မူးယစ်ဆေးဖြန့်ဖြူးသူတစ်ဦးကို ဖမ်းဆီးရမိရာတွင် အထောက်အထားအတုဖြင့် လိုင်စင်ယူ ကိုင်ဆောင်သော စစ်သုံးအူဇီပစ္စတိုဖြစ်ပုံရသည့် သေနတ်တွေ့ရှိ။ အူဇီကဲ့သို့ အဆင်မြင့် စက်သေနတ်များ အရပ်သားတို့လက်ဝယ် မည်သည့်နည်းနှင့် ရောက်ရှိနေသနည်း

  
နာမည်ဆိုးနှင့် ကျော်ကြားသော မူးယစ်ဆေးဖြန့်ဖြူးသူတစ်ဦးအား ဖမ်းဆီးရမိရာတွင် လိုင်စင်ရ လက်နက်ရောင်းဝယ်သူထံမှ အထောက်အထားအတုများဖြင့် ဝယ်ယူထားဟန်တူသော စစ်သုံးအဆင့် အူဇီပစ္စတိုဖြစ်ပုံရသည့် လက်နက်ပါဝင်နေခြင်းမှာ ဘင်္ဂလားဒေ့ရှ် ထောက်လှမ်းရေးနှင့် ရဲတပ်ဖွဲံအား ဦးနှောက်ခြောက်စရာ ဖြစ်ရသည်ဟု Dhaka Tribune က ယမန်နေ့ ရေးသားသည်။ 

  
ရက်သတ္တ ၃-ပတ်ကြာ ဖော်ထုတ်မှုများအတွင်း ရဲတပ်ဖွဲ့ဝင်များအနေဖြင့် လိုင်စင်ရလက်နက်ရောင်းဝယ်သူ ၆-ဦးထံမှ နိုင်ငံတစ်ဝှမ်း ပြန့်နှံ့လျှက်ရှိသော အလားတူ လက်နက်များကို ခြေရာခံနိုင်ခဲ့သည်။ ဒါကာမြို့တော် ရဲတပ်ဖွဲ့ (DMP) ၏ စုံထောက်ဌာနခွဲသည် နိုင်ငံအတွင်းရှိ လိုင်စင်ရ လက်နက်ကုန်သည် ၆-ဦးတို့က တင်သွင်း သည့် Uzi Semi-automatic .22 caliber အူဇီဆီမီးအော်တိုမစ်တစ် ဒဿမ ၂၂ ကယ်လီဘာ ပစ္စတို ၉၁-လက် ရှိကြောင်း ၂၀၁၅ ခုနှစ်ကတည်းက အထောက်အထား တွေ့ရှိပြီးဖြစ်သည်။ ထို့နောက်ပိုင်းတွင် ပြည်တွင်းသို့ ဝင်ရောက်လာခဲ့သည် ဒဿမ ၂၂ အူဇီစက်သေနတ် အလက် ၂၀ ရှိနေသည်ဆို၏။


၁၉၅၀ ပြည့်နှစ်များတွင် အစ္စရေးနိုင်ငံက စတင်ထုတ်လုပ်သည့် “ အူဇီ “ သည် စစ်သုံးအဆင့် “ တစ်ဝက်မောင်းပြန်ရိုင်ဖယ် ” ဖြစ်၍ ကမ္ဘာအနှံ့အပြားရှိ လက်နက်ကိုင်တပ်ဖွဲ့တို့၏ စစ်ဆင်ရေးများတွင် အသုံးပြုလျှက်ရှိသည်။ ၎င်းသည် သာမန်ဥပဒေစိုးမိုးရေးအေဂျင်စီများ၌ အသုံးပြုသော လက်နက်များထက် စွမ်းရည်ပိုမိုထက်မြက်ကြောင်း သိရှိရသည်။ 


ရိုင်ဖယ် သို့မဟုတ် ပစ္စတိုထက် စက်သေနတ်ကဲ့သို့ ဒီဇိုင်းပုံစံဖြင့်ထုတ်လုပ်ထားသော အူဇီပစ္စတိုသည် အတောင့် ၂၀ ပါ ကျည်အိမ် တပ်ဆင်နိုင်ပြီး များသောအားဖြင့် အော်တိုမက်တစ် ပစ်ခတ်နိုင်သည်။ ဘင်္ဂလားဒေ့ရှ် တပ်မတော်တွင် အသုံးပြုသောပစ္စတိုများမှာ ကျည် ၁၅ တောင့် ထည့်သွင်းနိုင်သည်။ အူဇီကို ယေဘုယျအားဖြင့် ၉ မီလီမီတာနှင့် ဒဿမ ၂၂ ကယ်လီဘာကျည်ဆန်များဖြင့် အသုံးပြုသည်။ 

