မလေးရှားက တူရကီ၏ အကူအညီဖြင့် ပထမဆုံးလက်နက်စက်ရုံကို ပြည်တွင်း၌ ထူထောင်မည်။ ပြည်ပမှီခိုမှု့မပါပဲ ကိုယ်ပိုင်လက်နက် ထုတ်လုပ်နိုင်ရန် မလေးရှား ခြေလှမ်းပြင်။ မလေးရှားပြည်တွင်းထုတ်လက်နက်များကို ပြည်ပ၊ အထူးသဖြင့် အရှေ့တောင်အာရှနိုင်ငံများသို့ ရောင်းချမည်။

မလေးရှားနိုင်ငံသည် လက်နက်ထုတ်လုပ်တပ်ဆင်မည့် စက်ရုံထူထောင်ရန် တူရကီလက်နက်ထုတ်လုပ်ရေးကုမ္ပဏီ Tisas Trabzon Silah Sanayi နှင့် သဘောတူစာချုပ်လက်မှတ်ရေးထိုးခြင်းဖြင့် မလေးရှား၌ ပထမဆုံး ပြည်တွင်းလက်နက်စက်ရုံ ပေါ်ထွန်းလာတော့မည်ဖြစ်သည်ဟု Niki Asia က ဒီဇင်ဘာ ၁၉၊ ၂၀၁၉ ရက်နေ့တွင် ရေးသားသည်။

လက်နက်ထုတ်လုပ်ခြင်းနှင့် တပ်ဆင်ခြင်းတို့ကို မလေးရှားဘုရင့်ရဲတပ်ဖွဲ့တစ်ဦးတည်းပိုင် KOP Mantap ကုမ္ပဏီနှင့် အမေရိကန်အခြေစိုက် IDC Technologies နည်းပညာကုမ္ပဏီတို့က ပူးပေါင်းဆောင်ရွက်ကြမည်ဖြစ်သည်။ သဘောတူစာချုပ်လက်မှတ်ရေးထိုးပွဲ အခန်းအနားသို့ မလေးရှားဝန်ကြီးချုပ် မဟာသီယာနှင့် တူရကီသမ္မတ ရီဆက်တေရစ် အာဒိုဂန်တို့က အသိသက်သေများအဖြစ် တက်ရောက်ကြသည်။

တူရကီလက်နက်ထုတ်လုပ်ရေး ကုမ္ပဏီ Tisas သည် မလေးရှား၏ ပထမဆုံးလက်နက်စက်ရုံအတွက် IDC လက်အောက်ခံ IT ဝန်ဆောင်မှု့ကုမ္ပဏီမှတဆင့် နည်းပညာလွှဲပြောင်းပေးအပ်မည်ဖြစ်သည်။ အမေရိကန် ကယ်လီဖိုးနီးယားနှင့် နယူးဂျာစီအခြေစိုက် IDC သည် ကနေဒါ၊ မက္ကဆီကို၊ ဆော်ဒီ၊ ယူအေအီးနှင့် အိန္ဒိယတို့၌လည်း ကုမ္ပဏီခွဲများ ဖွင့်လှစ်ထားသည်။

ယခုစီမံကိန်းမှာ မလေးရှားလုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် လုံလောက်သော လက်နက်တပ်ဆင်နိုင်ရန် ရည်ရွယ်ခြင်းဖြစ်ပြီး ပြည်ပမှ လက်နက်မှာယူတင်သွင်းရခြင် အားနည်းချက်ကို လျှော့ပါးစေလိမ့်မည်ဖြစ်ကြောင်း၊ မလေးရှားပြည်တွင်းထုတ်လက်နက်များအား ပြည်ပသို့ရောင်းချမည်ဖြစ်ရာ အထူးသဖြင့် အရှေ့တောင်အာရှနိုင်ငံများသို့ တင်ပို့နိုင်လိမ့်မည်ဟု ယုံကြည်ရသည်ဆို၏။

မလေးရှား KOP Mantap ကုမ္ပဏီ၏ ဝန်ထမ်းများအနေဖြင့်လည်း မျက်မှောက်နည်းပညာစွမ်းရည်ကိုအခြေခံ၍ ဆက်လက်တိုးတက်ဖွံ့ဖြိုးစေရေးနှင့် သုတေသနပြုလုပ်ရေးအခွင့်အလမ်းရရှိမည်ဖြစ်ကြောင်း သိရှိရသည်။

တူရကီ Tisas လက်နက်စက်ရုံကို ၁၉၉၃-ခုနှစ်တွင် တူရကီနိုင်ငံ၌ တည်ထောင်ခဲ့ခြင်းဖြစ်ပြီး ပစ္စတို၊ ရိုင်ဖယ်နှင့် သေနတ်အသုံးအဆောင် တွဲဖက်ပစ္စည်း အများအပြားကို နိုင်ငံတကာသို့ ဖြန့်ဖြူးရောင်းချပေးလျှက်ရှိသည်။

တူရကီသမ္မတအာဒိုဂန်သည် မွတ်စလင် ၅-နိုင်ငံ ကွာလာလန်ပူထိပ်သီးအစည်းအဝေး Kuala Lumpur Summit 2019 သို့ တက်ရောက်ရန် မလေးရှားသို့ ရောက်ရှိနေခြင်းဖြစ်သည်။ ၂၀၁၉-ခုနှစ် ဒီဇင်ဘာ ၁၈-ရက် နေ့မှ ၂၀ ရက်နေ့အထိ မလေးရှားနိုင်ငံတွင် ကျင်းပသည့် အဆိုပါ အစည်းအဝေးသို့ တူရကီ၊ ကာတာ၊ ပါကစ္စတန်၊ မလေးရှား၊ အင်ဒိုနီးရှားတို့မှ နိုင်ငံ့ခေါင်းဆောင်များနှင့် အစ္စလာမ်ပညာရှင်များတက်ရောက်ကြသည်။

သို့သော် ၎င်းထိပ်သီးအစည်းအဝေးမှာ မွတ်စလင် ၅၇-နိုင်ငံပါ ဆော်ဒီအခြေစိုက် အစ္စလာမ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ OIC မှ ခွဲထွက်လျှက် တစ်စင်ထောင်ခြင်းအဖြစ် ဆော်ဒီ-ယူအေအီး-အီဂျစ်အုပ်စုနှင့် အခြားမွတ်စလင်နိုင်ငံများက ပြစ်တင်ရှုတ်ချခဲ့ပြီး တက်ရောက်ခြင်းလည်းမရှိခဲ့ချေ။

((( Niki Asia., Dec. 19, 2019, Malaysia to build first domestic arms factory with Turkish help: Kuala Lumpur wants to make its own firearms and cut reliance on overseas providers. “ ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ )))

#မလေးရှားပထမဆုံးပြည်တွင်းလက်နက်စက်ရုံ #တူရကီ-မလေးရှားပူးပေါင်းမှု့ #OIC #၂၀၁၉ကွာလာလန်ပူမွတ်စလင်ထိပ်သီးအစည်းအဝေး

https://asia.nikkei.com/Business/Aerospace-Defense/Malaysia-to-build-first-domestic-arms-factory-with-Turkish-help2

0

Leave a Reply

Your email address will not be published.