ဘီရွတ် ပြင်းထန်ပေါက်ကွဲမှုတွင် ဘင်္ဂလားဒက်ရှ်နိုင်ငံသား ၄-ဦး သေဆုံး၍ ဘင်္ဂလားဒက်ရှ်ရေတပ်မှ စစ်သည် ၂၁-ဦးအပါအဝင် ၁၀၀-ခန့် ဒါဏ်ရာရရှိ။ ဘီရွတ်ရှိနိုင်ငံသားတို့ အခြေအနေကို ဘင်္ဂလားဒက်ရှ်ဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးတို့က အချိန်နှင့်တပြေးညီ ကြီးကြပ်နေ

အင်္ဂါနေ့၌ လက်ဘနွန်နိုင်ငံ ဘီရွတ်မြို့တွင် ပြင်းထန်ပေါက်ကွဲမှု ၂-ကြိမ်ဖြစ်ပွားရာ ဘင်္ဂလားဒက်ရှ်နိုင်ငံသား ၄-ဦး သေဆုံး၍ ဘင်္ဂလားဒက်ရှ်ရေတပ်မတော်မှ စစ်သည် ၂၁-ဦးအပါအဝင် နိုင်ငံသား ၁၀၀ ခန့် ဒါဏ်ရာရရှိကြောင်း လက်ဘနွန်နိုင်ငံဆိုင်ရာ ဘင်္ဂလားဒက်ရှ်သံရုံးက သတင်းထုတ်ပြန်သည်ဟု Dhaka Tribune က ယမန်နေ့ရေးသားသည်။ 

  
ဘင်္ဂလားဒက်ရှ်သံရုံး ပထမအတွင်းဝန် ( အလုပ်သမားရေးရာ ) နှင့် သံရုံးအကြီးအကဲ အဗ္ဗဒူလာအယ်လ်မာမန်၏ ဗုဒ္ဓဟူးနေ့စောစောပိုင်း ပြောကြားချက်အရ အသက်ဆုံးရှုံးသူ ဘင်္ဂလားဒက်ရှ်နိုင်ငံသား ၃- ဦးရှိကြောင်း သိရှိရသော်လည်း ၎င်းနေ့ညပိုင်းတွင် နောက်ထပ် ၁-ဦး သေဆုံးကြောင်း၊ ကွယ်လွန်သူသည် ဘင်္ဂလားဒက်ရ်ှမှ တရားဝင်ရွှေ့ပြောင်းအလုပ်သမားဖြစ်ပြီး စပိန်အဖွဲ့အစည်းတစ်ခုတွင် အလုပ်လုပ်ကိုင်နေသူဖြစ်ကြောင် အတည်ပြုသည်။ 

  
 ဘင်္ဂလားဒက်ရှ်တပ်မတော် ပြည်တွင်းလူထုဆက်ဆံရေး ( ISPR ) က သတင်းထုတ်ပြန်ရာတွင်မူ ပေါက်ကွဲမှု ၂-ကြိမ်ဖြစ်ပွားရာ၌ ရေတပ်မတော်မှ စစ်သည် ၂၁-ဦးဒါဏ်ရာရရှိခဲ့ကြောင်း၊ ၎င်းတို့အားလုံးသည် ကုလသမဂ္ဂငြိမ်းချမ်းမှုထိန်းသိမ်းရေးမစ်ရှင်၏ အစီအစဉ်တစ်စိတ်တစ်ပိုင်းအရ လက်ဘနွန်နိုင်ငံ ဘီရွတ်မြို့တွင် တပ်ဖြန့်ထားသည့် ဘင်္ဂလားဒက်ရှ် စစ်ရေယာဉ် ( BNS Bijoy ) “ ဘီအင်အက်စ် ဘီဂျွိုင်း“ တွင် တာဝန်ထမ်းဆောင်လျှက်ရှိသူများဖြစ်ကြောင်း၊

