ဘင်္ဂလားပင်လယ်အော်တွင် ပိုက်ဆွဲငါးဖမ်းလှေနစ်မြုတ်၊ မလေးရှားသို့ ထွက်ခွာလာသော လူကုန်ကူးခံရသူဒုက္ခသည်ဘင်္ဂါလီ ၁၅-ဦးထက်မနည်းသေဆုံး။ ဘင်္ဂလားဒက်ရှ်တို့၏ ဥရောပအိပ်မက်နှင့် ဆိုးရွားလှသော ဥပါဒါန်

အင်္ဂါနေ့နံနက်စောစောပိုင်းတွင် ဘင်္ဂလားပင်လယ်အော် စိန့်မာတင်ကျွန်းအနီး၌ ပိုက်ဆွဲငါးဖမ်းလှေနစ်မြုတ်ရာ မလေးရှားသို့ ဦးတည်ထွက်ခွာလာသော ဒုက္ခသည်ဘင်္ဂါလီ ( မူရင်းရိုဟင်ဂျာဟုဖော်ပြ ) ၁၅- ဦးထက်မနည်း သေဆုံးကြောင်း Dhaka Tribune က ယနေ့ရေးသားသည်။

လူ ၇၀- ဦးကို ကယ်ဆယ်နိုင်ခဲ့ပြီး ပြုစုကုသပေးလျှက်ရှိကြောင်း ၊ ဆယ်ယူရရှိသော ရုပ်အလောင်းများတွင် ကလေး ၃-ဦးအပါအဝင် မိန်းမအများစုဖြစ်ပြီး၊ ပျောက်ဆုံးနေသူ ၃၀- ၃၅ ယောက်ခန့်ရှိသဖြင့် သေဆုံးအရေအတွက် တိုးမြင့်လာနိုင်ကြောင်း၊ အသက်ရှင်လျှက် ကယ်ဆယ်ရရှိသူများအဆိုအရ ၎င်းတို့သည် ကော့ခ်ဘဇားမြို့နယ် နိုအာခါလီပရာဆိပ်ကမ်းမှ ထွက်ခွာလာသူ ဒုက္ခသည်ဘင်္ဂါလီများဖြစ်ကြောင်း၊ အင်္ဂါနေ့နံနက်စောစောပိုင်း ၃-နာရီခန့်အချိန်တွင် ပိုက်ဆွဲငါးဖမ်းလှေဖြင့် ထွက်ခွာလာကြ၍ စိန့်မာတင်ကျွန်းမှ ရေမိုင် ၃-မိုင်ခန့်အကွာတွင် လှေနစ်မြုတ်ခဲ့ကြောင်း ဘင်္ဂလားဒက်ရှ်ကမ်းခြေစောင့်တပ်က အတည်ပြုသည်။

ငါးဖမ်းလှေပေါ်တွင် လူ ၁၀၀ ကျော် လိုက်ပါပြီး၊ နစ်မြုတ်ကြောင်း သတင်းရရှိသည်နှင့် ကမ်းခြေစောင့်တပ်နှင့် ဘင်္ဂလားဒက်ရှ် ရေတပ်မတော်စစ်ရေယာဉ် ၂-စီးတို့က ရှာဖွေကယ်ဆယ်ရေး စတင်နိုင်ခဲ့ကြောင်း၊ နစ်မြုတ်လျှက်ရှိသော လှေအတွင်းမှ ရုပ်အလောင်းများကို ရေငုတ်သမားများက ရှာဖွေဆွဲထုတ်လျှက်ရှိကြောင်း သိရှိရသည်။

ဘင်္ဂလားဒက်ရှ်သည် ကော့ခ်ဘဇား၌ ဒုက္ခသည်ဘင်္ဂါလီ ၁.၁ သန်းတို့ကို လက်ခံထားရပြီး၊ ၎င်းတို့အနက် ၇၃၀,၀၀၀ မှာ ၂၀၁၇-ခုနှစ် သြဂုတ်လ၌ မြန်မာလုံခြုံရေးတပ်များနှင့် အရပ်သားများ၏ အကြမ်းဖက်ဖိနှိပ်မှုများကြောင့် နယ်စပ်ကို ဖြတ်ကျော်ကာ အစုအပုံလိုက် ထွက်ပြေးလာကြရသူ နောက်ဆုံးအသုတ်မှဖြစ်သည်။

