ဘာကီနာဖက်ဆိုတွင် လူ ၁၃၀ ကျော် အစုအပုံလိုက်အသတ်ခံရမှုမှာ ၁၂-နှစ်မှ ၁၄-နှစ်ကြား ကလေးစစ်သားများ လက်ချက်ဖြစ်ဟု ဆို။ အယ်လ်ကိုင်ဒါလိုလားသူများနှင့် အစ္စလာမ် ဂျီဟဒ်အုပ်စု JNIM ထောက်ခံသူများ ကျူးလွန်ဟု အစိုးရပြော


အာဖရိကအနောက်ပိုင်း ဘာကီနာဖက်ဆိုနိုင်ငံ၌ မကြာသေးမီက လူ ၁၃၀ ကျော် အစုအပုံ လိုက်အသတ်ခံရသည့် နေအိမ်စီးနင်း တိုက်ခိုက်မှုများမှာ အသက် ၁၂ နှစ်အရွယ် ကလေးငယ်များ၏ လက်ချက်ဖြစ်ပြီး ကလေးစစ်သားများ အသုံးချနေမှုကို ကမ္ဘာ့ကုလသမဂ္ဂက ဝေဖန်ရှုတ်ချလိုက်သည်ဟု Russia Today က ယနေ့ရေးသားသည်။

…   
တိုက်ခိုက်မှုများအပြီး မေးမြန်းတွေ့ရှိချက်များအရ ဆိုလ်ဟန်ကျေးရွာအတွင်း ရက်စက်စွာတိုက်ခိုက်မှုအများစုမှာ အသက် ၁၂-နှစ်မှ ၁၄-နှစ်ခန့်သာ ရှိသေးသူများက ကျူးလွန်ခြင်းဖြစ်ကြောင်း ဘာကီနာဖက်ဆိုအစိုးရ ပြောရေးဆိုခွင့်ရှိသူက ရှင်းလင်းသည်။

…  
ကလေးသူငယ်များအခွင့်အရေးနှင့် ကောင်းသောဘဝဖြစ်တည်ရေးကို မြှင့်တင်ဆောင်ရွက်လျှက်ရှိသော ကုလသမဂ္ဂ ယူနီဆက်ဖ်က အာဏာပိုင်များ၏ ရှင်းလင်းချက်ကို တုန့်ပြန်ရာတွင် အကြမ်းဖက်အဖွဲ့အစည်းတို့က ကလေးစစ်သားစုဆောင်းနေခြင်းမှာ ကလေးသူငယ်များ၏အခြေခံအခွင့်အရေးများကို ပြင်းထန်စွာ ချိုးဖောက်ခြင်း ဖြစ်ကြောင်း ပြစ်တင်ရှုတ်ချလိုက်သည်။

…  
အာဖရိကအနောက်ပိုင်း ကုန်းတွင်းပိတ်နိုင်ငံ၏ ကျေးရွာအတွင်း ရက်စက်စွာတိုက်ခိုက်မှုမှာ ဇွန်လ ၄ ရက် နေ့ည၌ ဖြစ်ပွားခဲ့ပြီး သုတ်သင်ချေမှုန်းမှုများမှာ နောက်တစ်ရက် ဇွန်လ ၅ ရက်နေ့တိုင်အောင် ဆက်လက်ဖြစ်ပေါ်နေခဲ့သည်။ စီးနင်းတိုက်ခိုက်သူများသည် နေအိမ်များအား ဖျက်ဆီးခြင်း၊ ဈေးတစ်ခုကို မီးတင်ရှို့ခြင်းနှင့် ကျေးရွာသားအမြောက်အများတို့ကို ပစ်သတ်ခြင်းများ ကျူးလွန်ခဲ့ကြသည်။ ဆိုလ်ဟန်ရွာ တိုက်ခိုက်ခံရမှုတွင် လူပေါင်း ၃,၃၀၀ ခန့် အိုးအိမ်စွန့်ခွာ ထွက်ပြေးရကြောင်း ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ (UNHRC) ၏အဆိုအရ သိရှိရသည်။

…  
သေဆုံးသူ ၁၃၂-ဦး ရှိသည်ဟု တရားဝင် သတင်းထုတ်ပြန်သော်လည်း အသက်ဆုံးရှုံးရသူ စုစုပေါင်းမှာ ကလေးငယ် ၂၀ ခန့်အပါအဝင် လူ ၁၆၀ ကျော်ရှိကြောင်း သတင်းများထွက်ပေါ်သည်။

…  
တိုက်ခိုက်မှုအတွက် တာဝန်ရှိကြောင်း မည်သည့်အဖွဲ့အစည်းကမျှ ထုတ်ဖော်ပြောကြားခြင်း မရှိသေးသော်လည်း အယ်လ်ကိုင်းဒါးအဖွဲ့ကို လိုလားသူများ၊ အထူးသဖြင့် အစ္စလာမ်နှင့် မွတ်စလင်(JNIM) အုပ်စုကို ထောက်ခံသူများက ကျူးလွန်ခြင်းအဖြစ် သံသယရှိကြောင်း ဘာကီနာဖက်ဆိုအစိုးရက ပြောဆိုသည်။

…  
ဘာကီနာဖက်ဆိုနိုင်ငံမှာ နှစ်ပေါင်းများစွာအတွင်း အယ်လ်ကိုင်းဒါးနှင့် ဆက်နွယ်သောဂျီဟတ်အုပ်စုများ၏ အကြမ်းဖက်တိုက်ခိုက်မှုများ တိုးပွားလာခြင်းကြောင့် အတိဒုက္ခရောက်လျှက်ရှိသည်။

…  
ကမ္ဘာအနှံ့ လှုပ်ရှားလျှက်ရှိသော ကလေးစစ်သားများ၏ ၄၀ % မှာ အာဖရိကတွင် ရှိနေသည်ဟု ခန့်မှန်းရသည်။

…   
ကလေးစစ်သားများကို အသုံးပြုရန် အကြောင်းပြချက်များမှာ အရွယ်ရောက်သူ များများစားစား မရရှိနိုင်ခြင်းနှင့် တပ်မှူးများအပေါ် လူကြီးများထက်ပို၍ သစ္စာစောင့်သိကြောင်း ပြသနိုင်ခြင်းတို့ကြောင့် ဖြစ်သည်ဆို၏။

…   
လူဦးရေ သန်း ၂၀ ကျော်ခန့်ရှိသည့် ဘာကီနာဖက်ဆိုနိုင်ငံတွင် ၂၀၁၉-ခုနှစ်မှစ၍ ဆူပူသောင်းကျန်း မငြိမ်သက်မှုများကြောင့် နေအိမ်များမှ နှင်ထုတ်ခံရသူပေါင်း ၁.၂-သန်း ရှိနေပြီး ယခုနှစ် အိုးအိမ်စွန့်ခွာရသူတို့၏ ၈၀ % ကျော်မှာ မိန်းမနှင့် သို့မဟုတ် ကလေးငယ်များဖြစ်ကြောင်း UNHCR ၏ စာရင်းဇယားများက ဖော်ပြသည်။

#ဘာကီနာဖက်ဆို #လူပေါင်း၁၃၀ကျော်သေဆုံးရသည့်ကျေးရွာစီးနင်းခံရမှုနှင့်_ကလေးစစ်သား

(((Russia Today., 24 Jun, 2021,” UN criticizes use of child soldiers after Burkina Faso govt says massacre of over 130 people was carried out by kids.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။)))

https://www.rt.com/news/527498-un-child-soldiers-burkina-faso/ 

Leave a Reply

Your email address will not be published.