ဘင်္ဂလားဒေ့ရှ်၏ ၂၄-နာရီအတွင်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ၃-လအတွင်း အမြင့်ဆုံး ဦးရေရောက်ရှိ။ ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲသစ်ပြန့်နှံ့ခြင်းနှင့် လူအများ၏ ကျန်းမာရေးဆိုင်ရာလမ်းညွှန်ချက်များ မလိုက်နာ၍ဖြစ်။ များများစစ်-မြန်မြန်စစ်- မြန်မြန်ကာကွယ်ဆေးထိုး


ယမန်နေ့ ဘင်္ဂလားဒေ့ရှ်ကျန်းမာရေးညွှန်ကြားမှုဦးစီးဌာန၏ နံနက် ၈း၀၀ နာရီအချိန် သတင်းထုတ်ပြန်ချက်အရ ၂၄-နာရီအတွင်း ကိုရိုနာဗိုင်းရပ်စ်ရောဂါကူးစက်ခံရသူပေါင်း ၁,၈၆၅-ဦး ထပ်မံတွေ့ရှိသဖြင့် လွန်ခဲ့သည့် ၃-လအတွင်း အမြင့်ဆုံးဦးရေဖြစ်သည်ဟု ဘင်္ဂလားအခြေစိုက် The Daily Star က ယနေ့ ဖော်ပြသည်။..  
လွန်ခဲ့သည့် ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် နိုင်ငံအတွင်း ကူးစက်ခံရသူဦးရေမှာ အနည်းဆုံးအဖြစ် ၁,၈၇၇ -ဦး ရှိနေခဲ့သည်။..  
လတ်တလောကူးစက်ပျံ့ပွားလျှက်ရှိသော ရောဂါပိုးသည် ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲသစ်ပြန့်နှံ့ခြင်းနှင့် လူအများ၏ ကျန်းမာရေးဘေးကင်းလုံခြုံရေးဆိုင်ရာလမ်းညွှန်ချက်များအား လိုက်နာမှု မရှိခြင်းနှင့် ဆက်စပ်ပုံရကြောင်း ကျန်းမာရေးဆိုင်ရာကျွမ်းကျင်သူများက ခန့်မှန်းသည်။..  
ကိုရိုနာဗိုင်းရပ်စ်ရောဂါဖြင့် ယမန်နေ့၌ ၁၁-ဦး ထပ်မံသေဆုံးခဲ့ရာ ကူးစက်ကပ်ရောဂါကြောင့် အသက်ဆုံးရှုံးရသူ စုစုပေါင်း အရေအတွက်မှာ ၈,၆၀၈-ဦး အထိ ဖြစ်လာခဲ့သည်။..   
ယမန်နေ့တွင် စစ်ဆေးစမ်းသပ်ခဲ့သူ ၂၄,၂၇၅-ဦးတို့၌ ဗိုင်းရပ်စ်ကူးစက်လျှက်ရှိသူ ၇.၆၈% တွေ့ရှိရသဖြင့် တမြန်နေ့ ၈.၂၉% ထက် အနည်းငယ် ကျဆင်းခဲ့ကြောင်း၊ မတ်လ ၉-ရက်နေ့အထိ နေ့စဉ်ဗိုင်းရပ်စ်ကူးစက်-သေဆုံးဦးရေမှာ ဆက်တိုက်ကျဆင်းနေရာမှ ယခုကဲ့သို့ ပြန်လည်မြင့်တက်လာသည်ကို တွေ့ရှိရကြောင်း ဘင်္ဂလားဒေ့ရ်ှကျန်းမာရေးဆိုင်ရာအထွေထွေဝန်ဆောင်ရေး ညွှန် ကြားမှုဦးစီးဌာန ( DGHS ) က သတင်းထုတ်ပြန်သည်။..  
Covid-19 ရောဂါခံစားနေရကြောင်း ယခုအထိ အတည်ပြုခြင်းခံရသည့် လူနာအားလုံး၏ ၉၁% ကျော်မှာ ကုသ၍ ပြန်လည်ကျန်းမာလာကြပြီး ၁.၅၃ ရာခိုင်နှုန်းမှာ သေဆုံးသည်။..  
