ဘင်္ဂလားပင်လယ်အော် ကပ္ပလီကျွန်းစုများအနီး ခြေလှမ်းစိတ်လာသော တရုတ်သင်္ဘောများကို မျက်ခြည်မပြတ်စောင့်ကြည့်ခဲ့ဟု အိန္ဒိယရေတပ်ဦးစီးချုပ် ပြော။ လာမည့်နှစ် အိန္ဒိယရေတပ်စစ်ရေးလေ့ ကျင့်ရာ၌ ဖိတ်ကြားမည့် ပြည်ပနိုင်ငံများစာရင်းတွင် တရုတ် မပါဝင်

အိန္ဒိယသမုဒ္ဒရာအတွင်း ဝင်ရောက်မှု့ ပိုမိုများပြားလာသော တရုတ်သင်္ဘောများ၏ လှုပ်ရှားမှု့ လမ်းကြောင်းတို့ကို အနီးကပ်မျက်ခြည်မပြတ်စောင့်ကြည့်ခဲ့ပြီး လာမည့်နှစ် အမျိုးသားရေတပ်မတော်စစ်ရေးလေ့ကျင့်ရာ၌ ဖိတ်ကြားမည့် စိတ်တူကိုယ်တူ ပြည်ပနိုင်ငံများစာရင်း၌ တရုတ်နိုင်ငံပါဝင်ခြင်းမရှိကြောင်း အိန္ဒိယရေတပ်စစ်ဦးချုပ်က ပြောဆိုသည်ဟု ဒီဇင်ဘာ ၄-ရက် Russia Today က ရေးသားသည်။

လွန်ခဲ့သည့် အင်္ဂါနေ့တွင် ကျင်းပသော “ အိန္ဒိယရေတပ်မတော်နေ့ “ သတင်းစာရှင်းလင်းပွဲ၌ အိန္ဒိယရေတပ်စစ်ဦးချုပ် ရေကြောင်းဗိုလ်ချုပ်ကြီး ကာရမ်ဘာဆင်းက ပြောကြားရာ ယခုဝင်ရောက်လာသည့် တရုတ်သင်္ဘောများမှာ တိုင်းတာရေးသုတေသနသင်္ဘောများဖြစ်ပြီး ပျမ်းမျှ ၇-စီးမှ ၈-စီးအထိရှိကြောင်း၊ အိန္ဒိယ၏ exclusive economic zone အထူးသီးသန့်စီးပွားရေးပင်လယ်ရေပိုင်နက် ( EEZ ) အနီးထိ ချဉ်းကပ်လျှက် သတ္ထုရှာဖွေခြင်းများ ပြုလုပ်နေပြီး တရုတ်သင်္ဘောများမှာ ပင်လယ်ဒါးပြရန်ကာကွယ်ရေးကိုလည်း ဆောင်ရွက် လေ့ရှိကြောင်း အသိပေးရှင်းလင်းသည်။

ယခင်ကလည်း ခွင့်ပြုချက်ကြိုတင်တောင်းခံခြင်းမရှိပဲ EEZ အနီးဝင်ရောက်လာသည့် တရုတ်စူးစမ်းတိုင်းတာရေးသင်္ဘောအား စစ်သင်္ဘောတစ်စီးစေလွှတ်ကာ နောက်ယောင်ခံ မောင်းထုတ်ခဲ့ရကြောင်း၊ ၎င်းအဖြစ်အပျက်များမှာ ကပ္ပလီကျွန်းစုနှင့် နီကိုဘာကျွန်းများအနီး ဘင်္ဂလားပင်လယ်အော်အတွင်း၌ ဖြစ်ကြောင်း၊ ကျူးကျော်ဝင်ရောက်လာခဲ့သည့် တရုတ်သင်္ဘောမှာ တောင်တရုတ်ပင်လယ်အဏ္ဏဝါဗေဒအင်စတီကျု့ဒ်ပိုင် Shiyan 1 “ ရှီယန်း-ဝမ်း “ တိုင်းတာရေးသင်္ဘာဖြစ်ကြောင်း သိရှိရသည်။

ထို့ပြင် လာမည့်နှစ် မတ်လတွင် ကျင်းပရန်စီစဉ်ထားသည့် အိန္ဒိယရေတပ်မတော်၏ Milan 2020 naval drill “ မီလန်၂၀၂၀ ရေတပ်စစ်ရေးလေ့ကျင့်ပွဲ “ တွင် တရုတ်နိုင်ငံအား ဖိတ်ကြားမည်မဟုတ်ကြောင်း၊ ဖိတ်ကြားမည့် အခြား နိုင်ငံများမှာ ( ၄၁ ) နိုင်ငံရှိရာ အမေရိကန်၊ ရုရှား၊ ပြင်သစ်၊ သြစတေးလျှ၊ ဂျပန်နှင့် ဖိလစ်ပိုင်တို့ ပါဝင်ကြောင်း၊ အိန္ဒိယက စိတ်တူသဘောတူအဖြစ် သတ်မှတ်ထားသည့် နိုင်ငံများနှင့်သာ အပြန်အလှန် ကူးလူးဆက်ဆံမည်ဖြစ်ပြီး ဥပဒေနှင့်အညီ လွတ်လပ်စွာရေကြောင်းသွားလာရေး၊ ပင်လယ်ပြင်ဘေးအန္တရာယ်ကင်းရေးနှင့် လုံခြုံရေးဆိုင်ရာ ဘုံအကျိုးစီးပွားများကို မျှဝေကြရန် အိန္ဒိယက စိတ်ပါဝင်စားကြောင်း ရေကြောင်း ဗိုလ်ချုပ်ကြီးက ပြောကြားသည်။

