မက္ကဆီကို၏ ၄၀ ရာခိုင်နှုန်းကို မူးယစ်ရာဇာများက ထိန်းချုပ်နေဟု အမေရိကန်သံအမတ်ဟောင်း ပြော။ သမ္မတဖြစ်သူမှာ မူးယစ်ရာဇာများအား ထိပ်တိုက်ဆန့်ကျင်ခြင်း မရှိသဖြင့် တစ်ချိန်က ဗီယက်နမ်ကဲ့သို့ဖြစ်နေဟု ပြော။ မူးယစ်ရာဇာတို့က လုံခြုံရေးတပ်ဖွဲ့ဝင်များအား ဖောက်ခွဲရေးဒရုန်းဖြင့် တိုက်ခိုက်


မက္ကဆီကိုနိုင်ငံ၏ ၄၀ ရာခိုင်နှုန်းကို မူးယစ်ရာဇာများက ထိန်းချုပ်ထားကြောင်း ဒေါ်နယ်ထရမ့်အစိုးရလက်ထက် မက္ကဆီကိုနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ဟောင်းတစ်ဦးက ပြောဆိုသည်ဟု Russia Today (Apr. 29,2021) က ရေးသားသည်။


မက္ကဆီကို အုပ်ချုပ်ရေးပိုင်းတွင် မူးယစ်ရာဇာများ၏ ကျယ်ပြန့်သော အခန်းကဏ္ဍမှ ပါဝင်နေပုံမှာ သံသယ ဖြစ်ဖွယ် မရှိကြောင်း၊ သမ္မတဖြစ်သူ လိုပက်ဇ်အိုဘရာဒိုမှာ မူးယစ်ရာဇာများအား ချဉ်းကပ်ရာတွင် ထိပ်တိုက်ဆန့်ကျင်သည်ဟူ၍ မရှိသဖြင့် တစ်ချိန်က ဗီယက်နမ်နိုင်ငံကဲ့သို့ဖြစ်နေသည်ဟု ရှု့မြင်ကြောင်း သံအမတ်ဟောင်း ခရစ်စတိုဖာလန်ဒိုက သံတမန်ဟောင်းများနှင့် ဝိုင်းဖွဲ့ဆွေးနွေးရာတွင် အခိုင်အမာပြောဆိုသည်။ မက္ကဆီကိုသမ္မတ_လိုပက်ဇ်_အိုဘရာဒိုကမူ အမေရိကန်သံအမတ်ဟောင်း၏ သုံးသပ်ချက်ကို ဗုဒ္ဓဟူးနေ့က ပယ်ချလိုက်သည်။

…  
မက္ကဆီကိုတွင် အကြမ်းဖက်မှု အများဆုံး ကျူးလွန်လျှက်ရှိသည့် မူးယစ်ရာဇာများအနက်မှ ဂိုဏ်းတစ်ခုသည် အစိုးရအား တိုက်ခိုက်ရာတွင် နည်းဗျူဟာသစ်တစ်ခုကို စတင်အသုံးပြုခဲ့ကြောင်း၊ လွန်ခဲ့သည့် ရက်သတ္တပတ်၌ နိုင်ငံအတွင်း ပြည်နယ် ၃-ခုထက်မနည်းတို့တွင် အစိုးရ လုံခြုံရေးတပ်ဖွဲ့များအား ပေါက်ကွဲစေနိုင်သော ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အာဏာပိုင်များက ပြောကြားသည်ဟု #Orgnized_Crimes_and_Corruption_Reporting_Project (#OCCRP) Apr.27,2021 ဂျာနယ်တွင် Jullet Pineda က ရေးသားသည်။

…   
#ဂျာလစ်စ်ကို_မျိုးဆက်သစ် သည် မက္ကဆီကိုတွင် ကြောက်မက်ဖွယ်အကောင်းဆုံး ဂိုဏ်းတစ်ခုဖြစ်ပြီး မူးယစ်ဆေးဝါးနှင့် လက်နက်ရောင်းဝယ်မှုအပါအဝင် တရားမဝင် စီးပွားရေးလုပ်ငန်းများမှ အမြတ်အစွန်းများစွာ ရယူလျှက်ရှိသည်။ ပြည်နယ် ၃-ခုရှိ အာဏာပိုင်အပေါ် တိုက်ခိုက်မှုအချို့တွင် ထိုအဖွဲ့အစည်း၏ တာဝန်ဖြစ်သည်ကို တွေ့ရှိရကြောင်း၊ ဒရုန်းအသုံးပြုတိုက်ခိုက်ခြင်းမှာ စိုးရိမ်စရာဖြစ်သော်လည်း လူနှင့် အဆောက်အအုံများကို အန္တရာယ်ဖြစ်စေလောက်သည့် ဖောက်ခွဲရေးပစ္စည်းများကို သယ်ဆောင်နိုင်စွမ်းမရှိသည့် ဒရုန်းများဖြစ်ခြင်းကြောင့် ၎င်းတို့ မျှော်လင့်သလောက် ထိရောက်မှု များစွာ မရှိကြောင်း၊ မက္ကဆီကို ကာကွယ်ရေးဝန်ကြီးက ပြောဆိုသည်။

