ဘင်္ဂလားဒေ့ရှ်အစိုးရက ဒါကာရှိ ပြင်သစ်သံရုံးကို ၂၄-နာရီအတွင်း ပိတ်ပစ်ရန် အကြီးဆုံးဘာသာရေးအဖွဲ့အစည်းက ရာဇသံပေး။ သံရုံးအား ဝိုင်းပတ်ပိတ်ဆို့ရန် လူထောင်သောင်းများစွာ စုဝေးမှုဖြစ်ပေါ်၊ ပြင်သစ်သမ္မတက တောင်းပန်ရန်နှင့် လိုက်လျောခြင်းမရှိလျှင် သံရုံးအား ဖျက်ဆီးပစ်မည်ဟု ဆို



တနင်္လာနေ့ နံနက်စောစောတွင် ဘိုင်တူမူကာရမ် အမျိုးသားဗလီ၌ စုဝေးခဲ့ကြသော ဘင်္ဂလားဒေ့ရှ်ဟက်ဖ်ဇက်အီးအစ္စလာမ်အဖွဲ့ကြီး၏ ခေါင်းဆောင်များနှင့် တက်ကြွလှုပ်ရှားသူ ထောင်သောင်းများစွာတို့သည် နေ့လည် ၁၂း၁၀ နာရီခန့်တွင် ပြင်သစ်သံရုံးအား ဝန်းရံပိတ်ဆို့ရန် စတင်ချီတက်ခဲ့ကြသည်ဟု Dhaka Tribue က ယမန်နေ့ရေးသားသည်။ 

ရှန်တီနာဂါမိုးပျံတံတားအနီးအရောက်တွင် ဝိုင်းရံပိတ်ဆို့မှုအစီအစဉ်ကို ပယ်ဖျက်ခဲ့ပြီးနောက် ဘင်္ဂလားဒေ့ရှ်အစိုးရက ပြင်သစ်သံရုံးအား ၂၄-နာရီအတွင်း ပိတ်ပစ်ရန် ရာဇသံကို သြဇာအကြီးဆုံးအဖွဲ့ကြီး၏ အထွေထွေအတွင်းရေးမှူးဖြစ်သူက ထုတ်ပြန်လိုက်ကြောင်း သိရှိရသည်။ 

မွန်းလွဲ ၁- နာရီခန့်တွင် ဘီဂျွိုင်းနာဂါလမ်းဆုံအား ဖြတ်ကျော်လာသော လူစုလူဝေးသည် ရဲတပ်ဖွဲ့၏ အတားအဆီးများနှင့် ကြုံတွေ့ခဲ့ရပြီးနောက် ယခုကဲ့သို့ အစီအစဉ်ရပ်ဆိုင်းလိုက်ခြင်းဖြစ်သည်ဆို၏။ 

ဥပဒေစိုးမိုးရေးတာဝန်ရှိသူများ၊ စာနယ်ဇင်းသမားများနှင့် စုဝေးချီတက်ကြသော မွတ်စလင် ညီအစ်ကိုတော်များ၏ စိတ်လှုပ်ရှား ခံစားချက်များကို လေးစားကြောင်း ပြသသည့်အနေဖြင့် ကျွနု်ပ်တို့၏အစီအစဉ်ကို ယနေ့ ဤနေရာ၌ ရပ်ဆိုင်းလိုက်ကြောင်း၊ သို့သော် ကျွနု်ပ်တို့၏ နောက်ထပ်အစီအစဉ်များကိုမူ ရပ်ဆိုင်းခြင်း မဟုတ်ကြောင်း၊ တောင်းဆိုချက်အား လိုက်လျောခြင်းမရှိလျှင် သံရုံးအထိအရောက်သွား၍ ဖျက်ဆီးပစ်ရလိမ့်မည် ဖြစ်ကြောင်း၊ ပြင်သစ်သမ္မတ အီမန်နူရယ်မက်ခွန်အနေဖြင့် ၎င်းအား ခွင့်လွှတ်ပါရန် တောင်းပန်ရမည်ဖြစ်ကြောင်း၊ ကျွနု်ပ်တို့၏ လိုလားချက်များအတိုင်း ဘင်္ဂလားဒေ့ရှ်အစိုးရက ပြင်သစ်အပေါ် ဖိအားပေးခြင်းမရှိ၊ တောင်းဆိုချက်များကို မလိုက်လျောမချင်း ကျွနု်ပ်တို့ အိမ်ပြန်ကြလိမ့်မည်မဟုတ်ကြောင်း၊ ပန်းပုထုဆစ်ထား သည့် ရုပ်ထုများကို ဖြိုချပေးသင့်ကြောင်း၊ အထွေထွေအတွင်းရေးမှူး ဂျွန်နစ်ဘာဘန်နာဂါရီက ပစ်ကပ်ဗင်ကား တစ်စီးပေါ်မှနေ၍ ဟောပြောသည်။ 

