မူလ ကာသီဒယ်ဘုရားကျောင်းတစ်ဖြစ်လဲ ယူနက်စကိုအသိအမှတ်ပြု သမိုင်းဝင်အဆောက်အအုံကို ဗလီအဖြစ် သတ်မှတ်ကြောင်းအမိန့်၌ တူရကီသမ္မတ လက်မှတ်ရေးထိုး၊ တူရကီနိုင်ငံ၏ အချုပ်အခြာ အာဏာပိုင်ခွင့်အရဟု ဆို

မူလ ခရစ်ယာန်ကာသီဒယ်ဘုရားကျောင်းတစ်ဖြစ်လဲ သမိုင်းဝင်အစ္စတန်ဘူလ်ပြတိုက်နှင့် ပတ်သက်၍ တူရကီ တရားရုံးတော်၏ ခွင့်ပြုကြောင်း ဆုံးဖြတ်ချက်အရ ဗလီအဖြစ်သတ်မှတ်ကြောင်း အမိန့်ဒီဂရီ တစ်ရပ်၌ သမ္မတရီဆက်တေရစ်အာဒိုဂန်က လက်မှတ်ရေးထိုးလိုက်သည်ဟု BBC က ယနေ့ရေးသားသည်။ 

ဟာဂီယာဆိုဖီယာအမည်ရှိ အဆိုပါ အဆောက်အအုံမှာ လွန်ခဲ့သည့်နှစ်ပေါင်း ၁,၅၀၀ ခန့်က အော်သိုဒေါ့ ခရစ်ယာန်ဘုရားကျောင်းအဖြစ် တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ တူရကီတို့၏ အော်တိုမန်အင်ပါယာအောင်နိုင်သည့် ၁၄၅၃-ခုနှစ်တွင် အစ္စလာမ်ဗလီအဖြစ် ပြောင်းလဲခြင်းခံခဲ့ရသည်။ ၁၉၃၄-ခုနှစ်တွင် ပြတိုက်ဖြစ်လာပြီး ယခုတိုင် ကုလသမဂ္ဂ ယူနက်စ်ကိုအဖွဲ့ကြီး၏ ရှေးဟောင်းအမွေအနှစ်အဖြစ် အသိအမှတ်ပြုခံထားရဆဲ အဆောက်အအုံဖြစ်သည်ဆို၏။ 

တူရကီအစ္စလာမ်ဘာသာဝင်များ၏ ဗလီအဖြစ် ပြောင်းလဲရေးတောင်းဆိုချက်မှာ နိုင်ငံအတွင်း ဘာသာရေးတင်းကြပ်မှုဆန့်ကျင်သူတို့အကြား ကာလကြာမြင့်စွာ အငြင်းအခုန်ဖြစ်ခဲ့ရပြီးနောက် ကမ္ဘာအနှံ့ရှိ ဘာသာရေးနှင့် နိုင်ငံရေးခေါင်းဆောင်တို့အကြားတွင်လည်း ဝေဖန်မှု့ မြင့်တက်ခဲ့ရသည်။ 

သမ္မတအာဒိုဂန်ကမူ ဟာဂီယာဆိုဖီယာအဆောက်အအုံအား ဗလီအဖြစ် ပြန်လည်ပြောင်းလဲရခြင်းမှာ တူရကီနိုင်ငံ၏ အချုပ်အခြာအာဏာပိုင်ခွင့်အရဖြစ်ကြောင်း အလေးအနက်ပြောဆိုသည်။ ထို့ပြင် လာမည့် ဇူလိုင် ၂၄-ရက်နေ့၌ အဆောက်အအုံအတွင်း ပထမဆုံးအကြိမ် မွတ်စလင်ဝတ်ပြုဆုတောင်းပွဲကျင်းပမည်ဖြစ်ကြောင်း မီဒီယာများသို့ ပြောကြားသည်။ 

၆-ရာစုနှစ်တွင် ခရစ်ယာန်ဘုရားကျောင်းဖြစ်ခဲ့သည့် အဆောက်အအုံမှာ ဘိုင်ဇန်တိုင်အင်ပါယာနှင့် အော်တိုမန်ခေတ်တို့တွင် ဗလီဖြစ်ခဲ့ရပြီး ထိုမှတဖန် ပြတိုက်ခဲ့ရသည်။ ယခုတစ်ဖန် ဗလီဖြစ်ရပြန်သော်လည်း အပျိုစင်မေရီ၊ ရွှေရောင်မှန်စီအမိုးခုံးအပါအဝင် ခရစ်ယာန် ဗိသုကာလက်ရာများကို ပြောင်းလဲဖယ်ရှားမည်မဟုတ်ကြောင်း တူရကီအာဏာပိုင်များက ပြောဆိုသည်။ 

