မွတ်စလင်ကမ္ဘာ၏ ပဋိပက္ခများမှ လက်နက်ကုန်သည်တို့ အကျိုးအမြတ်ရရှိနေဟု ရှိတ်ဟာစီနာ ပြော။ ဘင်္ဂလားဒက်ရှ်ဝန်ကြီးချုပ်က ဆော်ဒီအာရေးဗီးယား တပ်မတော် ကာကွယ်ရေးဦးစီးချုပ်အား လက်ခံ တွေ့ဆုံ

ဘင်္ဂလားဒက်ရှ်နိုင်ငံသို့ အလည်အပတ်ရောက်ရှိနေသော ဆော်ဒီအာရေးဗီးယားတပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ဖေယက်အယ်လ်ရူဝဲလီ သည် ကြာသပတေးနေ့တွင် ဝန်ကြီးချုပ် ရှိတ်ဟာစီနာအား ဒါကာမြို့ ဂန်နက်ဘာဘန် ဝန်ကြီးချုပ်အိမ်တော်၌ ဂါရဝပြု တွေ့ဆုံသည်ဟု ဘင်္ဂလားအခြေစိုက် bdnews24 က ယနေ့ ရေးသားသည်။

ထိုသို့တွေ့ဆုံရာတွင် ဆော်ဒီဦးစီးချုပ်က ပြောဆိုရာ၌ ယီမင်ပဋိပက္ခအပေါ် ဆော်ဒီ၏ ရပ်တည်ချက်မှာ ဒေါသတကြီး ချဉ်းကပ်ရန်မဟုတ်ပဲ ဒေသတွင်း တည်ငြိမ်အေးချမ်းရေးအတွက်သာ အလေးအနက်ထားပါကြောင်း အသေးစိတ်ရှင်းလင်းသည်။

ဝန်ကြီးချုပ်က ပြန်လည်ပြောဆိုရာ၌ မွတ်စလင်ကမ္ဘာအတွင်း သဘောကွဲလွဲမှု့များကို ထောက်ပြလျှက် ပဋိပက္ခသည် လက်နက်ကုန်သည်တို့ အကျိုးအမြတ်ရရှိစေရန်အတွက်သာဖြစ်နေကြောင်း၊ ရန်လိုမှုများ အဆုံးသတ်၍ တွေ့ဆုံညှိနှိုင်းခြင်း၊ အပေးအယူလုပ်ခြင်းတို့ဖြင့် အကောင်အထည်ဖော်သင့်ကြောင်း ဖော်ပြသည်။

တစ်ဆက်တည်းမှာပင် ဒုက္ခသည်ဘင်္ဂါလီ ( မူရင်းရိုဟင်ဂျာဟုဖော်ပြ ) အရေး၌ ဘင်္ဂလားဒက်ရှ်အနေဖြင့် မြန်မာနိုင်ငံနှင့် တွေ့ဆုံဆွေးနွေးခြင်းမှ အဖြေရှာမည်ဖြစ်ကြောင်း ထပ်လောင်းပြောဆိုသည်။

အဆိုပါ ပဋိပက္ခ၌ ဘင်္ဂလားဒက်ရှ်၏ အားထုတ်မှုကို ဆော်ဒီဦးစီးချုပ်က ချီးကျူးဂုဏ်ပြုလိုက်ပြီး အကြပ်အတည်း အဖြေရှာရာတွင် ဆော်ဒီအစိုးရက ဘင်္ဂလားဒက်ရှ်အား ထောက်ခံမည်ဖြစ်ကြောင်း ကတိပြုသည်။ နှစ်နိုင်ငံလက်နက်ကိုင်တပ်ဖွဲ့တို့အကြား ကောင်းမွန်သော ပူးပေါင်းဆောင်ရွက်ရေးများအကြောင်းကို ပြောဆို၍ ပေါင်းစည်းမှု့ ပိုမိုခိုင်မာလာသည် ဆော်ဒီက သတိပြုမိပါကြောင်း၊ ဘင်္ဂလားဒက်ရှ် အမျိုးသားကာကွယ်ရေး ကောလိပ်များ၏ အလွန်မြင့်မားသော လေ့ကျင့်ရေးအဆင့်အတန်းတို့ကို ချီးမွန်း၍ အရှေ့အလယ်ပိုင်းနိုင်ငံများမှ အရာရှိများ ဆက်လက်စေလွှတ်ရန် ဆန္ဒရှိကြောင်း ပြောဆိုသည်။

ရှိတ်ဟာစီနာကလည်း နှစ်နိုင်ငံတပ်မတော်တို့အကြား ဘက်စုံပူးပေါင်းဆောင်ရွက်ရာတွင် လေ့ကျင့်ရေး အဆင့်မြှင့်တင်ခြင်း၊ ဘင်္ဂလားဒက်ရှ်တပ်မတော်၏ လေ့ကျင့်ရေးအမျိုးမျိုးတို့ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် စစ်သုံး ကိရိယာ အထောက်အပံ့ရရှိရေးတို့ကို၎င်း၊ အကြမ်းဖက်ခြင်း ရန်လိုခြင်းတို့အတွက် ဘင်္ဂလားဒက်ရှ်နိုင်ငံ၏ အသင့်ရှိနေပုံနှင့် တိုက်ပွဲဝင်လျှက်ရှိပုံတို့ကို အလေးအနက် ပြန်လည်ဆွေးနွေးသည်။

