ဘင်္ဂလားဒေ့ရှ်နယ်စပ်အနီးတွင် မြန်မာက အင်အား ၂၅၀၀ ကျော် တပ်ဖြန့်ချ ထားဟု ဒါကာထောက်လှမ်းရေးအား ကိုးကား၍ ဘင်္ဂလားမီဒီယာပြော။ ဒုက္ခသည် ဘင်္ဂါလီများ အား ပြန်မခေါ် လိုခြင်းကြောင့် အကြမ်းဖက်မှုထိန်းချုပ်ရေးကို အကြောင်းပြဟု သုံးသပ်ကြ

စက်တင်ဘာ ၁၂ ရက်မှ စ၍ မြန်မာနိုင်ငံသည် ဘင်္ဂလားဒေ့ရ်ှနှင့် နယ်နိမိတ်ချင်း ထိစပ်နေသော ၎င်း၏ အနောက်ပိုင်းရှိ ရခိုင်နှင့်ချင်းပြည်နယ် နယ်စပ်တလျှောက်ရှိ စခန်းများတွင် နောက်ထပ် တပ်အင်အား ၂၅၀၀ ကျော်ကို ဖြည့်တင်းချထားခဲ့ကြောင်း၊ မြန်မာအစိုးရက အကြမ်းဖက်အဖွဲ့ဟုကြေညာထားသော AA အား ထိန်းချုပ်ရန်ဟု ဆိုကာ နောက်ထပ် တပ်နှင့် လက်နက်အင်အားတို့ကို ရုတ်တရက် ဖြန့်ချလာခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ်ထောက်လှမ်းရေးအေဂျင်စီတစ်ခုကပြောကြားသည်ဟု Dhaka Tribune က ယနေ့ရေးသားသည်။ 

  
လုံခြုံရေးသတင်းရင်းမြစ်များ အဆိုအရ စက်တင်ဘာ ၁၁ ရက်နှင့် ၁၂ ရက်တို့၌ နေပြည်တော်တွင်ရခိုင်ပြည်နယ်လုံခြုံရေးနှင့် ပတ်သက်၍  ဗိုလ်ချုပ်မှူးကြီး ဦးဆောင်ကာ ကြည်း-ရေ-လေ အရာရှိကြီးများ တက်ရောက်သည့် အစည်းအဝေးနှစ်ခု ပြုလုပ်ခဲ့ကြောင်း၊ အစည်းအဝေးတွင် ရခိုင်ပြည်နယ်၌ AA က အကြမ်းဖက်လုပ်ရပ်များကျူးလွန်နေသည်ဟု စွပ်စွဲခဲ့ကြောင်း၊ AA လုပ်ရပ်များအား တုန့်ပြန်မှု တစ်စိတ်တစ်ပိုင်းအဖြစ် နောက်ထပ် တပ်များ ထပ်မံချထားရန် တရားဝင်ဆုံးဖြတ်ခဲ့သည်ဆိုကြောင်း၊ အိမ်နီးချင်းနိုင်ငံ၏နယ်စပ်စခန်းများတွင် လက်နက်ကိုင်တပ်ဖွဲ့များ ရုတ်တရက် တပ်ဖြန့်ချထားမှုများနှင့် ပတ်သက်၍ ဘင်္ဂလားဒေ့ရ်ှက စိုးရိမ်ပူပန်လျှက်ရှိကြောင်း၊ ထိုအတွက် ဘင်္ဂလားဒေ့ရှ်ဆိုင်ရာ မြန်မာသံအမတ်ကြီးအား ဆင့်ခေါ်ခဲ့ရပြီးဖြစ်ကြောင်း၊ 

  
ဘင်္ဂလားဒေ့ရှ် လုံခြုံရေးအရာရှိများကမူ မြန်မာတပ်များအနေဖြင့် AA အား ထိန်းချုပ်သည်ဟု အကြောင်းပြလျှက် ၂၀၁၇-ခုနှစ် ရခိုင်နှင့် ချင်းပြည်နယ်ကဲ့သို့ သတ်ဖြတ်မှုနှင့် နှိပ်စက်မှု အသစ်များပြုလုပ်နိုင်သည်ဟု ယုံကြည်ကြကြောင်း၊ ဒုက္ခသည်ဘင်္ဂါလီ ( မူရင်း ရိုဟင်ဂျာ ) သို့မဟုတ် အခြားတိုင်းရင်းသားလူမျိုးစုများအား ဘင်္ဂလားဒေ့ရှ် နိုင်ငံအတွင်း ထပ်မံမောင်းထုတ်ရန် လျှို့ဝှက်ကြံစည်မှု ဖြစ်ဖွယ်ရှိပြီး ဘင်္ဂလားဒေ့ရှ်အတွက် လုံခြုံရေးအန္တရာယ်ရှိကြောင်း ပြောဆိုကြသည်။ 