ကွာဒီယာနီတို့သည် မွတ်စလင်မဟုတ်သဖြင့် ၎င်းတို့၏ ကော်မတီမှာ တမန်တော်မိုဟာမက်( ဆွ ) ၏ ရန်သူဖြစ်သည်ဟု အစိုးရက ကြေငြာပေးရမည်ဖြစ်ကြောင်း၊ ကျွနု်ပ်တို့သည် ဘင်္ဂလားဒေ့ရှ်အစိုးနည်းတူ တမန်တော်မိုဟာမက် ( ဆွ ) ၏ မိတ်ဆွေများဖြစ်ကြောင်း၊ ကျွနု်ပ်တို့အနေဖြင့် လက်ရှိအစိုးရကို နောက်ထပ် နှစ် ၁၀၀ မျှ အဓွန့်ရှည်စေလိုကြောင်း၊ သို့သော် အစ္စလာမ်သာသနာ၏အခြေခံမူများကို အကောင်အထည်ဖော်ရန်လိုအပ်ပြီး ဟက်ဖ်ဇက်းအစ္စလာမ်အဖွဲ့ကြီး၏ တောင်းဆိုချက်များကိုလည်း ဖြည့်ဆည်းပေးသင့်ကြောင်း၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံအတွင်း၌ တမန်တော်အား စော်ကားကြောင်း ပြစ်မှုထင်ရှားသည့် မည်သူကို မဆိုအစိုးရက သေဒါဏ်ချမှတ်ရန် တောင်းဆိုကြောင်း ဂျွန်နစ် ဘာဘန်နာဂါရီက ဆက်လက်ပြောဆိုသည်။ 

တမန်တော်မိုဟာမက်၏ ရုပ်ပြောင်ကို ပြသခြင်းအား ကန့်ကွက်သည့်အနေဖြင့် ဘင်္ဂလားဒေ့ရ်ှအစိုးရက ပြင်သစ်နှင့် သံတမန်အဆက်အသွယ်အားလုံးဖြတ်တောက်ရန် တောင်းဆိုကြောင်း၊ အစ္စလာမ်မစ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ ( OIC ) ကဲ့သို့ အစ္စလာမ်ဘာသာဝင်အများစုနေထိုင်ရာနိုင်ငံများတို့သည်လည်း ပြင်သစ်အား အလားတူ သံတမန်အဆက်အသွယ်အားလုံး ဖြတ်တောက်ရန်တိုက်တွန်းကြောင်း၊ ပြင်သစ်တို့သည် ကျွနု်ပ်တို့၏ တမန်တော်အား စော်ကားကြောင်း ထို့ကြောင့် ပြင်သစ်ထုတ်ကုန်များကို သပိတ်မှောက်၍ ပြင်သစ်လုပ်ပစ္စည်းများကို ခြေဖြင့်နင်းသင့်ကြောင်း၊ ပြင်သစ်အား ရှုတ်ချရန် ငြင်းဆန်သော ဘင်္ဂလားဒေ့ရှ်နိုင်ငံရေး ပါတီတို့အနေဖြင့် တန်ဖိုးကြီးစွာပေးဆပ်ရလိမ့်မည်ကို သတိပေးလိုကြောင်း အထွေထွေအတွင်းရေးမှူးက ပြောဆိုသည်။ 