(( လူတစ်ယောက်အကြောင်း သိလိုလျှင် ထိုသူ မည်ကဲ့သို့သော စာပေအမျိုးစား ဖတ်ရှု့သည့်အပေါ် ကြည့်ရှု့ အကဲဖြတ်နိုင်သည်ဟု ဆိုကြပါသည်။ ထို့အတူ နိုင်ငံတစ်နိုင်ငံ၏ တည်ဆောက်နေပုံကို ခန့်မှန်းလိုလျှင် အကြံပေးနေသူများကို အကဲဖြတ်ရမည်ဖြစ်သည်။

ဤနေရာတွင် ဂျပန်လူမျိုးတို့၏ ထူးခြားသော ပင်ကိုယ်ဓလေ့ကို အမှတ်ရမိသည်။ ဂျပန်တို့သည် ကိုယ့်လူမျိုးမဟုတ်လျှင် မယုံတတ်ချေ။ စက်ရုံတစ်ရုံတွင် အမေရိကန်က မန်နေဂျာ၊ ဂျပန်က ကြီးကြပ်ရေးမှူးဖြစ်သည်ဆိုပါစို့ ဂျပန်အလုပ်သမားတို့အတွက် ကြီးကြပ်ရေးမှူး ပြောသည်တို့သာလျှင် အမှန်ဖြစ်သည်ဟု ယုံကြည်ကြခြင်းမျိုး ဖြစ်သည်။

ကိုယ့်လူမျိုး ကိုယ်ယုံရလောက်လည်း ဂျပန်တို့တွင် အကြောင်းရင်းခိုင်မာသည်။ တကယ်တော့ လဖက်ရည်ဆိုင် ဘီယာဆိုင်တို့တွင် သောက်ဖောင်းထုကာ၊ စိတ်ထဲထင်သမျှ လေဖမ်းဝါးတန်းချီနေသူများသည် လူသားအရင်းအမြစ်စာရင်းတွင် မပါချေ။ ထိုသူများပြောသမျှ အဟုတ်ထင်လျှင် ချောက်ကျိုးနည်းရန်သာရှိသည်။

ဂျပန်တို့ ကိုယ့်လူမျိုး ကိုယ်ယုံ၊ ကိုယ့်အား ကိုယ်ကိုးစိတ်ဓါတ် ရိုက်သွင်းခဲ့သည်မှာ မကြာသေးချေ။ “ မေဂျီခေတ် “ ခေါ် မြန်မာတွင် မင်းတုန်းမင်းလက်ထက်လောက်မှ ပညာရေး-စီးပွားရေး-ကာကွယ်ရေး-လုံခြံရေးအမြင်များ ပြောင်းလဲယူခဲ့ခြင်းဖြစ်သည်ဟု ဆိုပါသည်။

အင်္ဂလိပ်တို့၏ ( ပျစ်ပျစ်နှစ်နှစ် နာမည်တပ်ရလျှင် ) ဘူဇွာယဉ်ကျေးမှု့ Bourgeois mentality ခေါ် ဟန်တစ်လုံး ပန်တလုံး ဓလေ့စရိုက်သည်လည်း နှစ် ၁၀၀ ကျော်မျှ သားစဉ်မြေးဆက် မွေးယူခဲ့သည်ဟု ကြားဖူးသည်။

မြန်မာ သမိုင်းကဝိ ဒေါက်တာသန်းထွန်းကမူ “ ငါတို့ ဆဲခဲ့တဲ့ Bourgeois mentality ဆိုတာ ဘဝရပ်တည်မှု အတွက် အများကြီး အထောက်အကူဖြစ်ပါသလားလို့ တွေးမိတယ်.. “ ဟု ၁၀-နိုဝင်ဘာ၊ ၂၀၀၄ ခုနှစ်၌ ရေးသားသည်ကို ဖတ်ရှု့ရပါသည်။ ။ သတင်းဘာသာပြန်သူ ))

((( bdnews24., 29 Nov 2019, “Arms suppliers benefit from conflicts in Muslim world: Hasina to Saudi army chief.”ကို #HtayOung,#OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ )))

#ရှိတ်ဟာစီနာ #ဆော်ဒီနှင့်ဘင်္ဂလားဒက်ရှ် #ဆော်ဒီတပ်မတော်ကာကွယ်ရေးဦးစီးချုပ်

https://bdnews24.com/bangladesh/2019/11/29/arms-suppliers-benefit-from-conflicts-in-muslim-world-hasina-to-saudi-army-chief

0

Leave a Reply

Your email address will not be published.