မွတ်စလင်မဟုတ်သူများအတွက် နိုင်ငံသားဥပဒေကြမ်းကို ကန့်ကွက်ဆန္ဒပြကြရာမှ အာသံပြည်နယ်တွင် အကြမ်းဖက် မှုများဖြစ်ပွား၊ အိန္ဒိယ ဗဟိုအစိုးရ စစ်တပ်များစေလွှတ်။ အင်တာနက် အဆက်အသွယ်ဖြတ်တောက်၍ နေဝင်မီးငြိမ်းအမိန့်ထုတ်

မွတ်စလင်မဟုတ်သူများအတွက် နိုင်ငံသားခံယူခွင့်လွယ်ကူစေမည့် ဥပဒေပြဋ္ဌာန်းချက်နှင့်ပတ်သက်၍ အိန္ဒိယနိုင်ငံ အာသံပြည်နယ်တွင် မငြိမ်မသက်မှု့များ ဖြစ်ပွားလျှက်ရှိသည်။ ဗဟိုအစိုးရက ပြည်နယ်သို့ စစ်တပ်များ တိုးမြှင့်စေလွှတ်လိုက်ပြီး အင်တာနက်အဆက်အသွယ်ဖြတ်တောက်၍ သတ်မှတ်ချိန်အတွင်း အပြင်မထွက်ရ အမိန့်ထုတ်ကို ထုတ်ပြန်လိုက်သည်ဟု Russia Today က ယနေ့ရေးသားသည်။

အိန္ဒိယပါလီမန်၌ တင်သွင်းသည့် နိုင်ငံသားခံယူခွင့် နောက်ဆက်တွဲပြင်ဆင်ချက် ဥပဒေကြမ်း CAB ကို သမ္မတက လက်မှတ်ရေးထိုးအတည်ပြုပြီး များမကြာမီ ကန့်ကွက်ဆန္ဒပြပွဲများဖြစ်ပေါ်ခဲ့သည်။ ဗုဒ္ဓဟူးနေ့ည နိုင်ငံ၏ အနောက်မြောက်ဖျားပြည်နယ်တွင် ကန့်ကွက်ဆန္ဒပြပွဲများမှာ အကြမ်းဖက်အသွင် ပြောင်းလဲသွားခဲ့ကြောင်း သိရှိရသည်။ ဆန္ဒပြသူများသည် မွတ်စလင်များအပေါ် ခွဲခြားဆက်ဆံသည်ဟု စွပ်စွဲခြင်းခံရသော အာဏာရ BJP ပါတီ၏ အကြီးတန်းပုဂ္ဂိုလ်များနေထိုင်ရာ အဆောက်အအုံတို့ကို ပစ်မှတ်ထား တိုက်ခိုက်ကြသည်ဆို၏။

လူမှု့ကွန်ယက်မှတဆင့် ဒေါသရန်မီးပွားစေမည့် သတင်းများဖြန့်ဝေခြင်းကို ကာကွယ်ရန် အာသံပြည်နယ်ဒေသအချို့တွင် အင်တာနက်အဆက်အသွယ်တို့အား ၂၄-နာရီ ဖြတ်တောက်ခဲ့သည်။ အိန္ဒိယတွင် ဟိန္ဒူ-ခရစ်ယာန်-ဆစ်ခ်-ဗုဒ္ဓဘာသာ-ဂျိန်းနှင့် ဇိုရိုအက်စတာဘာသာဝင်တို့အား အကာအကွယ်ပေးရန် လိုအပ်လျှက်ရှိကြောင်း၊ CAB ဥပဒေမှာ ပါကစ္စတန်၊ ဘင်္ဂလားဒက်ရှ်နှင့် အာဖဂန်နစ္စတန်တို့မှ မွတ်စလင်ဘာသာဝင်မျိုးနွယ်စုများ၏ ရက်စက်ဖိနှိပ်ခြင်းကို ကာကွယ်ရန်ဖြစ်သည်ဟု အိန္ဒိယအစိုးရက အကြောင်းပြထားသည်။ ဥပဒေကြမ်းပါ ကိုးကွယ်ရာဘာသာကြီး ၆-မျိုးကို ဖော်ပြရာ၌ အစ္စလာမ်ဘာသာဝင်များ မပါဝင်ခြင်းမှာ အာသံပြည်နယ်နေ မွတ်စလင်များအား ဒေါသဖြစ်စေခဲ့ရသည်။

