ဘင်္ဂလားဒေ့ရှ် နျူကလီယာစွမ်းအင်စက်ရုံ၏ ဓါတ်ပေါင်းဖို အစိတ်အပိုင်းများ စက်ရုံတည်ဆောက်ရေးသို့ လွှဲပြောင်း၊ စွမ်းအင်စစ်ပွဲ လက်ဦးမှုရယူရေး ပထမဆုံးနျူကလီယာလျှပ်စစ်ဓါတ်အားပေးစီမံကိန်း ၂၀၂၃-ခုနှစ်၌ စတင်လည်ပတ်မည်။

  
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ပထမဆုံး နျူကလီယာစွမ်းအင်စက်ရုံဖြစ်သော “ရွတ်ပူး” ၏ အမှတ်-၁ ပါဝါယူနစ်အတွက် ဓါတ်ပေါင်းဖို အဓိက အစိတ်အပိုင်းများကို ၎င်းစက်ရုံတည်ဆောက်ရေးလုပ်ငန်းသို့ လွှဲပြောင်းပေးခဲ့ကြောင်း Dhaka Tribune က ယမန်နေ့ရေးသားသည်။ 


နိုဝင်ဘာ ၁၀-ရက်နေ့တွင် အမှတ် – ၁ ပါဝါယူနစ် VVER-1200 အတွက် ဓါတ်ပေါင်းဖို ဖိအားပေးစက်နှင့် ရေနွေးငွေ့ဂျင်နရေတာများကို အထူးတွဲဆွဲရေယာဉ်များအသုံးပြု၍ လွှဲပြောင်းခဲ့ကြောင်း ရုရှားနိုင်ငံ နျူကလီယာနည်းပညာ “ ရို့စတမ် “ အက်တမ်စွမ်းအင် ကော်ပိုရေးရှင်းက သတင်းထုတ်ပြန်သည်ဆို၏။ 

  
အဆိုပါ စက်ကိရိယာများမှာ လွန်ခဲ့သည့် အောက်တိုဘာ ၂၀ ရက်တွင် ” ဒေစီ” အမည်ရှိ ကုန်တင်ရေယာဉ်ဖြင့် မွန်ဂလာဆိပ်ကမ်းသို့ ရောက်ရှိနေရာမှ မြစ်တွင်း အထူးတွဲဆွဲရေယာဉ်ကို အသုံးပြု၍ ဆက်လက်သယ်ပို့ပေးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။ 

  
ဓာတ်ပေါင်းဖို ဖိအားပေးစက် ( အလေးချိန် – ၃၃၃.၆ တန် ) နှင့် ရေနွေးငွေ့ဂျင်နရေတာ ( တန်ချိန် ၃၄၀ ) တို့ကို နျူကလီယာစွမ်းအင်စက်ရုံ ( ရွတ်ပူး NPP ) တည်ဆောက်ရေးလုပ်ငန်းအထိ ဟဲဗီးသယ်ပို့ရေးကိရိယာများ ဖြင့် သယ်ဆောင်ရာတွင် အချိန် ၂-လခွဲနီးပါးကြာမြင့်ခဲ့ရသည်။ 


၎င်းစက်ပစ္စည်းများကို ရုရှားနိုင်ငံ ဗော်ဂိုဒုန့်ဇ်မြို့ရှိ အက်တမ်မက်ရှ်စက်ရုံမှ ထုတ်လုပ်ခြင်းဖြစ်ပြီး AEM – နည်းပညာကုမ္ပဏီ ( ရိုစ်စတမ် စက်-တည်ဆောက်ရေးဌာနနှင့် JSC) ၏ လုပ်ငန်း တစ်စိတ်တစ်ပိုင်းဖြစ်သည်။ 


ဓာတ်ပေါင်းဖိုသည် ဘဲဥပုံအောက်ခြေနှင့် ဒေါင်လိုက်ဆလင်ဒါကိုယ်ထည်ဖြစ်ပြီး အလယ်ဗဟိုနှင့် အတွင်းပိုင်း၌ တည်ရှိမည့် ရေနွေးငွေ့ဂျင်နရေတာသည် အီလစ်ပုံအောက်ခြေ ၂-ခုပါ ဆလင်ဒါပုံစံအိုးဖြစ်သည်။ 


