ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့သည် ကမ္ဘာပေါ်တွင် နေပျော်မှု အနည်းဆုံး စတုတ္ထမြောက်မြို့ တော်အဆင့်သို့ ရောက်ရှိ။ စစ်ဒဏ်သင့် ဆီးရီးယားနိုင်ငံမြို့တော်နှင့် အယ်လ်ဂျီးရီးယား၊ လစ်ဗျား၊ ပါကစ္စတန်၊ ဇင်ဘာဘွေ၊ ကင်မရွန်းနှင့် ဗင်နီဇွဲလားနိုင်ငံရှိ မြို့ကြီးများမှာ အဆိုးရွားဆုံးအဖြစ် အစီအစဉ်အလိုက် ပါဝင်


ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့သည် Economist Intelligence Unit (EIU) ခေါ် နိုင်ငံတကာစီးပွားရေးပညာရှင်များ၏ ယခုနောက်ဆုံး ထုတ်ပြန်သည့် အကဲဖြတ်မှုအညွှန်းကိန်းအရ ၂၀၂၁-ခုနှစ်တွင် ကမ္ဘာ့နေပျော်မှု အနည်းဆုံး စတုတ္ထမြောက် မြို့တော်အဆင့်သို့ ရောက်ရှိသွားခဲ့ကြောင်း၊ နိုင်ငံတကာတွင် နေပျော်မှု အဆိုးရွားဆုံးမြို့တော်အဖြစ် စစ်ဒဏ်သင့် ဆီးရီးယားနိုင်ငံ ဒမတ်စကတ်မြို့က ဆက်လက်ရပ်တည်နေပြီး၊ ပစိဖိတ်သမုဒ္ဒရာ တောင်ပိုင်း ပါပူဝါနယူးဂီနီ မြို့တော် ပို့မော်စ်ဘီမှာ ဒုတိယ၊ အာဖရိကအနောက်ပိုင်း နိုင်ဂျီးရီးယားနိုင်ငံမြို့တော် လေဂို့စ်မှာ တတိယအဖြစ် ဒါကာ၏ အောက်တွင် ရှိတော့သည်ဟု ဘင်္ဂလားအခြေစိုက် bdnews24 က ယနေ့ ရေးသားသည်။

…   
ဒါကာမြို့သည် အကဲဖြတ်အမှတ် ၁၀၀ တွင် ၃၃.၅ မှတ် ရရှိကာ ကမ္ဘာ့မြို့ပြကြီးပေါင်း ၁၄၀ တို့အနက် အဆင့် ၁၃၇ အဖြစ် သတ်မှတ်ခံရ၍ ၂၀၁၉-ခုနှစ် အဆင့် ၁၃၈ ထက်စာလျှင် တစ်ဆင့်မြင့်တက်လာကြောင်း၊ နိုင်ငံတကာတွင် ဖြစ်ပွားလျှက်ရှိသည့် ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကြောင့် ယခုကဲ့သို့ အဆင့်ပြောင်းလဲသွားရခြင်းဖြစ်သည်ဆို၏။

…   
အလားတူပင် Covid-19 ရောဂါကြောင့် ဂျပန်၊ သြစတြေးလျနိုင်ငံတို့တွင် တည်ရှိသည့် နေပျော်မှု အဆင့်မြင့်ဆုံး ထိပ်တန်းမြို့ကြီး ၁၀-မြို့တို့၏ အညွှန်းကိန်းများတွင် အပြောင်းအလဲများ ဖြစ်ပေါ်ခဲ့ကြောင်း၊ ယမန်နှစ် ပထမ နေရာတွင်ရှိသော ဥရောပ သြစတြီးယားနိုင်ငံ ဗီယင်နာမြို့၏ နေရာတွင် နယူးဇီလန်မြို့တော် အော့ကလန်မြို့က ပြောင်းလဲနေရာယူခဲ့ကြောင်း EIU ၏ နှစ်ပတ် လည်အစီရင်ခံစာ၌ ဖော်ပြထားသည်။

…   
နိုင်ငံတကာ မြို့ကြီး ၁၄၀ တို့တွင် အဆင့်မြင့်ဆုံးဖြစ်သည့် မြို့တော် ဗီယင်နာသည် ၂၀၁၈-ခုနှစ်မှစတင်ကာ သြစတြေးလျှနိုင်ငံ မဲလ်ဘုန်းနှင့် မတိမ်းမယိမ်းရှိခဲ့သည်။ နယူးဇီလန်နိုင်ငံ၏ Covid-19 ရောဂါတိုက်ဖျက်ရေး လော့ဒေါင်း တားဆီးပိတ်ဆို့မှုများကို နယ်စပ်တွင်သာ စောစီးစွာ တင်းကြပ်နိုင်ခြင်းနှင့် ပထဝီအနေအထားအရ သီးခြားဖြစ်နေခြင်းက ယခုကဲ့သို့ အဆင့်ပြောင်းလဲရာတွင် အထောက်အကူဖြစ်စေခဲ့သည်။

