ဘင်္ဂလားဒေ့ရှ်တွင် ကူးစက်ကပ်ရောဂါစတင်စဉ်ကတည်းက တစ်ရက်အတွင်း သေဆုံးအများဆုံးအရေအတွက် ဖြစ်ပေါ်နေ။ ဈေး သို့မဟုတ် အများပြည်သူသယ်ယူပို့ဆောင်ရေးယာဉ်များမှတဆင့် ကူးစက်မှုအများဆုံးဖြစ်။ ကမ္ဘာအဝှန်း လူပေါင်း ၁၃၅-သန်းကျော်ကူးစက်လျှက်ရှိပြီး ၃-သန်းနီးပါးသေဆုံး


ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါကြောင့် လွန်ခဲ့သည့် ၂၄-နာရီအတွင်း အသက်ဆုံးရှုံးရသူ ၇၇-ဦးတွေ့ရှိရခြင်းမှာ ကူးစက်ကပ်ရောဂါစတင်စဉ်ကတည်းက တစ်ရက်အတွင်း အများဆုံးသေဆုံးအရေအတွက် ဖြစ်ပြီး စနေနေ့ နံနက်ပိုင်းအထိ တစ်နိုင်ငံလုံး၌ စုစုပေါင်း ၉,၆၆၁-ဦး သေဆုံးခဲ့ရပြီဖြစ်ကြောင်း Dhaka Tribune က ယမန်နေ့ ရေးသားသည်။…      
၂၀၂၁ ခုနှစ်မတ်လ ၅ ရက်နေ့တွင် ရက်သတ္တပတ်အတွင်း ၁-ရက်လျှင် ပျမ်းမျှသေဆုံးနှုန်း ၆.၅၇ ဦးရှိခဲ့ရာ ၂၀၂၀ မေလ နောက်ပိုင်း အနည်းဆုံး အရေအတွက်ဖြစ်သည်။ ထိုနောက်ပိုင်း သေဆုံးသူ ၇-ရက်လျှင် ပျမ်းမျှ  ၂၂.၅၇-ဦးအထိ တဖြည်းဖြည်း ပုံမှန်မြင့်တက်လာပြီး လွန်ခဲ့သည့် စနေနေ့မှာ ရက်သတ္တပတ်အတွင်း ၁-ရက်လျှင် ပျမ်းမျှသေဆုံး ၆၄-ဦးဖြင့် အများဆုံးဖြစ်သည်။ သေဆုံးမှုများမှာ နိုင်ငံတဝှန်းလုံးရှိ ဆေးရုံးအသီးသီးတွင် ကုသမှုခံယူနေခိုက် ကွယ်လွန်ကြရခြင်းဖြစ်သည်ဆို၏။…   
ယမန်နေ့တွင် ဓါတ်ခွဲခန်းပေါင်း ၂၄၃-ခုတို့က ၂၄-နာရီအတွင်း ၂၆,၀၇၇-ဦးကို စစ်ဆေးပေးခဲ့သည့်အနက် ၂၀.၄၇% ဖြစ်သည့် ၅,၃၄၃-ဦးတွင် ဗိုင်းရပ်စ်ပိုး ကူးစက်လျှက်ရှိကြောင်း တွေ့ရှိသည်။ ထိုအတွက် တစ်နိုင်ငံလုံးတွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါကူးစက်ခံရသူပေါင်း ၆၇၈,၉၃၇-ဦး အထိ မြင့်တက်သွားရကြောင်းကျန်းမာရေးဝန်ကြီးဌာန အထွေထွေညွှန်ကြားမှု ဦးစီးဌာန (DGHS) ၏ မွန်းလွဲပိုင်းထုတ်ပြန်ချက်အရ သိရှိရသည်။…  
ဘင်္ဂလားဒေ့ရှ်တွင် လူပေါင်း ၅-သန်းနီးပါးကို ဗိုင်းရပ်စ်ရောဂါစစ်ဆေးပေးနိုင်ခဲ့ပြီး ၎င်းတို့၏ ၁၃.၆၂ % တွင် ရောဂါပိုး ကူးစက်လျှက်ရှိကြောင်း ဖော်ထုတ်နိုင်ခဲ့သည်။ ဗိုင်းရပ်စ်ရောဂါစွဲကပ်ကြောင်း အတည်ပြုခံရပြီးနောက် သေဆုံးသူပမာဏမှာ ၁.၄၂% ရှိနေသည်။…  
#Sars-CoV-2 ခေါ် #ကိုရိုနာဗိုင်းရပ်စ်ပိုးသစ်စွဲ_ပြင်းထန်အသက်ရှုလမ်းကြောင်း_ရောင်ရမ်းရောဂါစု #Covid-19 ဖြစ်ပွားသူ ၃-ဦးကို ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် လွန်ခဲ့သည့်နှစ် မတ်လ ၈-ရက်နေ့၌ (မြန်မာထက် ရက်သတ္တ ၂-ပတ်နီးပါးစော၍) စတင်တွေ့ရှိသည်။ မတ် ၁၈-ရက်နေ့တွင် ပထမဆုံးလူနာ သေဆုံးသည်။…  