ဘင်္ဂလားဒေ့ရှ်တွင် Covid-19 ရောဂါဖြစ်ပွားလျှက်ရှိသူ ၃-ဦးကို ၂၀၂၀-ခုနှစ် မတ်လ ၈ ရက်နေ့၌ ပထမဆုံး အဖြစ် စတင်တွေ့ရှိသည်။
..
(( မြန်မာနိုင်ငံတွင် Covid-19 ရောဂါကူးစက်မှုကို ၂၀၂၀-ခုနှစ် မတ်လ ၂၃-ရက်နေ့ဖြစ်သဖြင့် ဘင်္ဂလားဒေ့ရှ်ထက် ရက်သတ္တ ၂-ပတ်နီးပါး နောက်ကျသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ အကျယ်အဝန်းသည် မြန်မာနိုင်ငံ ရှမ်းပြည်နယ်ခန့်သာရှိသော်လည်း လူဦးရေမှာမှာမူ မြန်မာထက် ၃-ဆခန့် နေထိုင်လျှက်ရှိသည်။..  
သို့သော် ယခင်နှစ် သက်ဆိုင်ရာနိုင်ငံ ကျန်းမာရေးဋ္ဌာနအသီးသီးတို့၏ သတင်းထုတ်ပြန်ချက်အရ ကိုရိုနာဗိုင်းရပ်စ်ရောဂါ နေ့စဉ် ကူးစက်-သေဆုံးနှုန်းမှာမူ အရေအတွက် မတိမ်းမယိမ်းရှိနေသည်ကို လပေင်းအတော်ကြာ တွေ့ရှိရသည်။ မြန်မာနိုင်ငံတွင် ကိုဗစ်ဒုတိယလှိုင်းခေါ် တစ်ကျာ့ပြန် ကူးစက်-သေဆုံးနှုန်းမြင့်တက်ခြင်းမှာ ဘင်္ဂလားဒေ့ရှ်၌ ဖြစ်ပွားပြီး ရက်အနည်းငယ်အကြာ၌ဖြစ်ပွားသည်မှာ တိုက်ဆိုင်လွန်းလှသည်။..  
ထိုသို့ဆိုသဖြင့် မြန်မာသို့ ဘင်္ဂလားဒေ့ရှ်မှ ရောဂါပြန့်ပွားနေသည်ဟု စွပ်စွဲခြင်း လုံး၀ မဟုတ်ပါ။..   
ရောဂါပိုးတို့သည် Incubation Period ခေါ် #ရောဂါပျိုးချိန် ရှိတတ်ပါသည်။ ဒေသကြီးတစ်ခုအတွင်းဖြစ်ခြင်း၊ ရာသီဥတုနှင့် စားသောက်နေထိုင်ပုံ ဓလေ့တူညီခြင်းတို့မှာ ကူးစက်ရောဂါဖြစ်ပွားမှု၌ တစ်ပြိုင်တည်းလိုလို ရှိတတ်သည်။..  
ကူးစက်ရောဂါကပ်ကျရောက်ချိန် မတိမ်းမယိမ်းဖြစ်သော်လည်း အစပိုင်းတွင် မြန်မာ၏ နေ့စဉ် ကိုရိုနာဗိုင်းရပ်စ်စစ်ဆေးနိုင်သည့် ပမာဏမှာ ဘင်္ဂလားဒေ့ရှ်နှင့်ယှဉ်လျှင် အစွန်းထွက်မျှသာဖြစ်သည်။ သို့သော် နောက်ပိုင်းတွင် နေ့စဉ် လူသောင်းချီ၍ တရှိန်ထိုး တိုးတက်စစ်ဆေးပေးနိုင်ခဲ့သည်။ ယနေ့နံနက် Worldometer အရ ဘင်္ဂလားဒေ့ရှ်သည် လူ ၁-သန်းလျှင် ၂၆,၀၉၇ သာစစ်ဆေးပေးနိုင်ပြီး မြန်မာက ၄၆,၀၄၅-ဦး စစ်ဆေးပေးနိုင်ခြင်းဖြင့် မြန်မာက အပြတ်အသတ် ကျော်လွန်နေကြောင်း တွေ့ရှိရသည်။..  
