မကောင်းမှု့၌ မွေ့လျော်သော စိတ်နှင့် သမိန်ဗရမ်းစီးချင်းထိုးခြင်းမှ ကိုရိုနာဗိုင်း ရပ်စ်ကူးစက်ခြင်း

ကျွန်တော်တို့ငယ်ငယ်က သမိုင်းဖတ်စာတွင် မွန်သူရဲကောင်း သမိန်ဗရမ်းနှင့် တရုတ်စစ်သူကြီး ဂါမဏိတို့ ရင်ဆိုင် စီးချင်းထိုးသည့် ဖြစ်စဉ် သင်ယူရပါသည်။

မြန်မာဘုရင်လက်ထဲတွင် မွန်သူရဲကောင်း သမိန်ဗရမ်း စစ်သုံ့ပန်းဖြစ်နေခိုက် အင်းဝမြို့တော်ကို တရုတ်စစ် တပ်ကြီးက ဝိုင်းရံပိတ်ဆို့ထားသည်။ တရုတ်စစ်သူကြီး ဂါမဏိနှင့် မြန်မာဘက်က သူရဲကောင်းတို့ ၂-ဦးချင်း စစ်ထိုးမည်- ရှုံးလျှင် တပ်ရုတ်သိမ်းသွားမည်ဟု တရုတ်တို့ဖက်က ပြောဆိုသည်။

ထိုစဉ်က ဘုရင်မင်းခေါင်၏ အင်းဝနှင့် ရာဇာဓိရာဇ်၏ ဟံသာဝတီတို့ စစ်မက်ဖြစ်ပွားလျှက်ရှိရာ မြန်မာစစ်သူကြီး အားလုံး စစ်မြေပြင်၌ ရောက်ရှိနေသဖြင့် ဂါမဏိနှင့် ယှဉ်ပြိုင်နိုင်မည့် သူရဲကောင်းမှာ မြန်မာဘက်တွင် မရှိချေ။

နောက်ဆုံး သုံ့ပန်းဖြစ်နေသာ မွန်သူရဲကောင်းက တိုက်ခိုက်ပေးရန် ဘုရင်မင်းခေါင်၏ ကမ်းလှမ်းချက်ကို သမိန် ဗရမ်းက သဘောတူသည်။ စီးချင်းထိုးကြပုံကို ကျွန်တော်တို့ သမိုင်းဆရာက မျက်စိထဲမြင်လာအောင် ပြောပြ သင်ကြားပေးသည်။

သံချပ်ဝတ်စုံဝတ် ဂါမဏိသည် ကြံ့ခိုင်သန်စွမ်းလှသော မြင်းကြီးကို စီးကာ ငှက်ပျောရွက်တမျှ ကြီးမားသော ဒါးကြီးကို ဝှေ့ရမ်း၍ အပြင်းဝင်လာသည်။ ဒါး ၁-လက်၊ လံှ ၁-ချောင်း၊ ချွန်း ၁-စင်းနှင့် ခြင်းတောင်း၁-လုံး သာပါသော သမိန်ဗရမ်းက ကိုယ်တိုင်ဖမ်းယူလေ့ကျင့်ထားသော မြင်းမလေးကို စီးလျှက် မမှိတ်မသုန် ကြည့်နေသည်။

ဒါးကို မြှောက်သော ဂါမဏိ၏ ဂျိုင်းအောက် သံချပ်ကြိုးပြတ်နေသည်ကို သမိန်ဗရမ်းတွေ့လေသည်။ ထိုနေရာ တည့်တည့်ကို လှံနှင့် ပစ်လေ၏။ တရုတ်ကြီးလည်း “ အီယား.. ရေ “ ဟု အော်ကာ မြင်းပေါ်ကျတော့သည်။

ဤတွင် သမိန်ဗရမ်းက ဂါမဏိ၏ ဦးခေါင်းကို ဖြတ်ကာ ချွန်းနှင့် ချိတ်ယူ၊ ခြင်းတောင်းထဲ ထည့်ကာ၍  မြင်းစီး လျှက် ကျော့ကျော့လေး ပြန်လာသည်။

ထို သမိန်ဗရမ်းနှင့် ဂါမဏိတို့ စီးချင်းထိုးပုံကို စာမေးပွဲတွင် မေးပါသည်။ အပိုင်ပုဒ်ဖြစ်သဖြင့် အားရပါးရ ရေး ချမည် ကြံသောအခါ ဒါးကြီး ငှက်ပျောရွက်တမျှကြီးပုံ၊ တရုတ်ကြီး “ အီယား .. ရေ ” ဟု အော်ကာ မြင်း ပေါ်မှကျပုံတို့သာ မျက်စိထဲမြင်နေပြီး သမိုင်းတို့တွင် အရေးကြီးမြဲဖြစ်သည့် ခုနှစ်သက္ကရာဇ် လူပုဂ္ဂိုလ်တို့ အမည်ကို တိကျသေချာ စွာ မမှတ်မိချေ။

