မူးယစ်ဆေး တရားမဝင်ကုန်ကူးသည့် ကြောင်၊ ဖမ်းဆီးထားသော အကျဉ်းထောင်မှ ထွက်ပြေးလွတ်မြောက်။ လုံခြုံရေး အဆင့်မြင့်လှသော အထင်ကရ အကျဉ်းထောင်အတွင်း ဘိန်းဖြူ နှင့် ဆဲလ်ဖုန်း SIM ကတ်တို့ကို ခိုးသွင်းခဲ့ဟု ဆို

မူးယစ်ဆေးဝါးနှင့်ဆဲလ်ဖုန်း SIM ကတ်များကို ခိုးသွင်းရန်ကြိုးစားနေစဉ် ဖမ်းဆီးရမိခဲ့သော ကြောင်တစ်ကောင်မှာ သီရိလင်္ကာနိုင်ငံ၏ အထင်ကရ အကျဉ်းထောင်ကြီးတွင် ချုပ်နှောင်ထားရာမှ လွတ်မြောက်သွားခဲ့ကြောင်း တနင်္လာနေ့ မီဒီယာများ၌ ဖော်ပြကြသည်ဟု ဗြိတိန်အခြေစိုက် The Telegraph က ယနေ့ ရေးသားသည်။

  
စနေနေ့၌ လုံခြုံရေး အဆင့်မြင့်လှသော “ ဝီလီကာဒါ ” အကျဉ်းထောင်တွင် ၎င်းကြောင်ကို အကျဉ်းထောင် ထောက်လှမ်းရေးတာဝန်ရှိသူများက တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း၊ ရာဇဝတ်သား ကြောင်သည် အကျဉ်းထောင်တွင် တင်းကြပ်စွာ တားမြစ်ထားသည့် ဘိန်းဖြူ ၂-ဂရမ်ခန့်၊ တယ်လီဖုန်း SIM ကတ် ၂-ခု၊ မီမိုရီ ချစ်ပ်ပြားတစ်ခုတို့ကို လည်ပင်းတွင် ချည်နှောင် ထားသော ပလပ်စတစ်အိတ်ငယ်တွင် ထည့်သွင်းလျှက် သယ်ယူခဲ့သည်ကို တွေ့ရှိရ ကြောင်း ရဲတပ်ဖွဲ့က ပြောဆိုသည်။ 

  
သို့သော် ၎င်းသည် တနင်္ဂနွေနေ့တွင် ၎င်းအားထိန်းသိမ်းထားသည့် အကျဉ်းထောင်အခန်းမှ လွတ်မြောက်သွားကြောင်း ဒေသန္တရ Aruana သတင်းစာက ရေးသားသည်။ 

ချုပ်နှောင်ထားသော ကြောင်တစ်ကောင် လွတ်မြောက်သွားခြင်းနှင့် ပတ်သက်၍ လောလောဆယ် မှတ်ချက်ပေးရန်မရှိကြောင်း ထောင်အာဏာပိုင်တို့က ငြင်းဆိုသည်။ 

  
မကြာသေးမီ ရက်သတ္တပတ်များအတွင်း (အကျဉ်းထောင်အတွင်းသို့ ခိုးသွင်းရန်) မူးယစ်ဆေးဝါး၊ ဆဲလ်ဖုန်းနှင့် ဖုန်းအားသွင်းစက်ငယ်များကို ထောင်အုတ်တံတိုင်းပေါ်သို့ ပစ်တင်သည့် ဖြစ်စဉ်များပြားလာနေကြောင်း အကျဉ်းထောင်က အစီရင်ခံခဲ့သည်။ 


သီရိလင်္ကာနိုင်ငံသည် အဓိကမူးယစ်ဆေးဝါးပြဿနာနှင့် မူးယစ်ဆေးနှိမ်နင်းရေးစုံထောက်အချို့က သိမ်းဆည်းထားသော မူးယစ်ဆေးဝါးများကို ပြန်လည်ရောင်းချသည့် နောက်ဆက်တွဲ အရှုတ်အထွေးကို ရင်ဆိုင်နေရသည်။ 


လွန်ခဲ့သည့် ရက်သတ္တပတ်ကလည်း ကိုလံဘိုမြို့ ဆင်ခြေဖုံးတွင် မူးယစ်ဆေးဝါးကုန်ကူးသူများ ဆေးဖြန့်ဖြူးရာတွင် အသုံးပြုသည့် လင်းယုန်ငှက်တစ်ကောင်ကို ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးရမိခဲ့သည်။ 


#မူးယစ်ဆေး_တရားမဝင်ကုန်ကူးသည့်_ကြောင် #အကျဉ်းထောင်မှ_ထွက်ပြေးလွတ်မြောက် 


((( The Telegarph., 3 August 2020, “Detained ‘drug smuggler’ cat escapes Sri Lanka prison.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ ))) 

  
https://www.telegraph.co.uk/news/2020/08/03/detained-drug-smuggler-cat-escapes-sri-lanka-prison/ 


https://www.ndtv.com/offbeat/detained-for-smuggling-drugs-cat-escapes-high-security-prison-2273362 

0

Leave a Reply

Your email address will not be published.