…   
မည်သည့် ပေါက်ကွဲပစ္စည်းဖြစ်သည်ကို ကာကွယ်ရေးဝန်ကြီးက ပြောဆိုခြင်း မရှိပေ။ ဒေသခံ မီဒီယာများက ရေးသားရာတွင်မူ လွန်ခဲ့သည့် ရက်သတ္တပတ်၌ အနောက်ပိုင်း ပြည်နယ်တွင် ဖြစ်ပွားသော တိုက်ခိုက်မှု၌  ဂိုဏ်းအဖွဲ့ဝင်များက လက်ပစ်ဗုံးပါ ဒရုန်းများကို အသုံးပြုခဲ့ကြောင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင် ၂-ဦး ဒဏ်ရာရရှိပြီး  သံသယရှိသူတစ်ဦးကို ဖမ်းဆီးထားကြောင်း၊ မူးယစ်ရာဇာအချင်းချင်း အထူးသဖြင့် ဂျာလစ်စ်ကို_မျိုးဆက်သစ်နှင့် ၎င်း၏ပြိုင်ဘက် #ကာတီလက်စ်_ ယူနီဒိုတို့အကြား ပစ်ခတ်တိုက်ခိုက်မှုများ အကြိမ်ကြိမ်ဖြစ်ပွားလျှက်ရှိသည်ကို ဒေသခံများ၏ သတင်းပေးခဲ့ကြောင်း၊ အဆိုပါနယ်မြေ၌ လုံခြုံရေးတပ်ဖွဲ့ဝင် အင်အားကို တိုးမြှင့် ချထားကြောင်း ရဲတပ်ဖွဲ့အား ကိုးကား ဖော်ပြသည်။

…  
ဂျာလစ်စ်ကို_မျိုးဆက်သစ်သည် ဖင်တာနီးလ်နှင့် အခြားသေစေနိုင်သော မူးယစ်ဆေးဝါးများကို ဖက်ဒရယ်ပြည်ထောင်စုသို့ တင်သွင်းရာ၌ တာဝန်ရှိပြီး နိုင်ငံတကာ အဆိုးရွားဆုံးနှင့် အကြမ်းဖက်မူးယစ်ဆေးမှောင်ခိုကုန်ကူးသည့် အဖွဲ့အစည်းများအနက် တစ်ခုဖြစ်ကြောင်း အမေရိကန်ဘဏ္ဍာရေးဋ္ဌာနက သတ်မှတ်ထားသည်။

…  
မူးယစ်ဆေး မှောင်ခိုကုန်ကူးခြင်းနှင့် ဖျက်စွမ်းအားမြင့် လက်နက်များကို အသုံးပြု၍ လုပ်ကြံသတ်ဖြတ်မှုများကို အားပေးကူညီသည်ဟုဆိုကာ မူးယစ်ရာဇာ ၂-ဦးကို အမေရိကန်အစိုးရက ဒဏ်ခတ် ပိတ်ဆို့အရေးယူခဲ့သည်။

…  
သို့သော် ဂျာလစ်စ်ကိုမျိုးဆက်သစ်ဂိုဏ်းက ပေါက်ကွဲပစ္စည်းသယ်ဆောင်သည့် ဒရုန်းများကို အသုံးပြု၍ တိုက်ခိုက်ခြင်း မှာ ပထမဆုံးအကြိမ် မဟုတ်ချေ။ အခြားအဖွဲ့များကို တိုက်ခိုက်ရာတွင် ယမန်နှစ် သြဂုတ်လတည်းက အလားတူနည်းဗျူဟာကို အသုံးပြုခဲ့ဖူးကြောင်း၊ ရာဇဝတ်မှုကျူးလွန်သူများသည် ပေါက်ကွဲအား ပြင်းထန်သည့် C-4 နှင့် အခြားဓါတုဗေဒပစ္စည်းအမျိုးမျိုးတို့ ရောစပ်ထည့်ထားသည့် ဗူးကို ဒရုန်းတွင် တိပ်ဖြင့် ခိုင်မြဲစွာ ချည်နှောင်ပြီး အဝေးမှ ရီမုဒ်ဖြင့် ထိန်းချုပ်ခြင်းဖြစ်ကြောင်း၊ ပြိုင်ဖက်ဂိုဏ်းနှစ်ခုတို့အကြား တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် ဒရုန်းနှင့် ဖောက်ခွဲရေးပစ္စည်းများ အာဏာပိုင်များက ရှာဖွေတွေ့ရှိခဲ့ကြောင်း မက္ကဆီကို မီဒီယာ El Universal က ဖော်ပြသည်။

