ဘီရွတ်ပေါက်ကွဲမှုမှာ ပေါ့ဆမှု၊ ပြင်ပမှ ဗုံး သို့မဟုတ် ရော့ကက်ကြောင့် ဖြစ်ဖွယ်ရှိဟုဆို။ ၁၅၄-ဦး သေဆုံး၍ ၅၀၀၀ ကျော်ဒါဏ်ရာရရှိပြီး လူပေါင်းများစွာ ပျောက်ဆုံးနေ။ အကျင့်ပျက် ရေပေါ်ဆီ နိုင်ငံရေးသမားများ၏ လစ်လျှု့ရှု့မှုကြောင့်ဟု ဒေါသထွက်နေသူများ ကန့်ကွက်ဆန္ဒပြရာမှ ရဲတပ်ဖွဲ့ဝင်များနှင့် ထိပ်တိုက် ပဋိပက္ခဖြစ်

လွန်ခဲ့သည် သြဂုတ် ( ၄ ) ရက် အင်္ဂါနေ့၌ ဘီရွတ်မြို့အား အကြီးအကျယ်ပျက်စီးသွားစေရသည့် ပေါက်ကွဲမှု ဖြစ်ရခြင်းမှာ ပေါ့ဆမှု၊ ရော့ကက် သို့မဟုတ် ဗုံးကြောင့် ဖြစ်နိုင်ကြောင်း လက်ဘနွန်သမ္မတက ပြောကြားသည် ဟု Euro News က ယနေ့ရေးသားသည်။ 

ဘေးအန္တရာယ်ဖြစ်ပွားပြီး ၃-ရက်အကြာ၌ လက်ဘနွန်သမ္မတက ပြောကြားရာတွင် ပေါက်ကွဲမှုမှာ ပေါ့ဆခြင်းကြောင့်သော်၎င်း ပြင်ပမှ ဗုံး သို့မဟုတ် ရော့ကက်ကြောင့် ဖြစ်ဖွယ်ရှိကြောင်း၊ သို့သော် အတည်မပြုရသေးကြောင်း ဆက်လက်ပြောဆိုသည်။ 

  
ပေါက်ကွဲမှုကြောင့် သောကြာနေ့အထိ သေဆုံးသူစုစုပေါင်းမှာ ၁၅၄ ဦး အထိရှိလာသည်။ လူ ၅၀၀၀ ခန့် ဒါဏ်ရာရရှိပြီး ဒါဇင်ပေါင်းများစွာပျောက်ဆုံးလျှက်ရှိသည်ဆို၏။ ဘီရွတ်မြို့လူဦးရေ၏ ၁၂ ရာခိုင်နှုန်းကျော်ဖြစ်သော လူပေါင်း ၃၀၀,၀၀၀ ခန့်သည် ပေါက်ကွဲမှုဖြစ်ပွားရာတွင် နေအိမ်များဆုံးရှုံးသွားရသည်။ 


ပေါက်ကွဲမှုဖြစ်ပွားရခြင်းကြောင့် ကြာသပတေးနေ့ညတွင် လက်ဘနွန်နိုင်ငံမြို့တော်၌ အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြသူများနှင့် ရဲတပ်ဖွဲတို့ ထိပ်တိုက်တွေ့မှုများဖြစ်ပွားခဲ့သည်။မြို့နေအများစုမှာ အစိုးရ၏ ပေါ့ဆမှုနှင့် အကျင့်ပျက်ခြစားမှုများကြောင့် လူအများအပြားသေဆုံးစေရသော ပေါက်ကွဲမှုဖြစ်ရသည်ဟု မှတ်ယူကြသည်။ နိုင်ငံရေး ရေပေါ်ဆီလူတန်းစားတို့အပေါ် ဒေါသဖြစ်လျှက်ရှိသော ဆန္ဒပြသူများသည် ရဲတပ်ဖွဲ့ဝင်များအား အုတ်ခဲကျိုး ကျောက်ခဲများဖြင့် ပစ်ပေါက်ခဲ့ကြကြောင်း သိရှိရသည်။ ပေါက်ကွဲမှုနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးမှုပြုလုပ်ရာတွင် ဘီရွတ်ဆိပ်ကမ်း၌ နှစ်ချီသိုလှောင်ထားခဲ့သော အမိုးနီးယားနိုက်ထရိတ် ဓါတ်မြေသြဇာများကြောင့်ဖြစ်ကြောင်း တွေ့ရှိသည်။ 