ပြည်နယ်အတွင်း တင်းမာမှု့များမှာ ရက်သတ္တပတ်အတွင်း လျှင်မြန်စွာ ပြန့်နှံ့ကြီးထွားလာခဲ့သည်။ ကန့်ကွက်သူများသည် ဥပဒေကြမ်းမိတ္တူများကို စက်ဆုပ်ရွံ့ရှာစွာ မီးရှို့ဆန္ဒပြခဲ့ကြပြီး ကားတာယာနှင့် မော်တော်ယာဉ်များအား မီးတင်ရှို့ခဲ့ကြသည်။ ဗုဒ္ဓဟူးနေ့ညတွင် သတ်မှတ်ချိန်အတွင်း အပြင်မထွက်ရအမိန့်ကို ပြောပြောင်တင်းတင်း ဖီဆန်မှု့များ ဖြစ်ပေါ်ခဲ့ပြီး အိန္ဒိယဗဟိုအစိုးရက နိုင်ငံ၏ အခြားဒေသမှ စစ်ဖက်တပ်ဖွဲ့ဝင်များအား အာသံပြည်နယ်အတွင်း စေလွှတ်ဖြန့်ချသည်ကို တွေ့ရှိရသည်။ ပြည်နယ်၏ ဂွာဝါဟတီမြို့တွင် စစ်ဖက်အကူအညီရယူလျှက် တရားဥပဒေပြန်လည်စိုးမိုးရေး ဆောင်ရွက်သည့်တိုင် ကန့်ကွက်ဆန္ဒပြပွဲများမှာ ကြာသပတေးနေ့တွင် အခြားဒေသများသို့ ပြန့်နှံ့သွားခဲ့ကြောင်း သတင်းများထွက်ပေါ်သည်။

အကြမ်းဖက်မှု့များဖြစ်ပွားလာ၍ မငြိမ်မသက်မှု့တိုးပွားလာခြင်းကြောင့် ပြည်နယ်အတွင်း သယ်ယူပို့ဆောင်ရေးလမ်းကြောင်းများ ရပ်ဆိုင်းသွားသည်။ အာသံပြည်နယ်ရှိ ဂွာဝါဟတီ၊ ဒီဘရူဂါနှင့် ဂျိုဟာမြို့များတွင် လေကြောင်းခရီးစဉ်များကို ကြာသပတေးနေ့မှ သောကြာနေ့အထိ ဖျက်သိမ်းလိုက်ရသည်။ အလားတူပင် ပြည်နယ်အတွင်း မီးရထားခရီးစဉ်များလည်း ပယ်ဖျက်ထားသည်။

မကြေမနပ်ဖြစ်နေသာ အာသံဒေသခံများအား ရည်ညွှန်းလျှက် ဝန်ကြီးချုပ်မိုဒီက လက်ရှိဖြစ်ပွားနေသော အခြေအနေများကြောင့် စိုးရိမ်ပူပန်ခြင်း မဖြစ်ကြရန်နှင့် သင်တို့၏ အခွင့်အရေးများကို မည်သူတစ်ဦးတစ်ယောက်ကမျှ ဆောင်ယူနိုင်လိမ့်မည်မဟုတ်ကြောင်း၊ တစ်မူထူးခြားသော ယဉ်ကျေးမှု့အလှ ထွန်းကားလျှက် ဆက်လက်ရှင်သန်နေလိမ့်မည်ဖြစ်ကြောင်း ၎င်း၏ Twitter စာမျက်နှာတွင်ရေးူသားသည်။

ဒီဇင်ဘာ ၁၁-ရက်နေ့ အိန္ဒိယပါလီမန်တွင် အိန္ဒိယရောက် ရိုဟင်ဂျာဆိုသူများအရေးနှင့် ပတ်သက်၍ အခြေအတင် ဆွေးနွေးပွဲပြုလုပ်ခဲ့ကြောင်း အိန္ဒိယအခြေစိုက် AniNews က ယမန်နေ့ ဖော်ပြသည်။

ပြည်ထဲရေးဝန်ကြီး အာမစ်ရှားက ပြောဆိုရာတွင် ၎င်းတို့သည် မြန်မာနိုင်ငံမှ တိုက်ရိုက်လာခဲ့သူများ မဟုတ်ကြောင်း၊ ဘင်္ဂလားဒက်ရှ်မှတဆင့် ထိုးဖောက်စိမ့်ဝင်လာကြသူများဖြစ်၍ နိုင်ငံသားခံယူခွင့် နောက်ဆက်တွဲ ပြင်ဆင်ချက် ဥပဒေကြမ်း CAB ၌ မည်သည့်အခါမျှ အကြုံးဝင်သူများ မဟုတ်ကြောင်း ရှင်းလင်းသည်။

၂၀၁၄-ခုနှစ် ဒီဇင်ဘာ ၃၁-ရက်နေ့မတိုင်မီ ပါကစ္စတန်-ဘင်္ဂလားဒက်ရှ်နှင့် အာဖဂန်နစ္စတန်တို့မှ ဝင်ရောက်လာခဲ့ပြီး ပြည်တွင်းနယ်မြေ အစိတ်အပိုင်း၌ အခြေချနေထိုင်သူများအား နိုင်ငံသားပေးအပ်မည်ဆိုရာ၌ မွတ်စလင်မဟုတ်သူများကို ဆိုလိုကြောင်း ဝန်ကြီးက ပြောဆိုသည်ဟု သတင်းဆက်လက်ဖော်ပြသည်။

((( Russia Today., 12 Dec, 2019.” Indian government sends troops to Assam after violent protests against citizenship bill (VIDEO).” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက် နှုတ်ဘာသာပြန်ဆိုသည်။ )))

https://www.rt.com/news/475650-india-protests-citizenship-law/

https://edition.cnn.com/2019/12/11/asia/india-citizenship-amendment-bill-intl-hnk/index.html

https://aninews.in/news/national/politics/rohingyas-not-to-get-citizenship-under-cab-as-they-didnt-come-directly-to-india-shah20191211193353/


0

Leave a Reply

Your email address will not be published.