ပါပသ္မိ ရမတိ မနော-စိတ်သည် မကောင်းမှု့၌ မွေ့လျော်ပါသည်။ ကောင်းသော အကြောင်းအရာ မြင်ကွင်းထက် မကောင်းသောအကြောင်းအရာ အနိဋ္ဌာရုံမြင်ကွင်းတို့က စိတ်တွင် စွဲမြဲလွယ်သည်။ ထိုသည်ကို ကြော်ငြာထုတ် လုပ် သူတို့ ကောင်းကောင်း နားလည်သည်။

ဥပမာအားဖြင့် ကိုရိုနာဗိုင်းရပ်စ်စွဲကပ်သဖြင့် တစ်ကမ္ဘာလုံးယခုထိ လူဘယ်လောက်သေဆုံးပြီဆိုသည်ကို အတိ အကျမဟုတ်တိုင် ၄-ထောင်ကျော်ပြီဟု ဖြေနိုင်သူ အတော်များပါသည်။ ကုသပျောက်ကင်းသူ ၆-သောင်း ၈-ထောင်ကျော်ပြီဟု ဖြေနိုင်သူ အလွန်နည်းသည်။

ဘယ်နေရာမှာ ဗိုင်းရပ်စ်ကူးစက်ခံရကြောင်း သတင်းတွေ့ရလျှင် စိတ်ဝင်စားတတ်၍ သတင်းရင်းမြစ်ခိုင်မာခြင်း ကို ဆက်လက်စူးစမ်းသူ အလွန်နည်းသည်။ ထို့ကြောင့် အနိဋ္ဌာရုံကောလဟလမည်သည် ပျံ့နှံ့ပြီးလျှင် ဖျောက် ဖျက်ရန် အင်မတန်ခဲယဉ်းတတ်ပါသည်။

SARS-CoV-2 မှာ အသစ်တွေ့ရှိသော ကိုရိုနာဗိုင်းရပ်စ်ဖြစ်၍ Covid-19 မှာ ကိုရိုနာဗိုင်းရပ်စွဲ ပြင်းထန်အသက်ရှူ လမ်းကြောင်း ရောင်ရမ်းရောဂါဖြစ်သည်ကို သေချာပိုင်းခြားမသိမီ အမေရိကန်ဇီဝလက်နက် တရုတ်ဓါတ်ခွဲခန်း က ရောဂါပိုးဟု သတင်းက ရှေ့ပြေးနေသည်။ ဟန်တရုတ်တို့ကို ပစ်မှတ်ထားသော ဗိုင်းရပ်စ်ဟုပင်ဆိုပါသည်။

သက်ရှိတည်းဟူသော ဇီဝရုပ်အစုအဝေးသည် အဏုဇီဝနှင့် မျိုးရိုးဗီဇပညာအခေါ် သက်ရှိဗီဇနှင့်ဆိုင်သော Genome ဂျီနုမ်းတို့ဖြင့်တည်ဆောက်ထားသည်။ ဂျီနုမ်းတွင် သတင်းသင်္ကေတပါ-မပါ DNA, RNA, Virus အချို့ ဖြင့်ဖွဲစည်းသည်။ ထို့ကြောင့် ဤကမ္ဘာမြေပေါ်ရှိလူသားအချင်းချင်း၏ အခြေခံဂျီနုမ်းတွင် ပျမ်းမျှ ဝ.၁ ရာခိုင် နှုန်းသာခြားနားသည်။ လူနှင့်ဆွေမျိုးအနီးဆုံး ချင်ပန်ဇီမျောက်တွင် အများဆုံး ၁.၂ ရာနှုန်း ကွာခြားသည်။ လူတိုင်းသည် ဂျီနုမ်းတို့ဖြင့် ဖွဲ့စည်းထားခြင်းမှန်သော်လည်း လူတစ်ဦး၏ DNA သည် အခြားလူ ၁-ဦးနှင့် မတူ။ DNA ဆိုသည်မှာ လက်ဗွေကဲ့သို့ ဤကမ္ဘာလုံးတွင် လူတစ်ဦး၌သာတွေ့ရှိသော ထူးခြားချက်ဖြစ်ပါသည်။ ထိုအကြောင်းကို နိုင်ငံတကာမီဒီယာကြီးများ၌ အကြိမ်ကြိမ်ရှင်းပြခဲ့ပြီးဖြစ်ပါသည်။

သို့သော် “ မဟုတ်ဖူးလို့  သေချာ မပြောနိုင်ဖူး “ ဟု ငြင်းပယ်သူရှိဆဲဖြစ်ပါသည်။

တကယ်တော့ “ သတင်းမှားလဲ အကျိုးပြုတာ ရှိပါတယ် “ ဟု လက်ခံထားသူအများစုဖြစ်လေရာ ဤသို့ဖြစ် နေခြင်းမှာ အဆန်းမဟုတ်ချေ။

ထို့ကြောင့် ဖြစ်စရာရှိလျှင် ဝရုန်းသုန်းကား ထိန်းမရဖြစ်ရန်သာ ရှိတော့သည်။

အစဉ်လေးစားစွာဖြင့်

#HtayOung, #OungMarine

0

Leave a Reply

Your email address will not be published.