၂၀၁၁ ခုနှစ်၊ နိုဝင်ဘာလတွင် ရုရှားနှင့်ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့အကြား “ ရွတ်ပူး နျူကလီယာ စွမ်းအင်စက်ရုံစီမံကိန်း “ အတွက် အစိုးရချင်း သဘောတူစာချုပ်ချုပ်ဆိုခဲ့ပြီး၊ ၂၀၁၃ ခုနှစ်တွင် စွမ်းအင်စက်ရုံ၏ အခြေခံ အုတ်မြစ်ကို ချနိုင်ခဲ့သည်။ 


ယူနစ် ၂ ခုပါ စက်ရုံတွင် VVER အမျိုးအစား ဓာတ်ပေါင်းဖိုများ တပ်ဆင်ထားရာ  ဖြစ်နိုင်သက်တမ်း နှစ်ပေါင်း ၆၀ နှင့် နောက်ထပ် အနှစ် ၂၀ အထိ သက်တမ်းတိုးချဲ့အသုံးပြုနိုင်မည်ဖြစ်ကြောင်း သတင်း၌ ဆက်လက်ဖော်ပြသည်။ 

  
စွမ်းအင်စစ်ပွဲတွင် လက်ဦးမှုရယူရေးအတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် အမေရိကန်ဒေါ်လာ ၁၂.၆၅ ဘီလျှံ တန် “ ရွတ်ပူး“ အမည်ရှိ ညူကလီယာစွမ်းအင်သုံး ဓါတ်အားပေးစက်ရုံ မဟာစီမံကိန်းကြီးကို ၁,၀၆၂ ဧက ကျယ်ဝန်းသော မြေပေါ်၌ ရုရှားလူမျိုး ၁,၈၀၀ အပါအဝင် လုပ်သားအင်အား ၈,၀၀၀ တို့ဖြင့် စတင်တည်ဆောက်ခဲ့ကြသည်။ လွန်ခဲ့သည့် မတ်လ ၂၆ ရက်နေ့တွင် ဘင်္ဂလားဒက်ရှ်နိုင်ငံ၌ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ကပ်ရောဂါ စတင်ဖြစ်ပွားသဖြင့် ရောဂါမပြန့်ပွားရေး တားဆီးပိတ်ဆို့မှုများ ချမှတ်ခဲ့ရသည်။

  
ကပ်ရောဂါကျကြောင့် ပက်ဒမာ တံတားစီမံကိန်း၊ ဒါကာ မက်ထရိုမြေအောက်မီးရထားလမ်းနှင့် ကာနာပူလီ ဥမင်လိုဏ်ခေါင်းတည်ဆောက်ရေး စသည့် ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်းလုပ်ငန်းများ နှောင့်နှေးခဲ့ရသည်။ သို့သော် ရွတ်ပူးစီမံကိန်းကိုမူ ရုရှား၊ ဂျာမနီနှင့် အိန္ဒိယတို့မှ ကျွမ်းကျင်သူများ တိုးချဲ့ဖြည့်တင်းကာ ကျန်းမာရေးဝန်ကြီးဋ္ဌာန၏ ကူးစက်ရောဂါတားဆီးကာကွယ်ရေး ပြဋ္ဌာန်းချက်များနှင့်အညီ အရှိန်အဟုန်မပျက် ဆက်လက်တည်ဆောက်လျှက်ရှိသည်။ စက်ရုံထွက်လျှပ်စစ်ဓါတ်အားကို လာမည့် ၂၀၂၃-ခုနှစ်၌ အမျိုးသားမဟာဓါတ်အား လိုင်းနှင့် ချိတ်ဆက် အသုံးပြုနိုင်ရန် ရည်မှန်းထားသည် ။ 


(( မြန်မာနိုင်ငံတွင် နျူကလီယာစွမ်းအင်အသုံးပြုမှု ဖွံ့ဖြိုးတိုးတက်ရေးအတွက် အမျိုးသားအဆင့် ရည်မှန်းချက်များရှိခဲ့ပါသည်။ ၁၉၉၈-ခုနှစ် ဇွန်လ ၈-ရက်နေ့တွင် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံံ့ဖြိုးရေးကောင်စီက အမိန့်-ကြေညာချက် အမှတ် ၈/၉၈ ဖြင့် “ အဏုမြူစွမ်းအင်ဥပဒေ “ ကို ပြဋ္ဌာန်းခဲ့ကြောင်းတွေ့ရှိရသည်။ 


