ဘာသာရေးဆိုင်ရာကိစ္စနှင့်ဆက်နွယ်၍ ပြည်တွင်းပြည်ပ တင်းမာမှု ဖြစ်ပွားလျှက်ရှိ သော ပြင်သစ်နိုင်ငံတွင် ဂရိအော်သိုဒေါ့ဘုန်းတော်ကြီးတစ်ပါး သေနတ်ပစ်ခံရ၍ အသက်ဘေးစိုးရိမ်ရ။ အကြမ်းဖက်မှုထက် ပုဂ္ဂိုလ်ရေးဆိုင်ရာ ပဋိပက္ခဖြစ်နိုင်



ပြင်သစ်နိုင်ငံ လီယွန်မြို့တွင် ဂရိအော်သိုဒေါ့ဘုန်းတော်ကြီးတစ်ပါးမှာ သေနတ်ဖြင့် ပစ်ခတ်ခံရပြီး ဒါဏ်ရာပြင်းထန်သဖြင့် အသက်အန္တရာယ်စိုးရိမ်ရကြောင်း၊ သေနတ်သမားဟု ယူဆရသူအား ရဲတပ်ဖွဲ့က ဖမ်းဆီးရမိသည်ဟု Guardian က ယမန်နေ့ ရေးသားသည်။ 

စနေနေ့ ဒေစစံတော်ချိန် ညနေ ၄-နာရီတွင် အဆိုပါဘုန်းတော်ကြီးမှာ သတ္တမအာရွန်းဒီစမန်ရှိ ဘုရားကျောင်းအတွင်း တံခါးများပိတ်နေစဉ် သေနတ်ဖြင့် ၂-ချက်ဆင့် ပစ်ခတ်ခံရ၍ ဝမ်းဗိုက်တွင် ဒါဏ်ရာပြင်းထန်စွာ ရရှိခဲ့ခြင်းဖြစ်ကြောင်း၊ ရဲတပ်ဖွဲ့ဝင်များက စစ်ဆေးစဉ် သက်သေထွက်သူတစ်ဦးအဆိုအရ သေနတ်သမားဟု ယူဆရသူကို ည ၇-နာရီကျော်တွင် လီယွန်မြို့ စားစောက်ဆိုင်တစ်ဆိုင်တွင် ဖမ်းဆီးရမိကြောင်း ပြင်သစ်သတင်းစာများက ရေးသားကြသည်။ 

သို့ရာတွင် ဖမ်းဆီးခံရသူမှာ သေနတ်သမား ဟုတ်မဟုတ် လောလောဆယ် အတည်ပြုနိုင်ခြင်း မရှိသေးယုံမက အကြမ်းဖက်တိုက်ခိုက်မှုဖြစ်ကြောင်း သက်ဆိုင်ရာက သတင်းထုတ်ပြန်ခြင်းလည်း မရှိချေ။ သို့သော် CNN နှင့် မီဒီယာအချို့က ဖော်ပြရာတွင် သေနတ်သမားမှာ ဒါဏ်များနှင့် လွတ်မြောက်နေဆဲဖြစ်ကြောင်း ရေးသားသည်။ 

BFM ရုပ်သံက သတင်းထုတ်လွှင့်ရာတွင် အသက် ၅၂-နှစ်ရှိပြီဖြစ်သော အဆိုပါ ဘုန်းတော်ကြီးမှာ ဘုရားကျောင်းဝန်ထမ်းအဖြစ်မှ ထွက်ခွာတော့မည့်သူ ဖြစ်ကြောင်း၊ ပုဂ္ဂိုလ်ရေးဆိုင်ရာ အငြင်းပွားမှုဖြစ်နိုင်ခြေတို့ကို စုံစမ်းလျှက်ရှိကြောင်း ဖော်ပြပါရှိသည်။ Le Monde သတင်းစာက ရေးသားရာတွင်မူ လီယွန်မြို့ရှိ ဂရိအော်သိုဒေါ့ ဂိုဏ်းငယ်အသိုင်းအဝိုင်းအတွင်း ကာလရှည်ပဋိပက္ခနှင့် ဆက်စပ်နိုင်ကြောင်း၊ အဆိုပါဘုန်းတော်ကြီးအပေါ် စွဲဆိုထားသော လိမ်လည်မှုအား ယခုနှစ်စောစောပိုင်းတွင် လီယွန်တရားရုံးတော်က အသေးစိတ်စစ်ဆေးခဲ့ပြီး နောက် ပလပ်ခဲ့ခြင်းနှင့် ပတ်သက်နိုင်သည်ဟု ဖော်ပြသည်။ 