အူဇီမှာ စစ်သုံးအဆင့်သတ်မှတ်ထားသော သေနတ်ဖြစ်၍ တရားဝင်လိုင်စင်ဖြင့်ပင် မည်သည့် အရပ်သားမျှ ပိုင်ဆိုင်ခွင့် မပြုသင့်ချေ။ မူးယစ်ဆေးဝါးရောင်းဝယ်သူများထံမှ အူဇီကို ရှာဖွေဖော်ထုတ်နိုင်ခဲ့ပြီး အခြားမူးယစ်ရာဇာတို့တွင်လည်း အလားတူလက်နက်များ ရှိ နေ-မနေ စုံစမ်းစစ်ဆေးမှုများပြုလုပ်လျှက်ရှိသည်။ 

  
သို့သော် ဘင်္ဂလားဒေ့ရ်ှ လက်နက်ရောင်းဝယ်ရေးနှင့် သွင်းကုန်လုပ်ငန်းရှင်များအသင်းမှ ကိုယ်စားလှယ်များကမူ ၎င်းတို့ ရောင်းဝယ်သော သေနတ်များသည် ဂျာမနီနိုင်ငံတွင်ပြုလုပ်သည့် ပုံတူရိုင်ဖယ်များသာဖြစ်ပြီး တိကျမှန်ကန်သော ကြေညာချက်များဖြင့် တရားဝင် တင်သွင်းခဲ့ကြောင်း၊ မီဒီယာများတွင် ဖော်ပြနေသည့် စုံထောက်ဋ္ဌာနခွဲက တွေ့ရှိသည်ဆိုခြင်းမှာ “ အတုအယောင် “ ဖြစ်ကြောင်း၊ မိမိတို့ သေနတ်များကို တင်သွင်းစဉ် ၄-ခုမှ ၅-ခုထက်မနည်းသော အစိုးရအေဂျင်စီများက လက်နက်တစ်လက်ချင်းအလိုက် ကိုယ်ထိ လက်ရောက် စစ်ဆေးခဲ့ကြောင်း၊ ပြည်ထဲရေးဝန်ကြီးဋ္ဌာနကပင်လျှင် ပါမစ်ပေးခဲ့ပြီး ဘင်္ဂလားဒေ့ရ်ှ၏ လက်နက် ဥပဒေတွင် တစ်ဝက်မောင်းပြန်စံနစ် လက်နက်များကို တင်သွင်းခွင့်ကို ပြုထားကြောင်း ရှင်းလင်းသည်။ 


စုံထောက်ဋ္ဌာနခွဲ၏ အစီရင်ခံစာအရ အူဇီပစ္စတို ၉၁-လက် အနက် ၄၉-လက်ကို အရပ်သားများအား လိုင်စင်ဖြင့် ရောင်းချခဲ့ခြင်းဖြစ်ကြောင်း၊ ၎င်းတို့တွင် အလက် ၂၀ တင်သွင်းခဲ့ပြီး ၆-လက်ကို ၁-လက်လျှင် အမေရိကန် ဒေါ် လာ ၂၃၆၀ မှ ၃၅၄၀ ခန့် နှုန်းဖြင့် ရောင်းချခဲ့ကြောင်း၊  ဒဿမ ၂၂ ကျည်အသုံးပြုသော်လည်း “ အူဇီပစ္စတို “ နှင့် “ အူဇီရိုင်ဖယ် “ မှာ လုံး၀ ကွဲပြားခြားနားကြောင်း၊ အတူပါဝင်သော အပိုပစ္စည်း၊ အလေးချိန် နှင့် အရှည်တို့တွင် မတူညီကြကြောင်း၊ လိုင်စင်ချထားစဉ်တွင် သေနတ်၏ တိကျသောသွင်ပြင်ကိုလည်း ဖော်ပြရန် အကြံပြု အပ်ကြောင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံတစ်ဝှမ်းလုံးတွင် လိုင်စင်ရလက်နက်ရောင်းဝယ်သူ စုစုပေါင်း ၈၄ ဦးရှိရာ၊ ၃၂ ဦးမှာ ဒါကာမြို့တော်ရဲတပ်ဖွဲ့လက်အောက်တွင် တည်ရှိနေကြောင်း ဖော်ပြသည်။ 