ထိုကဲ့သို့ အန္တရာယ်မကင်းသော ပစ္စည်းများကို လူနေထူထပ်သော ဧရိယာအနီး မည်သည့်အတွက် သိုလှောင်ထားရသည်ကို သိရှိလိုကြသည်။ ၂၀၁၅ ခုနှစ် ရှေ့နေတစ်ဦး၏ အစီရင်ခံစာအရဆိုလျှင် အန္တရာယ်သဘာဝရှိသော ကုန်ပစ္စည်းများအဖြစ် ရည်ညွှန်းထားပြီး ၎င်းတို့ကို လေလံတင်ရောင်းချခြင်း သို့မဟုတ် သင့်လျော်စွာ စွန့်ပစ်ရန် စောင့်ဆိုင်း လျှက်ရှိကြောင်း ဖော်ပြသည်။ 

  
စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ရှိပြီး တာဝန်ရှိသူများအား အမြင့်ဆုံးပြစ်ဒဏ်ချမှတ်မည်ဟု လက်ဘနွန် ဝန်ကြီးချုပ်က ပြောကြားသော်လည်း လူအများ၏ အမြင်တွင် ဆိပ်ကမ်းအာဏာပိုင်များအား အပြစ်ပေးသည်နှင့် မလုံလောက်ဟု ဒေါသထွက်လျှက်ရှိကြသည်။

  
ဘေရွတ်နေထိုင်သူအမျိုးသားတဦး က Euro news သို့ပြောကြားရာတွင် အာဏာရ ရေပေါ်ဆီလူတန်းစားများ၏ ဂရုမစိုက်မှုကြောင့် ညူကလီယာဗုံးသဖွယ် ပစ္စည်းမှာ သိုလှောင်ရုံ၌ နှစ်ပေါင်းများစွာ ရှိနေခဲ့ကြောင်း၊ အရာရှိတစ်ဦး/ခေါင်းဆောင်တစ်ယောက်တလေမျှပင် ဘာတစ်ခုမှ မလုပ်ခဲ့ကြောင်း ပြောကြားသည်။ 

  
ပေါက်ကွဲမှုဖြစ်ပြီး သေဆုံးသူ ၁၃၇-ဦးတွေ့ရှိရသော လွန်ခဲ့သောသုံးရက်၌ လက်ဘနွန်မြို့တော်သို့ ပြင်သစ်သမ္မတ အီမန်နူရယ်မက်ကွန်းရောက်ရှိလာပြီး စက်တင်ဘာ ၁-ရက်နေ့မတိုင်မီ နိုင်ငံတကာအကူအညီများ ပေးအပ်မည်ဖြစ်ကြောင်း ကတိပြု သည်။ သို့သော် လက်ဘနွန်အစိုးရအနေဖြင့် လာဘ်ပေးလာဘ်ယူမှုများကို နှိမ်နှင်းပြီး စီးပွားရေးပြုပြင်ပြောင်းလဲမှုများ ပြုလုပ်သင့်ကြောင်း တိုက်တွန်းသည်။ 

  
ပျက်စီးသွားသော ဘီရွတ်မြို့ လမ်းများပေါ်၌ ပြင်သစ်သမ္မတ လမ်းလျှောက်နေစဉ် အနီးရှိလူအုပ်ကြီးက လက်ဘနွန်အစိုးရ ကျဆုံးပါစေဟု ကြွေးကြော်ကြပြီး အပြည်ပြည်ဆိုင်ရာအကူအညီများပေးအပ်ပါရန် တောင်းခံနေကြသည်။ 