ပြင်သစ်ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ရာတွင် အခင်းဖြစ်ပွားရာနေရာတွင် ရဲတပ်ဖွဲ့ဝင်များနှင့် အရေးပေါ်ကယ်ဆယ်ရေးဝန်ထမ်းများရောက်ရှိနေပြီး လမ်းသွားလမ်းလာများအနေဖြင့် သတိပြုရှောင်ရှားနိုင်ကြပါရန် တိုက်တွန်းထားသည်။ 

ယခုသေနတ်ပစ်မှုမှာ နိ့စ်မြို့ရှိ ဘုရားရှိခိုးကျောင်းတစ်ခုတွင် ဓားဖြင့်ကိုင်ထားသူတစ်ဦးလက်ချက်ဖြင့် လူ ၃-ဦး သေဆုံးပြီးနောက် ၃-ရက်အကြာတွင် ဖြစ်သည်။ နိ့စ်မြို့ ဖြစ်စဉ်မှာလည်း ပါရီမြို့ အနောက်မြောက်ဖက် မိုင် ၂၀ ခန့်အကွာ စာသင်ကျောင်းတစ်ခု အပြင်ဘက်တွင် ဆင်မြူရယ်ပက်တီအမည်ရှိ ကျောင်းဆရာတစ်ဦးမှာ ခေါင်းဖြတ်အသတ်ခံရပြီး ရက်သတ္တပတ် ၂-ပတ်အကြာ၌ ဖြစ်သည်။ 

အခင်းဖြစ်ပွားရာ ဘုရားကျောင်းသည် တိတ်ဆိတ်သော လူနေရပ်ကွက်တွင်တည်ရှိပြီး သေနတ်သံ ၂-ချက်နှင့် နာကျင်အော်ဟစ်သံတို့ကို ကြားခဲ့ရသည်ဟု အိမ်နီးချင်းများက ပြောဆိုကြောင်း၊ ပစ်ခတ်သူသည် ပြောင်းဖြတ်ထားသော သေနတ်ကို အသုံးပြုခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။ 

ပြင်သစ်နိုင်ငံတွင် လုံခြုံရေးခြိမ်းခြောက်မှု သတိပေးချက်အမြင့်ဆုံးအဆင့် သတ်မှတ်ကြောင်းကို ကြာသပတေးနေ့၌ သမ္မတအီမန်နူရယ်မက်ခွန်က ကြေညာခဲ့သည်။ နိုငံတစ်ဝှမ်းလုံးတွင် ကင်းစောင့်အဖြစ် စစ်ဖက်တပ်ဖွဲ့ဝင် ၄,၀၀၀ ထပ်မံချထားသဖြင့် စုစုပေါင်း တပ်ဖွဲ့ဝင် ၇,၀၀၀ တို့က လှည့်လည်စောင့်ကြပ်လျှက်ရှိကြောင်း သမ္မတ မက်ခွန်က ပြောဆိုသည်။ 

တနင်္ဂနွေနေ့တွင် ကျရောက်သည့် All Saints’ Day မတိုင်မီ ဘုရားရှိခိုးကျောင်းများနှင့် အခြားဘာသာရေးနေရာများတွင် လုံခြုံရေးတိုးမြှင့်ခဲ့သည်။ တနင်္လာနေ့ သက်တမ်းဝက် အားလပ်ရက်အပြီးတွင် ဖွင့်လှစ်သည့် ကျောင်းများအား ကာကွက်စောင့်ရှောက်ရန် လုံခြုံအစောင့် ၃,၅၀၀ ကို တိုးမြှင့်ခန့်ထားခဲ့ပြီး ရဲတပ်ဖွဲ့ဝင် ၁၂၀ ကိုလည်း နိ့စ်မြို့၌ ဖြန့်ချထားသည်။