  
၎င်းတို့အနက် အကြီးတန်းအရာဗိုလ် မိုဟာမက်ဟာရမ်အူလ်ရာရှစ်မှာ ဒါဏ်ရာပြင်းထန်ပြီး ဘီရွတ်မြို့ အမေရိကန်ယူနီဗာစီတီ ဆေးဘက်ဆိုင်ရာစင်တာတွင် ကုသမှုခံယူလျှက်ရှိကြောင်း၊ သို့သော် ယခုအခါ စစ်သည်အားလုံးအနေဖြင့် အသက်အန္တရာယ် စိုးရိမ်ဖွယ်မရှိကြောင်း။ ပေါက်ကွဲမှုကြောင့် စစ်ရေယာဉ် ဘီဂျွိုင်း၌ ဖြစ်ပေါ်ခဲ့သော ထိခိုက်ပျက်စီးမှုများကို သက်ဆိုင်ရာက စစ်ဆေးလျှက်ရှိကြောင်း၊ အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ ဘင်္ဂလားဒေ့ရှ်ရေတပ်ဌာနချုပ်သည် ဘင်္ဂလားဒက်ရှ်သံရုံး၊ စစ်ရေယာဉ် ဘီဂျွိုင်းနှင့် ကုလသမဂ္ဂ၏ လက်ဘနွန်နိုင်ငံဆိုင်ရာ ကြားဖြတ်ထိန်းသိမ်းရေးတပ် (UNIFIL) တို့နှင့် မပြတ်ဆက်သွယ်လျှက်ရှိနေကြောင်း ပါရှိသည်။ 

  
UNIFIL ၏ သတင်းဝက်ဘ်ဆိုက်က ဖော်ပြရာတွင် တပ်ကွပ်ကဲမှု့အောက်ရှိ ရေကြောင်းသွားလာမှုဆိုင်ရာ အထူးတာဝန်ဖြင့် စစ်ရေယာဉ်တစ်စီးမှာ လက်ဘနွန်နိုင်ငံ ဘီရွတ်မြို့ ဆိပ်ကမ်းတွင် ကျောက်ချရပ်နားထားစဉ် ပေါက်ကွဲမှုဖြစ်ပွား၍ စစ်ရေယာဉ်၌ ထိခိုက်ပျက်စီးမှုဖြစ်ပေါ်ခဲ့ကြောင်း၊ ငြိမ်းချမ်းမှုထိန်းသိမ်းရေး အမှု့ထမ်းအချို့ ဒါဏ်ရာရရှိခဲ့ပြီး၊ အချို့မှာ စိုးရိမ်ရသောအခြေအနေ၌ရှိကြောင်း ရေးသားထားသည်။ 


လက်ဘနွန်ရှိဘင်္ဂလားဒေ့ရှ်သံအမတ်ကြီးကမူ ဘင်္ဂလားဒက်ရှ်သံရုံးသည် ထိခိုက်ဒဏ်ရာရရှိသည့် ဘင်္ဂလားဒက်ရှ်နိုင်ငံသားနှင့် အသိုင်းအဝိုင်းတို့အား ကူညီရန် အတတ်နိုင်ဆုံး ဆောင်ရွက်လျှက်ရှိကြောင်း၊ ယခုအချိန်တွင် ဘီရွတ်မြို့၏ အခြေအနေမှာ ဆိုးရွားလျှက်ရှိပြီး လက်ဘနွန်လူမျိုးများကဲ့သို့ပင် ဘင်္ဂလားဒက်ရ်ှတို့မှာလည်း စိုးရိမ်ပူပန်နေကြကြောင်း၊ ဝန်ကြီးချုပ် ရှိတ်ဟာစီနာသည် အခြေအနေအသေးစိတ်ကို အချိန်နှင့်တပြေးညီ သိရှိနေကြောင်း၊ နိုင်ငံခြားရေးဝန်ကြီးနှင့် ပြည်ပဆိုင်ရာ လူမှုဖူလုံရေးနှင့်အလုပ်အကိုင်ရေးရာဝန်ကြီးတို့ကလည်း သံရုံးနှင့် အဆက်အသွယ်ရှိနေကြောင်း ပြောဆိုသည်။ 

((( Dhaka Tribune., 05 August 2020, “Beirut blast: 4 Bangladeshis killed, 21 Bangladesh Navy crew injured,” ကို #HtayOung, #OungMarine ဆီလျော်အောင်ကောက်နှုတ်ဘာသာပြန်ဆိုသည်။ ))) 


#ဘီရွတ်ပေါက်ကွဲမှုနှင့်ဘင်္ဂလားဒက်ရှ်နိုင်ငံသား #၄-ဦးသေဆုံး 

#ဘင်္ဂလားဒက်ရှ်ရေတပ်မှစစ်သည်_၂၁-ဦးအပါအဝင်_၁၀၀-ခန့် ဒါဏ်ရာရရှိ။ 


https://www.dhakatribune.com/bangladesh/military-affairs/2020/08/05/bangladesh-navy-crew-injured-in-beirut-blast 

0

Leave a Reply

Your email address will not be published.