မျက်နှာဖုံး Mask များသန့်ရှင်းရေး ပြုလုပ်ရာတွင် ဓါတ်ဆီသုံးသင့်ကြောင်း ဖိလစ်ပိုင် ဒူတာတီး အကြံပြု။ ရယ်စရာပြောတာ မဟုတ်ဟုလည်းဆို။ ဆေးပညာကျွမ်းကျင်သူတို့ သဘောမတူ။ ဓါတ်ဆီနှင့် ဒီဇယ်ဆီတို့မှာ ပိုးသတ်ရာတွင် အသုံးပြုနိုင်ခြင်း မရှိ။

ဖိလစ်ပိုင်ပြည်သူတို့အနေဖြင့် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ရေး Mask မျက်နှာဖုံးများကို ပိုးသတ်ရာတွင် ဓါတ်ဆီကို အသုံးပြုသင့်ကြောင်း သမ္မတရိုဒရီဂို ဒူတာတီးက ဘွင်းဘွင်းကြီး တိုက်တွန်းလိုက်ပြီး ရယ်စရာပြောနေခြင်း မဟုတ်ကြောင်းကိုလည်း အလေးအနက် ပြောဆိုသည်ဟု Reuters က ယနေ့ရေးသားသည်။ 

  
မျက်နှာဖုံးများကို သန့်ရှင်းရေးပြုလုပ်ရာတွင် ပိုးသတ်ဆေးအလွယ်တကူ မရရှိပါက ဓါတ်ဆီအသုံးပြုသင့်ကြောင်း လွန်ခဲ့သည့် ရက်သတ္တပတ်၌ သမ္မတ ဒူတာတီးက ပြောဆိုခဲ့ဖူးသည်။ သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူကမူ ဒူတာတီးအနေဖြင့် ရယ်စရာပြောခြင်းဖြစ်ကြောင်း၊ သမ္မကြီးမှာ မကြာခဏ ပြက်လုံးထုတ်လေ့ရှိသည်ကို အများသိဖြစ်ကြောင်း ချေပပြောဆိုခဲ့သည်။ 

  
သောကြာနေ့ ရုပ်သံမှတစ်ဆင့် မိန့်ခွန်းပြောကြားရာတွင်မူ သမ္မတဒူတာတီးက “ ကျွန်တော် တကယ်ပြောတာပါ၊ ဓါတ်ဆီဆိုင်ကို သွား၊ ဓါတ်ဆီနည်းနည်းဝယ်၊ မျက်နှာဖုံးတွေအတွက် ပိုးသတ်ဆေး ရပါပြီ “ ဟု ပြောဆိုပြီး “ ရယ်စရာပြောနေတယ် ထင်ကြလား၊ တကယ်ပြောတာပါ ၊ ရယ်စရာ လုပ်ထာ မဟုတ်ပါဘူး “ဟု ထပ်မံပြော ဆိုသည်။ 


ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၉-သောင်းကျော်နှင့် သေဆုံးရသူ ၂-ထောင်ကျော်ရှိနေသော ဖိလစ်ပိုင်တွင် လွန်ခဲ့သည့် မတ်လကတည်းက မျက်နှာဖုံးများ မဖြစ်မနေ ဝတ်ဆင်ကြရန် လိုအပ်ချက်ဖြစ်လာသည်။ သောကြာနေ့တွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ အများဆုံး ထပ်မံတွေ့ရှိရခြင်းသည် အရှေ့တောင်အာရှ၌ ဒုတိယအကြိမ် အများဆုံး အရေအတွက်ဖြစ်သည်။ ဖိလစ်ပိုင်သမ္မတအနေဖြင့် ရောဂါပြန့်ပွားမှုထိန်းချုပ်ရန် ကန့်သတ်ချက်များကို တိုးချဲ့ခဲ့ရပြီး လာမည့် ဒီဇင်ဘာလတွင် ပုံမှန်ပြန်လည်ရောက်ရှိမည်ဖြစ်ကြောင်း ကတိပြုသည်။ 

  
ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူတို့ကမူ ဓါတ်ဆီမှာ ရှူရှိုက်မိလျှင် အန္တရာယ်ဖြစ်စေသည့်အတွက် ပိုးသတ်ဆေးအဖြစ် သုံးစွဲနိုင်ခြင်းမရှိဟုဆိုကာ သမ္မတဒူတာတီး၏ မျက်နှာဖုံးသန့်ရှင်းရေး အကြံပြုချက်ကို ထောက်ခံခြင်း မရှိကြောင်း ဖိလစ်ပိုင်ဆေးဘက်ဆိုင်ရာအစည်းအရုံး ဥက္ကဋ္ဌက Reuters အား ပြောဆိုသည်။ 


ပြန်လည်အသုံးပြုနိုင်သည့် အဝတ်မျက်နှာဖုံးများကို ဆပ်ပြာနှင့် ရေအသုံးပြု၍ သန့်ရှင်းရေး ပြုလုပ်နိုင်ကြောင်း၊ အီသိုင်း ၇၀% ပါသော အရည် သို့မဟုတ် အိုင်ဆိုပရိုပိုင်းလ် အယ်လ်ကိုဟော အရည်ဖြင့် ကောင်းစွာ ပိုးသတ်နိုင်ကြောင်း ကျန်းမာရေး ကျွမ်းကျင်သူတို့က ရှင်းပြသည်။ 

  
မျက်နှာဖုံးများ သန့်ရှင်းရေးတွင် ဓာတ်ဆီသုံးရန် ပထမအကြိမ်အကြံပြုစဉ်ကတည်းကပင် ဒူတာတီးက လူအများ ဒုက္ခရောက်အောင် ဂျောက်တွန်းခြင်း သက်သက်သာဖြစ်ပြီး လက်တည့် မစမ်းကြရန် သမ္မတ၏ နိုင်ငံရေး ပြိုင်ဘက်အချို့က ကန့်ကွက်ခဲ့ကြသည်။ 


“FACT CHECK: Gasoline and diesel should not be used in disinfecting.” 
#အွန်လိုင်းအချက်အလက်စစ်ဆေးရေးမှတ်ချက်။ #ဓါတ်ဆီနှင့်_ဒီဇယ်ဆီတို့မှာ_ပိုးသတ်ရာတွင်_အသုံးပြုနိုင်ခြင်းမရှိ 

((( Reuters., 31 July 2020, “Philippines’ Duterte recommends petrol to clean face masks, says ‘not joking’’ ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာ ပြန်ဆိုသည်။ ))) 

https://www.reuters.com/article/us-health-coronavirus-philippines-dutert/philippines-duterte-recommends-petrol-to-clean-face-masks-says-not-joking-idUSKCN24W1W6

0

Leave a Reply

Your email address will not be published.