နိ့စ်မြို့ တိုက်ခိုက်သူသည် ဗရာဟင် အိုဝီဆာရီအမည်ရှိ အသက် ၂၁-နှစ်အရွယ် တူနီရှားလူမျိုးဖြစ်သည်။ နော့ထရီဒမ်ဘုရားရှိခိုးကျောင်းအတွင်း၌ အသက် ၆၀ အရွယ် အမျိုးသမီးကြီးမှာ ရက်စက်စွာ ခေါင်းဖြတ်အသတ်ခံရပြီး အသက် ၅၅ နှစ်အရွယ်အမျိုးသားကြီးမှ လည်လှီးခံရ၍ သေဆုံးသည်။ အခြားအသက် ၄၄-နှစ်အရွယ် အမျိုးသမီးတစ်ဦးမှာ ဒါးထိုးခံရသော ဒါဏ်ရာများနှင့် ဘုရားရှိခိုးကျောင်းအတွင်းမှ ထွက်ပြေးနိုင်သော်လည်း အနီးရှိ ကော်ဖီဆိုင်ရှေ့အရောက်တွင် လဲကျသေဆုံးသည်။ 

အိုဝီဆာရီအား သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့ရပြီး ဒါဏ်ရာပြင်းထန်စွာဖြင့် အရှင် ရမိသည်။ သူသည် အခင်းမဖြစ်ပွားမီ ၁-ရက်အလို၌ ပြင်သစ်နိုင်ငံသို့ တရားမဝင်ရောက်ရှိနေသူဖြစ်ပြီး၊ ၎င်းနှင့်ဆက်စပ်၍ အသက် ၃၃-နှစ်နှင့် ၄၇-နှစ် အသီးသီးရှိသူ တူနီရှားရွှေ့ပြောင်းအလုပ်သမားနှစ်ဦးကို သီးခြားစီ ဖမ်းဆီးထားသည်။ 

ပြင်သစ်ကျောင်းဆရာ ဆမ်မြူရယ်ပက်တီသည် သူ၏ကျောင်းသားများအား #ရှာလီဟက်ဗ်ဒို သရော်စာမဂ္ဂဇင်းပါ တမန်တော်မိုဟာမက်အား ပြောင်လှောင်သည့် ကာတွန်းပုံကို စာသင်ခန်းအတွင်း ပြသခဲ့ခြင်းကြောင့် ထိုကဲ့သို့ အသတ်ခံခဲ့ရခြင်းဖြစ်သည်။ 

တမန်တော်အား ပြောင်လှောင်သည့် ကာတွန်းပုံသည် မွတ်စလင်တို့အား တုန်လှုပ်စေမည်ကို မိမိအနေဖြင့် နားလည်နိုင်သော်လည်း ထိုအတွက်နှင့် အကြမ်းဖက်ရန် မလိုအပ်ကြောင်း ပြင်သစ်သမ္မတမက်ခွန်က ၎င်း၏ အစ္စလာမ်ဘာသာအပေါ် ဝေဖန်ပြောဆိုခဲ့ခြင်းကို ချေပသည်ဟု Russia Today က ယမန်နေ့၌ ရေးသားကြောင်း တွေ့ရှိရသည်။ 

#ပြင်သစ်လီယွန်ဘုရားရှိခိုးကျောင်းသေနတ်ပစ်မှု 

((( Guardian., 31 Oct 2020, “Lyon: man arrested after priest shot at church.Greek Orthodox priest was left with life-threatening injuries.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ ))) 

https://www.theguardian.com/world/2020/oct/31/lyon-attack-priest-shooting-church-france 
https://edition.cnn.com/2020/10/31/europe/france-shooting-priest-lyon-scli-intl/index.html 
https://www.rt.com/news/505156-shooter-orthodox-priest-lyon-france/ 
https://news.sky.com/story/french-priest-seriously-injured-in-lyon-gun-attack-police-confirm-12119886 
https://www.rt.com/news/505121-france-nice-church-third-suspect-arrested/ 
https://www.rt.com/news/505166-macron-prophet-mohammed-cartoons/ 

0

Leave a Reply

Your email address will not be published.