ကူးစက်သေဆုံးနှုန်း ဆက်တိုက်မြင့်တက်လာနေသော ဘင်္ဂလားဒေ့ရှ်သည် Covid-19 ရောဂါ တားဆီးရန် ရည်ရွယ်၍ ဧပြီ ၁၄ ရက်မှ စတင်ကာ ရက်သတ္တပတ်ကြာ တင်းကျပ်သော Lock down တားဆီးပိတ်ဆို့မှု နောက်ထပ် ပြဋ္ဌာန်းမည်ဖြစ်သည်။…   
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါဖြစ်ပွားရခြင်း၏ ၆၁% မှာ ဈေး သို့ဟုတ် အများပြည်သူသယ်ယူပို့ ဆောင်ရေးယာဉ်များမှတဆင့် ကူးစက်မှုအများဆုံးအဖြစ် တွေ့ရှိရပြီး အခြားအများပြည်သူသွားလာလေ့ရှိသည့်နေရာများမှ ကူးစက်မှု ၃၅% ရှိကြောင်း ကူးစက်ရောဂါဗေဒ၊ ရောဂါထိန်းချုပ်ရေးနှင့် သုတေသနအင်စတီကျု့ဒ် (IEDCR) ၏ မကြာသေးမီက ထုတ်ပြန်ခဲ့သည့် စစ်တမ်းအရ သိရှိရသည်။…   
ထို့အပြင် သေဆုံးသူစုစုပေါင်း၏ ထက်ဝက်ကျော် ၅၆.၂% ရာခိုင်နှုန်းမှာ အသက် ၆၀ ကျော်အရွယ်ရှိသူများ ဖြစ်ကြောင်း၊ သေဆုံးသူများ၏ ၇၄.၈၀% မှာ အမျိုးသားများ ဖြစ်ကြပြီး၊ သေဆုံးအမျိုးသမီးဦးရေ ပါဝင်မှုမှာ ၂၅.၂% ရှိကြောင်း ဘင်္ဂလားဒေ့ရှ် DGHS ၏ သတင်းထုတ်ပြန်ချက်၌ ဖော်ပြထားသည်။…   
အမေရိကန် ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာ CDC ကမူ အသက်အရွယ် ကြီးရင့်လာသည်နှင့်အမျှ Covid-19 ရောဂါကူးစက်ခံရနိုင်ခြေ များပြားပြီး ဆေးရုံတင်ကုသမှု ခံယူရန်နှင့် သေဆုံးရန်လည်း အခွင့်အလမ်း ပိုမိုများပြားကြောင်း ၅-၁၇ နှစ်အရွယ် ရှိသူများထက် အသက် ၃၀ မှ ၃၉ နှစ် အရွယ်ရှိသူများ၏ သေဆုံးမှုနှုန်းမှာ ၄၅ ဆ၊ အသက် ၈၀ အထက်ရှိသူများတွင် ၈,၇၀၀ ပိုမိုမြင့်မားကြောင်း သတင်းထုတ်ပြန်ခဲ့သည်။…      
၂၀၁၉-ခုနှစ် ဒီဇင်ဘာ နှောင်းပိုင်း တရုတ်နိုင်ငံ ဝူဟန်မြို့တွင် စတင်ဖြစ်ပွားသော ကိုရိုနာဗိုင်းရပ်စ်ရောဂါအသစ်သည် ကူးစက်ကပ်ရောဂါဖြစ်လာပြီးနောက် ကမ္ဘာတစ်ဝှန်းသို့ ၃-လမပြည့်မီ အချိန်တိုအတွင်း ပျံနှံသွားသည်။…  
စနေနေ့ မွန်းလွဲပိုင်းအထိ ကမ္ဘာ့နိုင်ငံနှင့် နယ်မြေပေါင်း ၂၁၉-ခုတို့တွင် ကူးစက်ခံရသူပေါင်း ၁၃၅-သန်းကျော် (၁၃၅,၄၄၀,၄၈၀-ဦး) အသက်ဆုံးရှုံးရသူပေါင်း ၃-သန်းနီးပါး ( ၂,၉၃၁,၆၂၇-ဦး) ရှိနေကြောင်း Worldometer အရ သိရှိရသည်။

(((Dhaka Tribune., April 10th, 2021,” Covid-19: Bangladesh records highest daily death toll since start of pandemic.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာ ပြန်ဆိုသည်။)))
…#ကိုရိုနာဗိုင်းရပ်စ်ရောဂါ_ဘင်္ဂလားဒေ့ရှ်…  
https://www.dhakatribune.com/bangladesh/2021/04/10/bangladesh-records-highest-daily-death-toll-since-start-of-pandemic
https://www.dhakatribune.com/health/coronavirus/2021/04/10/study-markets-buses-are-biggest-covid-19-hazards

0

Leave a Reply

Your email address will not be published.