(( ကမ္ဘာမြေ၏ တစ်နေရာတွင် လက်နက်ဘေးကြောင့် နေ့စဉ် သေကြေပျက်စီးမှုများဖြစ်ပွားလျှက်ရှိသည်ဟုဆိုလျှင် စာဖတ်သူအများစုမှာ လစ်ဗျား၊ ယီမင်၊ ဆီးရီးယား၊ အာဖဂန်နစ္စတန်နိုင်ငံတို့ကို မြင်ယောင်မိကြမည် ထင်ပါသည်။

…  
သို့သော် ထိုစံချိန်ကို ချိုးနေသည်မှာ မက္ကဆီကိုနိုင်ငံဖြစ်သည်။ ၂၀၀၆-ခုနှစ် ဒီဇင်ဘာမှ ၂၀၁၂ နိုဝင်ဘာ အထိ ၆-နှစ်တာ ကာလအတွင်း မူးယစ်ဆေးနှင့် ဆက်နွယ်၍ အသတ်ခံရသူပေါင်း ၆-သောင်းထက်မနည်း ရှိသည်။ ၂၀၁၃-ခုနှစ်အရောက်တွင် ထိုအရေအတွက်မှာ ၁-သိန်း ၂-သောင်းကျော် ဖြစ်သွားပြီး ၎င်းတွင် ပျောက်ဆုံးနေသူ ၂-သောင်း ၇-ထောင် မပါသေးချေ။

မက္ကဆီကိုတွင် နာမည်ကြီး မူးယစ်ဂိုဏ်း ၁၀-ဂိုဏ်းမျှ ရှိနေပြီး၊ မူးယစ်ဆေးထုတ်လုပ် ဖြန့်ဖြူးခြင်း၊ လူကုန်ကူးခြင်း၊ လက်နက်မှောင်ခိုခြင်း၊ ငွေကြေးခဝါချခြင်းမှအစ ရာဇဝတ်မှုအမျိုးမျိုးကို ဇက်ရဲလက်ရဲ ကျူးလွန်လျှက်ရှိသည်။

မီဒီယာနှင့် ဂျာနယ်လစ်တို့၏ မရိုးဖြောင့်ခြင်း၊ အစိုးရဝန်ထမ်းများ အကျင့်ပျက်ခြစားခြင်းတို့ ပေါင်းစပ်ပြီး သကာလ မက္ကဆီကိုမှာလည်း ပညာရေး၊ လူမှုရေးတို့တွင် ဆုတ်ယုတ်ကာ ဆင်းရဲမွဲတေသူအများ တိုးပွားလျှက် ရှိလေသည်။ ။သတင်းဘာသာပြန်သူ))

(((RT.,Apr. 29 2021,” A former US ambassador to Mexico has claimed that up to 40% of the country is controlled by drug cartels.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။)))

#မက္ကဆီကို_၄၀%ကို_မူးယစ်ရာဇာများထိန်းချုပ်ဟုဆို
#လုံခြုံရေးတပ်ဖွဲ့များကို ဖောက်ခွဲရေးပစ္စည်းပါ_ဒရုန်းဖြင့်တိုက်ခိုက်

https://www.facebook.com/RTnews/photos/a.10150144237704411/10160074004909411/
https://www.occrp.org/en/daily/14291-mexican-cartel-attacks-police-with-explosive-drones
https://www.unilad.co.uk/news/mexican-drug-cartel-is-dropping-bombs-on-cops-with-a-drone/
https://mexiconewsdaily.com/news/amlos-attitude-toward-cartels-is-laissez-faire/?fbclid=IwAR0iDZ7g-YN9ymvOKQhFjmG0Bt5e36_8GLS7Hg9TedpaZ68hm_lUarKtuyc
https://www.washingtonpost.com/world/the_americas/mexicos-crime-wave-has-left-up-to-25000-missing-government-documents-show/2012/11/29/7ca4ee44-3a6a-11e2-9258-ac7c78d5c680_story.html 

Leave a Reply

Your email address will not be published.