုံးအဖွဲ့ဝင်နိုင်ငံဖြစ်လာပြီး ကမ္ဘာ့ငြိမ်းချမ်းရေးနှင့်လုံခြုံရေးအပေါ်ခိုင်မာသည့် ကတိကဝတ်ကို ထင်ဟပ်ပြသရာ ရောက်သည်ဆို၏။

ဘင်္ဂလားဒက်ရှ်လေတပ်မတော်တပ်ဖွဲ့ဝင်များသည် ကုလသမဂ္ဂ၏ ပဋိပက္ခလျော့ပါးရေးအတွက် ငြိမ်းချမ်းရေးထိန်းသိမ်းမှုမစ်ရှင်များတွင် ထိရောက်၊ ကျွမ်းကျင်၊ရိုးသားမှု ပြည့်ဝစွာ တာဝန်ထမ်းဆောင်ခြင်းဖြင့် နိုင်ငံ့ဂုဏ်ကို မြှင့်တင်ပေးလျှက်ရှိသည်။ ဗဟိုအာဖရိကသမ္မတနိုင်ငံတွင် ဖြစ်ပွားလျှက်ရှိသော ပဋိပက္ခများကို ဖြေရှင်းရန် နိုင်ငံတကာတွင် ကိုရိုနာဗိုင်းရပ်စ်စွဲရောဂါကျရောက်လျှက်ရှိသည့်တိုင် ဘင်္ဂလားဒက်ရှ်အနေဖြင့် ယခုကဲ့သို့ တပ်ဖွဲ့နှင့် စစ်ယာဉ်များ ပေးပို့ခြင်းဖြစ်သည်။

(( လွန်ခဲ့သော နှစ်များက မြန်မာနိုင်ငံအား R2P ရန် ကုလသမဂ္ဂငြိမ်းချမ်းရေးတပ်ဖွဲ့ဝင် မလေးရှားတပ်များ ထွက်ခွာသွားပြီဟု ဓါတ်ပုံနှင့်တကွ သတင်းတင်သူများ ရှိခဲ့သည်။ ထို့အပြင် အင်ဒိုနီးရှားနှင့် အရှေ့တီမောပဋိပက္ခတွင် ကြားဝင်သကဲ့သို့ ကုလသမဂ္ဂတပ်ဖွဲ့ဝင်အမှတ်အသား မပါရှိသော ယူနီဖောင်းဝတ်ဆင်၍ စစ်တိုက်ကြလိမ့်မည်ဟု သတင်းသဖွယ် ရေးသားသူများရှိခဲ့သည်။

၎င်းတို့အားလုံးမှာ သတင်းအမှားနှင့် အချက်အလက်မှားများသာဖြစ်သည်။

ကုလသမဂ္ဂငြိမ်းချမ်းမှုထိန်းသိမ်းရေးအတွက် မလေးရှားတပ်ဖွဲ့ဝင်များထွက်ခွာခြင်းမှာ ကုလ၏အစီအစဉ်အရ အာဖရိက နိုင်ငံတစ်နိုင်ငံသို့ဖြစ်သည်။

အလားတူပင် လက်ဘနွန်နိုင်ငံတွင် ကုလသမဂ္ဂငြိမ်းချမ်းရေးတပ်ဖွဲ့ဝင် ယူနီဖောင်းဝတ် မလေးရှားတပ်မတော်သားအချို့သည်၎င်း နီပေါတပ်မတော်သားအချို့မှာ တောင်ဆူဒန်တွင်၎င်း တာဝန်ထမ်းဆောင်လျှက်ရှိသည်။

ပဋိပက္ခ ပြင်းထန်စွာဖြစ်ပွားခဲ့သော ၁၉၉၉- ၂၀၀၀ ခုနှစ် အရှေ့တီမောတွင် အင်ဒိုနီးရှားတပ်များနှင့် တိုက်ပွဲများဖော်ဆောင်ခဲ့သည်မှာ ကုလသမဂ္ဂငြိမ်းချမ်းရေးတပ်များမဟုတ်၊ သြစတေးလျှတပ်မတော် အဓိကပါဝင် သည့် International Force East Timor ( INTERFET များသာဖြစ်ပြီး ကုလငြိမ်းချမ်းရေးတပ် မဟုတ်မူ၍ သီးခြား စစ်ယူနီဖောင်းနှင့် တံဆိပ်အမှတ်အသား ဝတ်ဆင်ကြသည်။