၎င်း အရေအတွက်မှာ ဖေဖော်ဝါရီ ၁-ရက်နေ့ မတိုင်မီ ကိန်းဂဏန်းများကို ပျှမ်းမျှ ယူထားပုံရသည်။ အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာ၏ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကာကွယ်-ထိန်းချုပ်-ကုသရေးစံနစ် ပြိုလဲသွားပြီဖြစ်ကြောင်း ပြည်ပသတင်းစာများ၌ ဝမ်းနည်းစွာ ဖတ်ရှုခဲ့ရသည်။..  
ဆရာဝန်-ကျန်းမာရေးလုပ်သားများ အလုပ်ခွင်မှ စွန့်ခွာသွားခြင်း၊ ဆေးရုံများ ပိတ်ရခြင်း၊ ကန့်ကွက်သပိတ်မှောက်-တားဆီးမှုမျိုးစုံပိတ်ဆို့နေခြင်း၊ ဒုဗ္ဘိက္ခန္တရကပ် ကျရောက်ခြင်းတို့ကြောင့် Covid-19 ရောဂါဆေးစစ်ရန် မဆိုထားဘိ ဗိုက်ခွဲမီးဖွားရန်ကိစ္စမျိုပင်လျှင် အခက်ကြုံရတော့သည်။..     
ယခုအခါ မြန်မာ၏ နေ့စဉ် Covid-19 စစ်ဆေးပေးနိုင်မှုမှာ တစ်ထောင်ကျော်မျှသာရှိတော့ပြီး ၎င်းတို့မှာလည်း အခြားရောဂါဖြင့် ဆေးရုံ-ဆေးခန်းသို့ လာရောက်ပြသသူ လူနာများအား စစ်ဆေးမှု အရေအတွက်ဖြစ်သည်ဟု ကြားသိရသည်။..  
နိုင်ငံတကာ၌ ကူးစက်ကပ်ရောဂါအား တားဆီးတိုက်ဖျက်ရန် နေ့စဉ် များများစစ်- မြန်မြန်စစ်-မြန်မြန်ကာကွယ် ဆေးထိုးနေကြပါသည်။ နေ့စဉ် များများ-မြန်မြန်စစ်ရန်လည်း အကုန်အကျ မများတော့ပဲ ကာကွယ်ဆေးကောင်းများလည်း တစ်ခုပြီး တစ်ခု ပေါ်ပေါက်နေသည်။..  
သေနတ်ကိုင်ထားသောသူကို ခပ်ဝေးဝေးမှ မြင်နိုင်သည်။ ပြေပြေလည်လည် ရှင်းပြရန်လည်း အခွင့်အရေး ရရှိနိုင်ပါသည်။ မမြင်ရသော ရောဂါပိုးကို ရှောင်ရန် မလွယ်ကူပဲ ရှင်းပြ၍လည်း ရမည်မဟုတ်ပါ။..  
အလုပ်ပျက်အကိုင်ပျက်ဖြစ်၍ ကျွန်တော်တို့၏ နေ့စဉ်မိသားစုထမင်းဝိုင်းတွင် မြင်နေကျ ချစ်ခင်ဖွယ်မျက်နှာ ပိုင်ရှင်များ လျှော့ပါးသွားနိုင်သည့်အရေးတစ်ခုကို စေတန်ကောင်းဖြင့် သတိပေးလိုက်ရပါသည်။    ။ သတင်းဘာသာပြန်သူ ))
..
(((The Daily Stars., March 18, 2021,” Highest new Covid cases in 3 months.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ )))
..
#ကိုရိုနာဗိုင်းရပ်စ်ရောဂါဘင်္ဂလားဒေ့ရှ်မြန်မာ..  
https://www.thedailystar.net/backpage/news/highest-new-covid-cases-3-months-2062397
https://www.worldometers.info/coronavirus/

Leave a Reply

Your email address will not be published.