ဘာဆန်ချာကျွန်းသို့ ရွှေ့ပြောင်းနေခြင်းကို စိုးရိမ်သည်ဆိုသူများသည် ၎င်းတို့တိုင်းပြည်တွင် ဒုက္ခသည်ဘင်္ဂါလီများအား လက်ခံသင့်ကြောင်း ကုလအထွေထွေအတွင်းရေးမှူးချုပ်အား နိုင်ငံခြားရေးဝန်ကြီး တုံ့ပြန်၊ ဒုက္ခသည်ဘင်္ဂါလီများအား လက်ခံရန် နေရာမရှိတော့ဆို၊

ပင်လယ်ပြင်၌ ရက်သတ္တပတ်ပေါင်းများစွာ မရေမရာဖြစ်လျှက်ရှိသည့် ဒုက္ခသည်ဘင်္ဂါလီ ( မူရင်း ရိုဟင်ဂျာဟု ဖော်ပြ ) ရာပေါင်းများစွာတို့ကို ဘင်္ဂလားဒက်ရှ်နိုင်ငံက ကယ်တင်ခဲ့ပြီးနောက် ဘာဆန်ချာကျွန်းသို့ ပေးဆောင်ခဲ့ကြောင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ကပြောကြားခဲ့သည်။ ကုလအထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတားရက်စ်က ဘင်္ဂလားဒက်ရှ်နိုင်ငံခြားရေးဝန်ကြီးအေကေ အဗ္ဗဒူမိုမန်ထံသို့ ပေးပို့သည်ဟု AFP က ဖော်ပြခဲ့သောစာတွင် မြန်မာနိုင်ငံနှင့်နယ်စပ်အနီးရှိ ဒုက္ခသည်စခန်းများ၌ ကိုရိုနာဗိုင်းရပ်စ်ရောဂါကူးစက်မှု အတွက် စိုးရိမ်လျှက်ရှိကြောင်း ဖော်ပြထားသည်ဟု Dhaka Tribune က ယနေ့ရေးသားသည်။

အဆိုပါ ဒုက္ခသည်ဘင်္ဂါလီများသည် ဘင်္ဂလားပင်လယ်အော်အတွင်း ငါးဖမ်းဘုတ်များဖြင့် မျောပါနေရာမှ ယခုမေလစောစောပိုင်း၌ ဘင်္ဂလားဒက်ရှ်က ကယ်ဆယ်ခဲ့ခြင်းဖြစ်သည်။ ၎င်းတို့တွင် Covid-19 ရောဂါဖြစ်စေသော ဗိုင်းရပ်စ်စွဲကပ်နိုင်သည်ဟု စိုးရိမ်ရသောကြောင့် ကော့ခ်ဘဇားဒုက္ခသည်စခန်းများသို့ ပြန်မပို့ခဲ့ကြောင်း ဒါကာအစိုးရက ပြောကြားခဲ့သည်။ သို့သော် ဝေးလံခေါင်ဖျားကျွန်းပေါ်၌ ဒုက္ခသည်များအား မည်မျှ ကြာအောင် ထားရှိမည်ဆိုခြင်းကိုဘင်္ဂလားဒက်ရှ် အာဏာပိုင်များက ထုတ်ဖော်ပြောကြားခြင်း မရှိသေးချေ။

ဂူတားရက်စ်၏ သောကြာနေ့ရက်စွဲပါ ပေးစာတွင် ဘာဆန်ချာကျွန်း၌ ပို့ဆောင်ထားသော ဒုက္ခသည် ၃၀၈-ဦး တို့ကို ရောဂါခြေချုပ်ကာလ ပြီးဆုံးသည့်ခါ တည်ရှိဆဲ ကော့ခ်ဘဇားစခန်းများသို့ ပြောင်းရွှေ၍ မိသားစုများ ပြန်လည်ဆုံစည်းခွင့်ပြုလိမ့်မည်ဟု ယုံကြည်ကြောင်း ရေးသားထားသည်ဆို၏။


ကုလအထွေထွေအတွင်းရေးမှူးချုပ်၏ ပေးစာဆိုသည်ကို ယခုတိုင် မိမိလက်ခံရရှိခြင်း မရှိသေးကြောင်း နိုင်ငံခြားရေးဝန်ကြီးက AFP အား ပြောကြားသည်။ လူပေါင်း ၁-သိန်းခိုလှုံရန်အတွက် လွန်ခဲ့သည့်နှစ်တွင် အဆောက်အအုံများဆောက်လုပ်ထားခဲ့သည့် ဘာဆန်ချာကျွန်းသို့ ဒုက္ခသည်ဘင်္ဂါလီများအား ပို့ဆောင်နေခြင်းအပေါ် စိုးရိမ်သည်ဆိုသူများသည် ၎င်းတို့၏ မိခင်နိုင်ငံတွင် ဒုက္ခသည်များအား လက်ခံသင့်ကြောင်း နိုင်ငံခြားရေးဝန်ကြီး ပြောကြားသည်။

ဘင်္ဂလားဒက်ရှ်တွင် ဒုက္ခသည်များအား လက်ခံထားရန် သီးခြားနေရာမရှိတော့ကြောင်း၊ ဘာဆန်ချာကျွန်းသို့ ပို့ဆောင်နေခြင်းကို မနှစ်သက်သော တိုင်းပြည်များအနေဖြင့် ဒုက္ခသည် ဘင်္ဂါလီတို့၏ မူလနေရပ်ဖြစ်သည့် ရခိုင်ပြည်နယ်သို့ပြန်ပို့ရန်အတွက် မြန်မာနိုင်ငံအား ပိုမိုဖိအားပေးသင့်ကြောင်း မိုမန်က ဆက်လက် ပြောဆိုကြောင်း သိရှိရသည်။

ကော့ခ်ဘဇားဒုက္ခသည်စခန်းတွင် ကိုရိုနာဗိုင်းရပ်စ်စွဲကပ်လျှက်ရှိသူ ဒုက္ခသည်ဘင်္ဂါလီ ၃-ဦး ထပ်မံတွေ့ရှိပြီးနောက် စခန်းအတွင်း ရောဂါပျံ့ပွားမှု ထိန်းချုပ်ရန် အရေးပေါ်အဖွဲ့များ ဖွဲ့စည်း၍ အားသွန်ဆောင်ရွက်လျှက်ရှိကြောင်း သတင်း၌ ဖော်ပြသည်။

((( Dhaka Tribune., May 17th, 2020. “UN chief: Move Rohingya on Bhashan Char to refugee camps.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ )))

# ဘာဆန်ချာကျွန်းသို့ရွှေ့ပြောင်းနေခြင်းကို စိုးရိမ်လျှင်၎င်းတို့တိုင်းပြည်တွင်လက်ခံသင့်ဟုဆို #ဒုက္ခသည်ဘင်္ဂါလီများအရေးကုလအထွေထွေအတွင်းရေးမှူးချုပ်အားနိုင်ငံခြားရေးဝန်ကြီးတုံ့ပြန်၊

https://www.dhakatribune.com/bangladesh/rohingya-crisis/2020/05/17/un-chief-move-rohingya-on-bhashan-char-to-refugee-camps

0

Leave a Reply

Your email address will not be published.