အရှေ့တီမောအတွင်း ဝင်ရောက်လျှက် တီမောခွဲထွက်ရေးသမားအုပ်စုများနှင့် ပဋိပက္ခဖြစ်ပွားရာတွင် လူ့အခွင့်အရေးဆိုးရွားစွာချိုးဖောက်သည်ဆိုသော အင်ဒိုနီးရှားတပ်များအား ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ လူသားချင်းစာနာမှုဆိုင်ရာ ဆုံးဖြတ်ချက်အမှတ် ၁၂၆၄ ခွင့်ပြုချက်အရ INTERFET တို့က စစ်ရေးဆောင်ရွက်ခြင်းဖြစ်သည်။ ပဋိပက္ခ ချုပ်ငြိမ်းလုဆဲဆဲ အရှေ့တီမောသို့ ၂၀၀၀-ခုနှစ် စက်တင်ဘာတွင် ကုလငြိမ်းချမ်းရေးတပ်စစ်စစ်များ ရောက်ရှိလာပြီး INTERFET တို့နှင့် တာဝန်လွှဲပြောင်းယူခဲ့သည်။

ကုလသမဂ္ဂအဖွဲ့ဝင် အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်နိုင်ငံဖြစ်သော အင်ဒိုနီးရှားအပေါ် စစ်အင်အား အသုံးပြု ရာတွင် INTERFET နှင့် ကုလငြိမ်းချမ်းရေးတပ်များသည် အလွန်ရှုတ်ထွေးပြီး စစ်နယ်မြေကျယ်ပြန့်စေသည့် “ အယောင်ဆောင် ပုံဖျက်တိုက်ခိုက်ခြင်း” ကဲ့သို့ ယူနီဖောင်းပုံမှားရိုက်ဝတ်ဆင်ခြင်း မရှိခဲ့ပါ။ ကုလလုံခြုံရေး ကောင်စီ၏ ဆုံးဖြတ်ချက်အရ စစ်ပြုခြင်းဆိုင်ရာ နိုင်ငံတကာကွန်ဗင်းရှင်းများနှင့်အညီ ပွင့်လင်းမြင်သာစွာ ဆောင်ရွက်ခဲ့ကြောင်း တွေ့ရှိရသည်။

မကြာသေးခင်က လူသိများသည့် R2P တစ်ခုမှာ လစ်ဗျားနိုင်ငံတွင်ဖြစ်ပွားခဲ့သည်။ လူ့အခွင့်အရေး ချိုးဖောက်လျှက် သွေးချောင်းစီးပဋိပက္ခများကို ရပ်စဲစေရန် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ၂၀၁၁-ခုနှစ် မတ်လရက်စွဲပါ ဆုံးဖြတ်ချက်အမှတ် ၁၉၇၃-အရ နေတိုးတိုက်လေယာဉ်များက စစ်ရေးကြားဝင်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ ဆုံးဖြတ်ချက်ကို တရုတ်-ရုရှားအပါဝင် လုံခြုံရေးကောင်စီအမြဲတန်းအဖွဲ့ဝင်နိုင်ငံကြီးများကပါ ကန့်ကွက် ခြင်းမရှိ၍ “ လစ်ဗျားဝေဟင်တွင် လေယာဉ်မပျံသန်းရဇုန် “ ကိုပင် ပြဋ္ဌာန်းခဲ့ခြင်းဖြစ်သည်။

အချုပ်ဆိုရလျှင် ကုလသမဂ္ဂငြိမ်းချမ်းမှုထိန်းသိမ်းရေးတပ်များသည် အဆင့်မြင့် ကျယ်ပြန်သော အကြီးစားစစ်ဆင်ရေးမျိုးများတွင် ပါဝင်လေ့မရှိပါ။ စစ်ပွဲတို့သည်လည်း နိုင်ငံတကာကွန်ဗင်းရှင်းများအတိုင်းဖြစ်ပြီး ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်အရသာလျှင် ဆောင်ရွက်နိုင်ကြောင်း တွေ့ရှိရပါသည်။ ။ သတင်းဘာသာပြန်သူ ))

((( Dhaka Tribune., June 20, 2020, “Air force sends 3 helicopters to UN peacekeeping mission” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ )))

#ဘင်္ဂလားဒက်ရှ်_လေတပ်မတော်က_ကုလငြိမ်းချမ်းမှုထိန်းသိမ်းရေးမစ်ရှင်သို့ ရဟတ်ယာဉ်_၃စင်းပေးပို့။ #မျက်မှောက်ခေတ်R2Pနှင့်အရှေ့တီမော_လစ်ဗျား

https://www.dhakatribune.com/bangladesh/2020/06/20/air-force-sends-3-helicopters-to-un-peacekeeping-mission

http://www.dailyexpress.com.my/news/141234/first-batch-malbatt-leaves-for-lebanon/

https://www.independent.co.uk/news/world/asia/new-zealand-soldier-is-shot-dead-in-east-timor-707915.html

https://www.bbc.com/news/world-africa-12781009

0

Leave a Reply

Your email address will not be published.