နိုင်ငံဖွံ့ဖြိုးရေးနှင့် နိုင်ငံသားများလူနှေမှုအဆင့် မြှင့်တင်ရန် လျှပ်စစ်ဓါတ်အားမှာ မရှိမဖြစ် လိုအပ်ပါသည်။ လျှပ်စစ်ထုတ်ယူရန် ဆည်တည်ဆောက်ခြင်းအပါအဝင် ကျောက်မီးသွေးကို အများဆုံးအသုံးပြုကြသည်။ ပူနွေးလာသော ကမ္ဘာကြီးအတွက် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ဖြစ်သော နေရောင်ခြည်မှ လျှပ်စစ်ထုတ်ထုတ်ယူရန်လည်း တည်ဆောက်နေကြပါသည်။ သို့သော် ဂျာမနီကဲ့သို့သောနိုင်ငံတွင် လောလောဆယ်နိုင်ငံ့ စီးပွားရေး တိုးတက်မှုကို ထိခိုက်မခံပါသဖြင့် ၂၀၃၅-ခုနှစ်ရောက်မှ ကျောက်မီးသွေးစက်ရုံများ စတင်ပိတ်သိမ်းနိုင်မည်ဖြစ်သည်။ 


မြန်မာသည် နိုင်ငံတကာတွင် ဖန်လုံအိမ်ဓါတ်ငွေ့အများဆုံးထုတ်လွှတ်သော အိန္ဒိယနှင့် တရုတ်တို့အကြားတွင် တည်ရှိနေသည်။ ထို့ပြင် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ၂၀၂၀-ခုနှစ် သြဂုတ်လအထိ ကျောက်မီးသွေးစက်ရုံ ၂၉-ခုရှိနေပြီး ၎င်းနိုင်ငံ၏ စွမ်းအင်လိုအပ်ချက် ၉၀ ရာနှုန်းကို ကျောက်မီးသွေးမှ ထုတ်ယူနေသည်။ 


မုန်သုန်ဝင်ထွက် နောက်ကျခြင်း၊ အပူလှိုင်း-အအေးလှိုင်းဖြတ်သန်းခြင်းနှင့် ရေကြီးရေလျှံခြင်းတို့မှာ မြန်မာနှင့် ဒေသတွင်းသာမက နိုင်ငံတကာ၌လည်း ဖြစ်ပေါ်လျှက်ရှိသည်။ သစ်တောများပြုန်းတီးခြင်းသည် ရာသီဥတုပြောင်းလဲစေသည့် အချက်တစ်ခုဖြစ်ပါသည်။ သို့သော် ရာသီဥတုဆိုသည်မှာ ခြံခတ်ထားကာ ကွက်ကွက်လေး ဖြစ်ပေါ်နေခြင်း လုံးဝမဟုတ်ပါ။ 

ကျွန်တော်တို့က မည်မျှပင် ခြိုးခြံဆင်ခြင်စေကာမူ အိမ်နီးချင်းနှင့်ဒေသတွင်းနိုင်ငံများ၏ ကမ္ဘာ့ ရာသီဥတုပြောင်းလဲစေသည့် လုပ်ဆောင်ချက်များ ဒါဏ်ကို မလွဲမသွေ ခံစားရပါမည်။ ထို့ကြောင့် စွမ်းအင်ထုတ်ယူရန် အမျိုးသားအဆင့် ဆုံးဖြတ်ချက်များကို ပြတ်ပြတ်သားသား ချမှတ်မှ ဖြစ်ပါတော့မည်။       ။သတင်းဘာသာပြန်သူ )) 

#ရွတ်ပူးနျူကလီယာဓါတ်အားပေးစက်ရုံ #စွမ်းအင်စစ်ပွဲ

((( Dhaka Tribune., November 17th, 2020, “Reactor pressure vessel, steam generator for 1st Power Unit delivered to Rooppur NPP Construction site.” ကို #HyayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ ))

https://www.dhakatribune.com/bangladesh/nation/2020/11/17/reactor-pressure-vessel-steam-generator-for-1st-power-unit-delivered-to-rooppur-npp-construction-site

https://www.myanmartradeportal.gov.mm/my/legal/139

https://bdnews24.com/economy/2020/07/12/rooppur-nuclear-power-plant-on-fast-track-despite-pandemic

https://bdnews24.com/economy/2019/12/12/bangladesh-mulls-more-underwater-tunnels-instead-of-bridges-after-karnaphuli

https://www.thedailystar.net/country/pm-hasina-launches-bangabandhu-tunnel-work-under-karnaphuli-river-1706587

https://www.dhakatribune.com/bangladesh/dhaka/2020/01/02/dhaka-ranks-11th-worst-in-air-quality-index

0

Leave a Reply

Your email address will not be published.