ဗလီအဖြစ်ပြောင်းလဲကြောင်းကြေညာချက်နှင့်အတူ ဝတ်ပြုဆုတောင်းခြင်းကို ထုတ်လွှင့်ပြီးနောက် လူမှုကွန်ယက်၌ ဟာဂီယာဆိုဖီယာ၏ ယဉ်ကျေးမှုနှင့် ပတ်သက်သည့် စာမျက်နှာများကို ဖျက်သိမ်းလိုက်သည်။ 

၁၉၂၃-ခုနှစ် ခေတ်သစ်တူရကီသမ္မတနိုင်ငံထူထောင်စဉ် ပထမဆုံးသမ္မတဖြစ်သူ စစ်သေနာပတိ မူစတာဖာကမဲလ် အတ္တာတုခ်လက်ထက်တွင် ဟာဂီယာဆိုဖီယာသည် ဗလီမှ ပြတိုက်အဖြစ် ပြောင်းလဲခဲ့ခြင်းဖြစ်သည်။ ဘာသာရေး တင်းကြပ်မှုဆန့်ကျင်သူ အတ္တာတုခ်၏ အမြင်အယူအဆတို့ကို မျက်မှောက် တူရကီအောင်နိုင်သူ အာဒိုဂန်က ဆန့်ကျင်သည့် ခြေလှမ်းတစ်ရပ်ဖြစ်သည်။ အချို့ကမူ အာဒိုဂန်သည် ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါ ကြောင့် ဖြစ်ပေါ်လာသည့် စီးပွားရေးထိခိုက်ပျက်စီးမှုများကို အာရုံလွှဲရန် ကြိုးပမ်းခြင်းသာဖြစ်သည်ဟု ဝေဖန် ပြောဆိုသည်။ 

ဟာဂီယာဆိုဖီယာအဆောက်အအုံသည် တူရကီနိုင်ငံပိုင်မဟုတ်ပဲ ကမ္ဘာ့ လူသားအားလုံးနှင့် သက်ဆိုင်ကြောင်း၊ အစ္စလာမ်ဘာသာဝင်အများစု တူရကီတွင် ခရစ်ယာန်ဘာသာရေးအဆောက်အအုံ တည်တန့်နေခြင်းသည်ပင်လျှင် ဘာသာရေး ပေါင်းကူးမှုပြယုဂ်ဖြစ်ကြောင်း နိုင်ငံတကာအသိုင်းအဝိုင်းတို့က ထောက်ပြကန့်ကွက်ခဲ့ကြသည်။ 

ဂရိနိုင်ငံရှိ အော့သိုဒေါ့ဘုရားကျောင်းများ အကြီးအကဲနှင့် နိုင်ငံတကာရှိ သန်းပေါင်းများစွာသော အော့သိုဒေါ့ ခရစ်ယာန်ဘာသာဝင်များကမူ တူရကီ၏ ဆုံးဖြတ်ချက်မှာ ပွင့်လင်းယဉ်ကျေးသော ကမ္ဘာကြီးအား ဆန့်ကျင်ခြင်းဖြစ်ပြီး တူရကီတရားရုံးမှာလည်း လွတ်လပ်တရားမျှတမှုမရှိကြောင်း ရှုတ်ချလိုက်သည်။ 

ဟာဂီယာ ဆိုဖီယာ အဆောက်အအုံအား ဗလီအဖြစ် ပြောင်းလဲသတ်မှတ်ခြင်းအတွက် အလွန်အမင်း ဝမ်းနည်းမိပါကြောင်း တူရကီအစိုးရနှင့် အမြန်ဆုံးတွေ့ဆုံ ဆွေးနွေးလိုပါကြောင်း ကမ္ဘာ့ကုလသမဂ္ဂ၏ ပညာရေး၊ သိပ္ပံပညာနှင့် ယဉ်ကျေးမှုဆိုင်ရာအဖွဲ့အစည်းကြီး ( ယူနက်စ်ကို ) က ကမ်းလှမ်းထားသည်။ 

https://www.bbc.com/news/world-europe-53366307. 

((( BBC., 10 Jul, 2020 , “ Hagia Sophia: Turkey turns iconic Istanbul museum into mosque 
.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ ))) 

https://www.rt.com/news/494450-russia-syria-aid-veto-unsc/ 

#ကာသီဒယ်ဘုရားကျောင်းတစ်ဖြစ်လဲ_ယူနက်စကိုအသိအမှတ်ပြု _သမိုင်းဝင်အဆောက်အအုံကို_ဗလီအဖြစ်_တူရကီသတ်မှတ် 

0

Leave a Reply

Your email address will not be published.