နှစ်စဉ်လိုလိုပင် ဘင်္ဂလားဒက်ရှ်နိုင်ငံသားများနှင့် ဒုက္ခသည်ဘင်္ဂါလီထောင်ပေါင်းများစွာတို့သည် လူကုန်ကူးသူများ သွေးဆောင်မှု့ဖြင့် မလေးရှား သို့မဟုတ် အင်ဒိုနီးရှားနိုင်ငံများသို့ အလွန်အန္တရာယ်များသော ပင်လယ်ရေလမ်းခရီးဖြင့် စွန့်စားသွားရောက်နေကြသည်။ အများစုမှာ မတ်လမတိုင်မီ လှိုင်းလေငြိမ်သက်ချိန်၌ ခရီးစတင်လေ့ရှိကြောင်း သတင်း၌ဖော်ပြသည်။

ယနေ့ Dhaka Tribune သတင်းစာ၌ပင် “ ဘင်္ဂလားဒက်ရှ်တို့၏ ဥရောပအိပ်မက်နှင့် ဆိုးရွားလှသောဥပါဒါန် “ ခေါင်းစဉ်ဖြင့် အကြောင်းအရာတူ အခြားသတင်းတစ်ပုဒ်ကို တွေ့ရှိရသည်။

ဒုတိယကမ္ဘ္ဘာစစ်လွန်ဥရောပ၌ အတိမ်းအစောင်းမခံသော အကြောင်းပြချက်များဖြင့် မအောင့်အည်းနိုင်ကြောင်း သတိပေးအသံဗလံများ ထွက်ပေါ်နေစဉ် ဥရောပ၌ခြေချခွင့်ရရှိရန် လူကုန်ကူးသူတို့အား အမေရိကန်ဒေါ်လာ ၂,၄၀၀ ခန့် ပေးနေသူများရှိကြောင်း သတင်း၌ အစပြုထားသည်။

မရေမတွက်နိုင်သော ဘင်္ဂလားဒက်ရှ်ရွှေ့ပြောင်းအခြေချသူများအတွက် ဥရောပခရီးစဉ်မှာ အကောင်အထည်ပေါ်ရန် ခဲယဉ်းလှပါသည်။ အသက်ဆုံးရှုံးနိုင်သော်ငြားလည်း ဥရောပ၏ လုပ်ခလစာကောင်းကောင်းနှင့် အကြင်နာတရားရှိသော လူဝင်မှုကြီးကြပ်ရေးဥပဒေများက သန်းပေါင်းများစွာသော ရွှေ့ပြောင်းအခြေချသူများအတွက် စိတ်ဝင်စားဖွယ်ဖြစ်သည်။ပဋိပက္ခဖြစ်ပွားလျှက်ရှိသော အီရတ်၊ လစ်ဗျား၊ ဆီးရီးယား၊ ဆိုမာလီယာ၊ ယီမင်နှင့် အခြားနိုင်ငံသားများစွာတို့မှာ ဥရောပသို့ဦးတည်ထွက်ခွာလျှက်ရှိသည်။

လွန်ခဲ့သော နှစ်များကဆိုလျှင် အရှေ့အလယ်ပိုင်းတွင် အလုပ်လုပ်သော ဘင်္ဂလားဒက်ရှ်တို့မှာ စိတ်ပျက်ဖွယ်မရေရာခြင်းများမှ ပိုမိုကောင်းမွန် သော ဘဝရပ်တည်မှုရှာဖွေရန်အတွက် ကြောက်မက်ဖွယ်အခြေအနေရှိ မြေထဲပင် လယ်အား အတောမသတ်နိုင် အကြိမ်ကြိမ်ဖြတ်သန်းခဲ့ကြပြီးဖြစ်သည်။ ၎င်းကြိုးပမ်းမှုအများစုတို့ အမှန်တကယ်ရရှိသွားခဲ့သည်မှာ သေခြင်းသာဖြစ်သည်။

၂၀၁၉-ခုနှစ် တစ်နှစ်တည်း၌ပင် ဘင်္ဂလားဒက်ရှ်အစိုးရက ပြန်လည်လက်ခံခဲ့ရသော ရုပ်အလောင်း ၄,၀၃၆- လောင်း၏ အများစုမှာ အရှေ့အလယ်ပိုင်းမှဖြစ်သည်။ ၂၀၀၅-ခုနှစ်မှ ၂၀၁၈-ခုနှစ်အတွင်း ရွှေ့ပြောင်းအခြေချသူ ၃၃,၁၁၂-ဦးမှာ ရုပ်အလောင်းအနေဖြင့် ပြန်လည်ရောက်ရှိလာခဲ့သည်။