ကြာသပတေးနေ့ ညနေပိုင်းသတင်းစာရှင်းလင်းပွဲကျင်းပရာတွင် လက်ဘနွန်အစိုးရသို့ အကူအညီပေးမည့် အစီအစဉ်ကို ပယ်ဖျက်၍ NGO များသို့ တိုက်ရိုက်ပေးပို့မည်ဖြစ်ကြောင်း အကူအညီပေးရေးအတွက် လာမည့်နေ့များတွင် ဥရောပသမဂ္ဂနှင့်အတူ ညီလာခံကျင်းပမည်ဖြစ်ကြောင်း၊ ထပ်မံကတိပြုခဲ့သည်။ အများယုံကြည်မှုမရှိသည့် စနစ်တစ်ခုအတွက် လွယ်လင့်တကူ အထောက်အပံ့ ရရှိနိုင်မည်မဟုတ်ကြောင်း သတိပေးလိုက်ပြီး ပေါက်ကွဲမှုဖြစ်ရခြင်းအကြောင်းရင်းကို လွတ်လပ်သောစုံစမ်းစစ်ဆေးမှုပြုလုပ် ဖော်ထုတ်ပါရန် တောင်းဆိုခဲ့သည်။ 


ထိုစဉ်အတောအတွင်း ဘီရွတ်ပေါက်ကွဲမှုဖြစ်ရခြင်းကို ဆန့်ကျင်သည့်အနေဖြင့် ဂျော်ဒန်နိုင်ငံဆိုင်ရာ လက်ဘနွန်သံအမတ်ကြီးက ရာထူးမှ နှုတ်ထွက်သွားကြောင်း တူရကီ Anadolu News Agency က ယနေ့ရေးသား သည်။ လစ်လျှု့ရှုမှုနှင့် အကျင့်ပျက်ခြစားမှုများကြောင့် လက်ဘနွန်ပြည်သူတို့၏ နာကျင်မှု ဝေဒနာကို ရှု့မြင်လိုခြင်းမရှိကြောင်း၊ အတိုင်းမသိ လာဘ်ပေးလာဘ်ယူမှုနှင့် ဖာသိဖာသာနေမှုတို့ကြောင့် ပေါက်ကွဲမှုဖြစ်ရကြောင်း၊ ၁၉၇၅- ၁၉၉၀ ခုနှစ် ၁၅-နှစ်ကြာ ပြည်တွင်းစစ်နောက်ပိုင်း လက်ဘနွန်နိုင်ငံရေးသမားတို့ကို ရာထူးမှ ဖယ်ရှားရန် သံအမတ်ကြီးက တောင်းဆိုသည်။ 


France 24 သတင်းစာက ယနေ့ရေးသားရာတွင်မူ ဘီရွတ်ဆိပ်ကမ်း၌ ၎င်းတို့၏ လက်နက်ခဲယမ်းများ သိုလှောင်ထားသည်ဟု သတင်းထွက်ပေါ်ခြင်းနှင့် ပတ်သက်၍ လက်ဘနွန် ဟဇ်ဘိုလာပြည်သူ့စစ် အကြီးအကဲက ပြင်းထန်စွာ ငြင်းဆိုကြောင်း ဖော်ပြသည်။ ဆိပ်ကမ်းတွင် ရိုင်ဖယ်၊ မစ်ဆိုင်းလ်၊ ခဲယမ်းမီး ကျောက် စသည်ဖြင့် ဘာတစ်ခုမျှ သိုလှောင်ထားခြင်း မရှိသည့်အပြင် အမိုးနီးယားနိုက်ထရိတ်တို့ကိုလည်း သိုလှောင်သိမ်းဆည်းထားခြင်းမရှိကြောင်း ဟဇ်ဘိုလာခေါင်းဆောင် နူးဆရလ္လာ က ရုပ်သံမှတစ်ဆင့် ပြောဆိုသည်။ 


#ဘီရွတ်ပေါက်ကွဲမှု #ပေါ့ဆမှု၊ ပြင်ပမှဗုံး_သို့မဟုတ်_ရော့ကက်ကြောင့်ဖြစ်ဖွယ်ရှိ 

((( Euro News., Beirut blast could have been due to ‘negligence, a missile or a bomb,’ says Lebanon’s president.” ” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန် ဆိုသည်။ ))) 

https://www.euronews.com/2020/08/07/beirut-blast-could-have-been-due-to-negligence-a-missile-or-a-bomb 
https://www.aa.com.tr/en/middle-east/lebanon-s-envoy-to-jordan-resigns-over-massive-blast/1934200# 
https://www.france24.com/en/20200807-lebanon-s-hezbollah-leader-categorically-denies-storing-arms-at-blast-site 
https://www.timesofisrael.com/lebanons-leaders-face-rage-reform-calls-after-blast-16-port-staffers-detained/ 

0

Leave a Reply

Your email address will not be published.