လမ်းများနှင့် စတင်ချီတက်ဆန္ဒပြရာ ဘိုင်တူမူကာရမ် အမျိုးသားဗလီမြောက်ဖက်ဂိတ်တို့တွင် လူစုလူဝေးဖြင့် ပိတ်ဆို့သွားပြီး ထောင်သောင်းများစွာသော ချီတက်ကြသူများအား ဟက်ဖ်ဇက်အီးအစ္စလာမ် ဗော်လံတီယာများက ခရာများမှုတ်၍ ကြပ်မတ်ပေးသည်။ သို့သော် စုရုံးမှုတွင်ပါဝင်သော ဟက်ဖ်ဇက်အီး အစ္စလာမ် ထောက်ခံသူအများစုတွင် Mask မျက်နှာဖုံးများ ဝတ်ထားသည်ကို မတွေ့ရချေ။ 

ထိုစဉ်အတောအတွင်း ဒါကာနှင့် အနီးတစ်ဝှိုက်ဧရိယာများတွင် ချီတက်ပွဲကြောင့် ယာဉ်အသွားအလာများ ရပ်ဆိုင်းသွားသည်။ ဒါကာ-စစ်တကောင်း အဝေးပြေးလမ်းတစ်လျှောက်ရှိ နာရာယာဂန်၌လည်း ဆိုးရွားစွာ ယာဉ်ကြောပိတ်ဆို့မှု ဖြစ်ပွားခဲ့ရာ မြို့တော်ဒါကာသို့ ဝင်ထွက်သွားလာနေသူများအတွက် အကြီးအကျယ် အခက်တွေ့ခဲ့ရသည်။ 

(( ကွာဒီယာနီဆိုသည်မှာ ပါကစ္စတန်ရှိ အာမက်ဒီမွတ်စလင်များကို ရည်ညွှန်းသည်။ ၁၉၅၃-ခုနှစ် အာမက်ဒီယာ လှုပ်ရှားမှုကို စတင်သူ မီယာဇာဂူလမ်အာမက်၏ မွေးရပ်မြေဖြစ်သော အိန္ဒိယမြောက်ပိုင်း ကွာဒီယာမြို့အား အစွဲပြု၍ ခေါ်ဆိုကြခြင်းဖြစ်သည်။ ပါကစ္စတန်၏ ဖွဲ့စည်းပုံအခြေခံဥပဒေ ဒုတိယပြင်ဆင်ချက်တွင် ကွာဒီယာနီတို့အား မွတ်စလင်မဟုတ်သူများအဖြစ် ပြဋ္ဌာန်းထားသည်။ ကွာဒီယာနီအမည်ကို တရားဝင်သုံးစွဲခြင်းနှင့် ဘာသာရေးလှုပ်ရှားမှုများကိုလည်း ပိတ်ပင်ထားသည်။ ဖမ်းဆီးမည်ဟု ခြိမ်းခြောက်သဖြင့် ကွာဒီယာနီခေါင်းဆောင်တို့နှင့် နောက်လိုက်အမြောက်အများအပြားမှာ ၁၉၈၄-ခုနှစ်တွင် ထွက်ပြေးသွားကြပြီး ဗြိတိန်၊ ဂျာမနီ၊ ကနေဒါအပါအဝင် ကမ္ဘာအရပ်ရပ်၌ စွန့်ပစ်ခံ ဒုက္ခသည်များအဖြစ် ရောက်ရှိနေကြသည်။       ။ သတင်းဘာသာပြန်သူ )) 

ဘင်္ဂလားဒေ့ရှ်အစိုးရက_ပြင်သစ်သံရုံးကို_၂၄-နာရီအတွင်း ပိတ်ပစ်ရမည်ဟုတောင်းဆို #ဟက်ဖ်ဇက်အီးအစ္စလာမ် 

((( Dhaka Tribune., November 2nd, 2020, “Hefazat-e-Islam issues 24-hour ultimatum to shut down French embassy in Dhaka. By: Fahim Reza Shovon” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ ))) 

https://www.dhakatribune.com/bangladesh/2020/11/02/hefazat-e-islam-prepares-for-march-towards-french-embassy

0

Leave a Reply

Your email address will not be published.