…   
ယခုနှစ်တွင် ဂျပန်နိုင်ငံမှ အိုဆာကာ ( အဆင့် -၂ ) ၊ တိုကျို ( အဆင့်-၄) တို့ဖြစ်ပြီး၊ သြစတြေးလျနိုင်ငံမှ အက်ဒီလိတ်( အ ဆင့်-၃)၊ ပတ်သ်(အဆင့်-၆)၊ မဲလ်ဘုန်း ( အဆင့်-၈)၊ ဝယ်လင်တန် ( အဆင့်-၁၀) တို့အသီးသီးဖြစ်လာကြပြီး ဥရောပ သြစတြီးယားနိုင်ငံ ဗီယင်နာမှာ အဆင့် ၁၂ သို့ ကျဆင်းသွားသည်။

…    
နေပျော်မှု အဆိုးရွားဆုံးမြို့ကြီး ၁၀ မြို့မှာ ဆီးရီးယား၊ နိုင်ဂျီးရီးယား၊ ပါပူဝါနယူးဂီနီ၊ ဘင်္ဂလားဒေ့ရှ်၊ အယ်လ်ဂျီးရီးယား၊ လစ်ဗျား၊ ပါကစ္စတန်၊ ဇင်ဘာဘွေ၊ ကင်မရွန်းနှင့် ဗင်နီဇွဲလားနိုင်ငံရှိ မြို့ကြီးများက အစီအစဉ်အလိုက် ပါဝင်နေသည်။

…  
COVID-19 ကူးစက်ကပ်ရောဂါသည် ဥရောပအပါအဝင် ကမ္ဘာတစ်ဝှန်းလုံးရှိ မြို့ကြီးများ၌ နေပျော်မှုပုံစံအပေါ် ပြင်းထန်စွာ ရိုက်ခတ်ခဲ့သည်။ မြို့ကြီးအသီးသီးတို့၏ ယဉ်ကျေးမှု၊သဘာဝပတ်ဝန်းကျင်အခြေအနေအပြင် တည်ငြိမ်အေးချမ်းမှု၊ ကျန်းမာစောင့်ရှောက်မှု၊ ပညာရေးနှင့် စီးပွားရေးအခြေခံအဆောက်အအုံ များဖြစ်ထွန်းမှု တို့အပေါ် အမှတ်ပေးအကဲဖြတ်ခြင်းဖြစ်ပြီး ယေဘုယျအားဖြင့် EIU အနေဖြင့် အဆင့်သတ်မှတ်ခြင်းကို လူသိရှင်ကြားထုတ်ပြန်လေ့ မရှိချေ။

(( EIU ၏ အညွှန်းကိန်းသတ်မှတ်ခြင်းမှာ ကမ္ဘာတစ်ဝှန်းလုံးရှိ မြို့ကြီးပေါင်း ၁၄၀ တို့ကို အကဲဖြတ်ခြင်းဖြစ်ပြီး နိုင်ငံအချို့တွင် မြို့ကြီး ၂-မြို့မှ ၄-မြို့ထက် မနည်း ပါဝင်နေသည်။ ကျွန်တော့်အနေဖြင့် မြန်မာနိုင်ငံမှ မြို့ကြီးများကို အဆိုပါ စာရင်းတွင် ရှာမတွေ့ပါ။ ။သတင်းဘာသာပြန်သူ))

#နိုင်ငံတကာမြို့ကြီး၁၄၀တို့၏_နေပျော်မှုအဆင့်အညွှန်းကိန်း

(((bdnews24., 09 Jun 2021,” Dhaka climbs up one notch to become 4th least liveable city in the world: EIU.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။)))

https://bdnews24.com/bangladesh/2021/06/09/dhaka-climbs-up-one-notch-to-become-4th-least-liveable-city-in-the-world-eiu
https://www.eiu.com/n/campaigns/global-liveability-index-2021/
https://www.theguardian.com/world/2021/jun/09/worlds-most-liveable-city-auckland-wins-as-covid-shakes-up-rankings 

0

Leave a Reply

Your email address will not be published.