၂၀၁၆-ခုနှစ် တစ်နှစ်တည်း၌ မြေထဲပင်လယ်အား ဖြတ်သန်းသူ တောင်အာရှနိုင်ငံသား တရားမဝင်ရွှေ့ပြောင်းအခြေချ ၃၄,၀၀၀ – ဦးရှိသည်။ အီတလီအာဏာပိုင်တို့စာရင်းရှိ ဘင်္ဂလားဒက်ရှ်နိုင်ငံသား ၈,၁၃၁- ဦးမှာ သမားရိုးကျမဟုတ်သောနည်းလမ်းဖြင့် ရောက်ရှိလာသူများဖြစ်နေသည်။ ၂၀၁၇-ခုနှစ် ပထမ ရက်ပေါင်း ၁၀၀ အတွင်း အီတလီကမ်းခြေသို့ ရောက်ရှိလာသူ ဘင်္ဂလားဒက်ရှ် ၄,၆၄၅ – ဦး ရှိသည်။ ထို့အတူ လူကုန်ကူးသူများကျေးဇူးဖြင့် ခိုးဝင်ဘဝရောက်ကာ တူရကီအကျဉ်းထောင်များ၌ အကျဉ်းချခံနေရသူ ဘင်္ဂလားဒက်ရှ် ၃၅၀-ဦးရှိသည်။

ဘင်္ဂလားဒက်ရှ်နိုင်ငံအလယ်ပိုင်းနေ မိသားစုသည် ဆင်းရဲမွဲတေလှသော ဘဝမှ ရုန်းထွက်ရန် ရှိစုမဲ့စု လယ်-မြေများကို ရောင်းချ၍ အလီမီရာအား ပင်လယ်ရပ်ခြား အိုမန်နိုင်ငံသို့ ပို့လိုက်သည်။ အလီမီရာသည် ရွာတွင် ရှာဖွေနိုင်မည့် ငွေပမာဏထက် သူ့မိသားစုအား ပြန်ပို့နိုင်ပါသည်။ အိုမန်နိုင်ငံတွင် ကြမ်းတမ်းသောအလုပ်များနှင့် အခက်အခဲများကြုံတွေ့ရပြီးနောက် အလုပ်အကိုင်အခွင့်အလမ်းပိုကောင်းသောဥရောပသို့ အရောက်ပို့ပေးရန် ပွဲစားလက်သို့ အမေရိကန်ဒေါ်လာ ၂,၃၀၀ ကျော်ပေးအပ်လိုက်ရသည်။

ထိုအချိန်မှ စ၍ အလီမီရာတစ်ယောက် ၁၂-နှစ်ကျော်ကြာ ပျောက်သွားပြီး လွန်ခဲ့သော နိုဝင်ဘာလမှ မိသားစုနှင့် ပြန်လည်အဆက်အသွယ်ရရှိသည်။ အလီ အားမလျှော့ပါ၊ နောက်တစ်ကြိမ်ကြိုးစားမည်ဖြစ်၍ မိသားစုနေအိမ်အား ရောင်းချပြီး ငွေ့ပို့ပေးရန် မှာကြားသည်။

မကြာသေးခင်က အလီ၏ ရုပ်အလောင်းကို တူရကီနိုင်ငံကမ်းခြေတွင် တွေ့ရှိရခြင်းနှင့်အတူ သူ့မိသားစု အိပ်မက်မှာလည်း နိဂုံးချုပ်သွားသည်။

https://www.dhakatribune.com/bangladesh/nation/2020/02/11/11-dead-as-trawler-carrying-rohingyas-capsizes-in-bay

https://www.dhakatribune.com/bangladesh/2020/02/11/bangladesh-s-fatal-obsession-with-the-european-dream

#ဒုက္ခသည်ဘင်္ဂါလီတို့၏ငါးဖမ်းလေစိန့်မာတင်ကျွန်းအနီးှနစ်မြုတ် # ဘင်္ဂလားဒက်ရှ်တို့၏ဥရောပအိပ်မက်နှင့် ဆိုးရွားလှသောဥပါဒါန်

((( Dhaka Tribune., February 11th, 2020,” 15 Rohingyas die as trawler capsizes in Bay.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာ ပြန်ဆိုသည်။ အကြောင်းအရာတူ ဖြည့်စွက်ဖော်ပြချက်များမှာ ပေးထားပါ Links အတိုင်း ဖြစ်သည်။ )))

https://www.dhakatribune.com/bangladesh/2020/02/10/dr-momen-rubbishes-indian-minister-s-ridiculous-comment-on-bangladesh

https://www.livemint.com/news/india/half-of-bangladesh-will-be-empty-if-indian-citizenship-offered-g-kishan-reddy-11581265772155.html

0

Leave a Reply

Your email address will not be published.