လုံခြုံရေးဆိုင်ရာ လေ့လာသုံးသပ်သူ အငြိမ်းစား ဗိုလ်မှုးချုပ် အဗ္ဗဒူရာရှစ်ကမူ မြန်မာအစိုးရအနေဖြင့် ဒုက္ခသည်ဘင်္ဂါလီများအား မောင်းထုတ်လိုက်လျှင် အခြေအနေအားလုံး တည်ငြိမ်သွားလိမ့်မည်ဟု ထင်ကောင်း ထင်မှတ်ဖွယ်ရှိကြောင်း၊ 

  
သို့သော် ယခုအခါ ( မြန်မာအစိုးရသည် ) အမျိုးမျိုးသော အုပ်စုများ၏ ခွဲထွက်ရေးလှုပ်ရှားမှုများ အပါအဝင် အခြားပြဿနာများနှင့် ရင်ဆိုင်နေရကြောင်း၊ ( ခွဲထွက်ရေးအုပ်စုများကြောင့် ) မြန်မာ့တပ်မတော်တွင်လည်း ကျဆုံး ဒါဏ်ရာရရှိမှု ဖြစ်ပေါ်ခဲ့ရကြောင်း၊ ခွဲထွက်ရေးအုပ်စုများအား ထိန်းချုပ်နိုင်ရန်အတွက် မြန်မာနိုင်ငံက ရုတ်တရက်စစ်ရေးတိုးချဲ့ဖွယ်ရှိကြောင်း၊ 

  

မြန်မာအစိုးရအနေဖြင့် ဒုက္ခသည်ဘင်္ဂါလီ အမြောက်အများကို ပြန်လည်ခေါ်ယူရန် ဆန္ဒမရှိကြောင်း၊ ပြန်ခေါ်ရန် နိုင်ငံတကာဖိအားပေးလာခြင်းကြောင့် နောက်ကွယ်မှစစ်တပ်က ပါဝင်လျှက် အကြမ်းဖက်မှု ထိန်းချုပ်ရေးကို နည်းလမ်းပေါင်းစုံဖြင့် အကြောင်းပြရန် ရှိကြောင်း၊ 


မြန်မာ့နိုင်ငံရေးတွင် စစ်တပ်ပါဝင်မှုလျှော့ချရေး ဥပဒေရေးဆွဲ အတည်ပြုရန် အားထုတ်မှုများကြောင့် မြန်မာတို့၏ နိုင်ငံရေးတွင်လည်း တင်းမာမှုများလည်းရှိနေကြောင်း၊ ၎င်းကို ကာကွယ်ရန်အတွက် စစ်တပ်က အင်အားတိုးချဲ့ ဖြန့်ချခြင်း ဖြစ်ဖွယ်ရှိကြောင်း၊ မည်သို့ဖြစ်စေကာမူ အိမ်နီးချင်းဖြစ်သည့် မြန်မာအတွက် ( ဘင်္ဂလားဒေ့ရှ်အနေဖြင့် ) ကြိုတင်ပြင်ဆင်ပြီး စောင့်ကြည့်ရမည်ဖြစ်ကြောင်း သုံးသပ်ပြောဆိုသည်။ 

  
ဘင်္ဂလားဒေ့ရ်ှနိုင်ငံ၏ လုံခြုံရေးအရင်းမြစ်တစ်ခုအရ ယခုကဲ့သို့ မြန်မာက တပ်များ ဖြန့်ချခြင်းမတိုင်မီ အနောက်ပိုင်းတိုင်း စစ်ဋ္ဌာနချုပ် လက်အောက်တွင် ရခိုင်နှင့် ချင်းပြည်နယ် ၁၃-မြို့နယ်တို့၌ တပ်ရင်း ၄၆ ရင်း ရှိခဲ့ကြောင်း သိရှိရသည်။ 

  
၂၀၁၇ ခုနှစ်တွင် ရခိုင်ပြည်နယ်မှ ဒုက္ခသည်ဘင်္ဂါလီများကို ဖြိုခွင်းခြင်းဖြင့် လူပေါင်း ၇၃၀,၀၀၀ ကျော်အား ဘင်္ဂလားဒေ့ရ်ှသို့ထွက်ပြေးတိမ်းရှောင်စေပြီးနောက် မြန်မာ့တပ်မတော်သည် နယ်စပ်တစ်လျှောက် တပ်ဖြန့်ချထားခဲ့သည်။ 

  
ယခုအခါ ဘင်္ဂလားဒေ့ရ်ှတွင် မြန်မာနိုင်ငံသား ၁-သန်းကျော်တို့မှာ ကော့ခ်ဘဇား၌ စုပြုံ ပြွတ်သိပ် နေထိုင်လျှက်ရှိသည်။ 

  
#ဘင်္ဂလားဒေ့ရှ်နယ်စပ်အနီး #မြန်မာ့တပ်မတော်တပ်များထပ်မံဖြန့်ချ 

((( Dhaka Tribune., September 14th, 2020, “Myanmar deploys over 2,500 more troops near Bangladesh border.By: Hasan Al Javed” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ ))) 

https://www.dhakatribune.com/world/south-asia/2020/09/14/myanmar-deploys-over-2-500-more-troops-near-bangladesh-border

0

Leave a Reply

Your email address will not be published.