ဘင်္ဂလားဒေ့ရှ် လိုင်စင်ရလက်နက်ရောင်းဝယ်သူများက အစ္စရေးလုပ် အူဇီစက်သေနတ်များအား တင်သွင်း၍ ဒေသခံဝယ်သူများထံ ရောင်းချနေသည်ဆိုသော သတင်းထွက်ပေါ်နေခြင်နှင့်ပတ်သက်၍ ပြည်ထဲရေးဝန်ကြီး ဦးဆောင်မည့် စုံစမ်းစစ်ဆေးရေး ကော်မတီ တစ်ရပ်ကို ဖွဲ့စည်းမည်ဖြစ်ကြောင်း ယမန်နေ့ Dhaka Tribune ၏ အခြားသတင်းတစ်ပုဒ်၌ တွေ့ရှိရသည်။ 

  
ဘင်္ဂလားဒေ့ရ်ှ လက်နက်ရောင်းဝယ်ရေးနှင့်သွင်းကုန်လုပ်ငန်းရှင်များအသင်းအတွင်းရေးမှူးချုပ်ကမူ ဥပဒေစိုးမိုးရေးအေဂျင်စီများ၏ ပြောဆိုချက်ကို ငြင်းပယ်ခဲ့ပြီး၊ အမှန်စင်စစ် ကျွန်ူပ်တို့ ရောင်းချခဲ့သည်မှာ ရိုင်ဖယ်များဖြစ်သည်ကို စာရွက်စာတမ်းများနှက်တကွ ပြည်ထဲရေးဝန်ကြီးဆီထံ တင်ပြထားကြောင်း၊ [‘လက်နက်ကုမ္ပဏီ]’ ဂျာမနီ Walther ဝေါ်လ်သာက ထုတ်လုပ်သည် ” ဟု သေနတ်၏ကိုယ်ထည်အပေါ်ရေးထိုးထားကြောင်း ကျွန်ုပ်တို့ရောင်းချခဲ့သောပုံစံသည် အစ္စရေးလုပ် အူဇီပစ္စတို မဟုတ်ဘဲ ပုံတူ အူဇီရိုင်ဖယ်ဖြစ်ကြောင်း ရဲများက မည်သည့်အတွက် အူဇီပစ္စတိုဟု ခေါ်ရသည်ကို မိမိနားမလည်နိုင်ကြောင်း ရှင်းလင်းသည်။ 

  
(( ယခုသတင်းအရ မူးယစ်ရာဇာနှင့်အတူ ဖမ်းဆီးရမိသော ဆီမီးအော်တိုမစ်တစ်သေနတ်မှာ ပြည်ပနိုင်ငံလုပ် တရားဝင်တင်သွင်းလာသည့် သေနတ်ဖြစ်ပြီး လိုင်စင်ဖြင့် ကိုင်ဆောင်ပုံရသည်။ သို့သော် အထောက်အထားအတုများဖြင့် ရယူခဲ့ဟန်တူသော်လည်း တရားမဝင်သေနတ်လည်း မဟုတ်၊ လုပ်သေနတ်လည်း ဖြစ်ဟန် မတူချေ။

လောလောဆယ် အငြင်းပွားနေသည်မှာ ဖမ်းဆီးရမိသော သေနတ်မှာ ပစ္စတိုလား ရိုင်ဖယ်လား မဆုံးဖြတ်နိုင်ခြင်း ဖြစ်ပုံရသည်။ ငွေပေးလျှင် ဘာမဆို အကုန်ရသော တိုင်းပြည်တို့၌ ဘင်္ဂလားဒေ့ရှ်လည်း ပါဝင်သည်။       ။ သတင်းဘာသာပြန်သူ ))

((( Dhaka Tribune, November 22nd, 2020, “ How are civilians getting their hands on Uzis? By: Abdullah Alif” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ ))) 

  
#ဘင်္ဂလားဒေ့ရှၤအရပ်သားနှင့်အူဇီစက်သေနတ် 


https://www.dhakatribune.com/bangladesh/2020/11/22/how-did-semi-automatic-uzi-pistols-land-in-civilian-hands/ 


https://www.dhakatribune.com/bangladesh/government-affairs/2020/11/22/govt-licensed-arms-dealers-meet-over-uzi-imports 

0

Leave a Reply

Your email address will not be published.