ထိုစဉ်အတောအတွင်း တရုတ်နိုင်ငံကလည်း လာမည့် ဇန်နဝါရီလတွင် အိန္ဒိယ၏ ယှဉ်ပြိုင်ဘက် ရန်သူတော် ပါကစ္စတန်နှင့် နှစ်နိုင်ငံရေတပ်ချင်း ပူးတွဲစစ်ရေးလေ့ကျင့်ကြမည်ဟု တရုတ်ကာကွယ်ရေးဝန်ကြီးဋ္ဌာန ပြောရေးဆိုခွင့်ရှိသူက အတည်ပြုသည်။ သို့သော် အဆိုပါစစ်ရေးလေ့ကျင့်မှု့သည် မည်သည့်နိုင်ငံအင်အား စုကိုမျှ ရည်ညွှန်းခြင်းမရှိပဲ၊ မဟာဗျူဟာမြောက်မိတ်ဖက်နိုင်ငံနှင့် ပင်လယ်ရေကြောင်းဆိုင်ရာအသိုင်းအဝိုင်း၏ အနာဂါတ်အလားအလာများမျှဝေခြင်းသာဖြစ်ကြောင်း အလေးအနက်ပြောကြေားသည်။

(( လွန်ခဲ့သည့် ဆယ်စုနှစ်အတွင်း အိန္ဒိယနိုင်ငံအနေဖြင့် စီးပွားရေးအင်အား ကြီးထွားလာပြီး စစ်အင်အား တိုးမြှင့်တည်ဆောက်လာခဲ့သည်။ တစ်စစ အင်အားကြီးထွားလာသော အိန္ဒိယရေတပ်မတော်နှင့် အိန္ဒိယသမုဒ္ဒရာတွင် ယခင်က အများဆုံးထိပ်တိုက်တွေ့ကြသည်မှာ နေတိုးစစ်စာချုပ်အဖွဲ့ဝင်နိုင်ငံများမှ စစ်သင်္ဘောများ ဖြစ်ကြသည်။


နယ်စပ်အငြင်းပွားရာမှ ကိုယ်ထိလက်ရောက် စစ်ခင်းခဲ့ကြဖူးသော တရုတ်နှင့် အိန္ဒိယတို့သည် ယခင်က နှစ်နိုင်ငံနယ်စပ်များ၌သာ စုရုံးစစ်ရေးလေ့ကျင့် အင်အားပြလေ့ရှိပြီး၊ ရွေ့လျား စစ်အင်အားပြခြင်းတွင်မူ ကြောင် လက်သည်းဝှက်ပမာ ရှိခဲ့ပါသည်။ ယခုနှစ်များ၌မူ တရုတ်၏ ပါကစ္စတန်နှင့် စစ်ရေးလေ့ကျင့်မှု့သည် ရေတပ်အချင်း ချင်းသာမက၊ အိန္ဒိယနိုင်ငံမြောက်ပိုင်း ပိုင်ဆိုင်မှု့အငြင်းပွား ကက်ရှ်မီးယားအနီး ပါကစ္စတန် ကုန်းတွင်းပိုင်း၌ပါ ပူးတွဲစစ်ရေးလေ့ကျင့်လာခဲ့ကြောင်း တွေ့ရှိရပါသည်။

ဤတွင် အိန္ဒိယကလည်း အားကျမခံ နိုင်ငံချင်း စစ်ရေး-စီးပွားရေး ပေါင်းစည်းမှု့တိုးမြှင့်လာသည်မှာ တရုတ်၏ ရန်သူတော် ဂျပန်နှင့်ဖြစ်လေသည်။ ဂျပန်သည် ကိုယ်ပိုင်ကာကွယ်ရေးတပ်မတော်ဟုသာ အမည်ခံသော်လည်း ၂၀၁၉-ခုနှစ် Global Fire Power ရေတပ်အင်အားတွင် ၁၃၇-နိုင်ငံ၌ အဆင်-့ ၁၈ ရှိနေသည်။ အဆင့် ၁၅ တွင် ရှိနေသော ဒေသတွင်း မြန်မာ့ရေတပ်မတော်အတွက် သတိပြုစရာပင်ဖြစ်သည်။

၂၀၁၉-ခုနှစ် နိုင်ငံတကာ Global Fire Power ရေတပ်အင်အားတွင် အဆင့် ၁- မှာ မြောက်ကိုရီးယားဖြစ်သည်။ ၂- တရုတ် ၊ ၃-အမေရိကန်၊ ၄- အီရန်၊ ၅- ရုရှား၊ ၇- အိန္ဒိယ၊ ၁၁-ပါကစ္စတန်၊ ၁၅- မြန်မာ၊ ၂၅- ဘင်္ဂလားဒက်ရှ်၊ ၂၉- ထိုင်းနိုင်ငံတို့ဖြစ်ကြသည်။ ။သတင်းဘာသာပြန်သူ ))

((( Russia Today., 4 Dec, 2019,” New Delhi ‘keenly watches’ over Chinese ships sailing across Indian Ocean – Navy chief.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြနဆိုသည်။ )))

#အိနဒြိယရတပမွေတောနွေ့ #ဘငွဂြလားပငလွယအွောွ #တရုတစွဈဖကတွိုငွးတာရေးသငွဘြော # Shiyan-1 #အိနဒြိယအထူးသီးသနွ့စီးပှားရေးပငလွယရွပေိုငနွကွ

https://www.rt.com/news/474982-indian-navy-china-ships/

https://www.rt.com/news/474920-india-china-research-catamaran/

https://www.globalfirepower.com/navy-ships.asp

0

Leave a Reply

Your email address will not be published.