မွတ်စလင်မုန်းတီးရေးအပြောအဆိုနှင့် လှုံဆော်မှုများကြောင့် ပြင်သစ်သံ အမတ်ကြီးအား မလေးရှားအစိုးရဆင့်ခေါ်။ အစွန်းရောက် အစ္စလာာမ်မစ်အယူအဆ ဆန့်ကျင်ရေးကာလ အကြမ်းဖက်မှု သတိပြုကြရန် ပြင်သစ်ပြည်ထဲရေး သတင်းထုတ်ပြန်

  
ပြင်သစ်နိုင်ငံ၌ သမ္မတအီမန်နူရယ်မက်ခွန်အပါအဝင် ထိပ်တန်းအရာရှိကြီးများ၏ အမုန်းစကားနှင့် အစ္စလာမ် အပေါ် အသရေဖျက်ရန်ကြိုးစားရာရောက်သည့် အပြောအဆိုများနှင့် ပတ်သက်၍ရှင်းပြရန် မလေးရှားနိုင်ငံခြားရေးဝန်ကြီးဋ္ဌာနက ကွာလာလန်ပူရှိ ပြင်သစ်သံအမတ်ကြီးအား ဆင့်ခေါ်ခဲ့သည်ဟု Russia Today က ယမန်နေ့ရေးသားသည်။ 

  
သမ္မတမက်ခွန်သည် ပြင်သစ်စာသင်ခန်းများ၌ တမန်တော်မိုဟာမက်၏ကာတွန်းများကို ပြသသည့်ဘက်မှ ခုခံကာကွယ်ခဲ့ပြီး နိုင်ငံ၏ဥရောပတန်ဖိုးများကို ပူးသတ်ရန်ကြိုးစားလာသည့် အစွန်းရောက်အစ္စလာမ်တို့ရန်မှ တားဆီးရန် အားထုတ်သွားမည်ဖြစ်ကြောင်း ကတိပြုခဲ့ခြင်းဖြစ်သည်ကြောင်း သိရှိရသည်။


နိုင်ငံတကာ မွတ်စလင်တို့အား ဒေါသထွက်စေခဲ့သည့် သမ္မတမက်ခွန်၏ကြေညာချက်သည် ယခုလ စောစောပိုင်း၌ ပါရီမြို့ဆင်ခြေဖုံးတစ်နေရာတွင် ပြင်သစ်ကျောင်းဆရာတစ်ဦး ရက်စက်စွာ ခေါင်းဖြတ်အသတ်ခဲ့ရပြီးနောက် ထွက်ပေါ်လာခြင်းဖြစ်သည်။ ပြင်သစ်ကျောင်းဆရာ ဆမ်မြူရယ်ပက်တီသည် သူ၏ကျောင်းသားများအား #ရှာလီဟက်ဗ်ဒို သရော်စာမဂ္ဂဇင်းပါ တမန်တော်မိုဟာမက်အား ပြောင်လှောင်သည့် ကာတွန်းပုံကို စာသင်ခန်းအတွင်း ပြသခဲ့ခြင်း ကြောင့် ယခုကဲ့သို့ အသတ်ခံခဲ့ရခြင်းဖြစ်သည်။ 


အစ္စလာမ် သာသနာကို ရှုတ်ချရန် ကြိုးပမ်းရာရောက်သော မည်သည့်လှုံဆော်မှုမျိုးကိုမဆို မလေးရှားနိုင်ငံက ပြင်းထန်စွာ ရှုတ်ချကြောင်း၊ တမန်တော်မိုဟာမက်၏ ရုပ်ပြောင်များပြသခြင်းဖြင့် မိမိတို့အလေးအမြတ်ထားသောပုဂ္ဂိုလ်အား စော်ကားရာ ရောက်သည်ဟု မွတ်စလင်တို့က သတ်မှတ်ထားချိန်တွင် သမ္မတမက်ခွန်၏ ပြောစကားများမှာ ပြင်သစ်နိုင်ငံအတွင်း မြင့်မားသောတင်းမာမှုများကိုသာ ဖန်တီးရာရောက်မည်ဖြစ်ကြောင်း၊ ဘာသာတရားအားလုံး ငြိမ်းချမ်းစွာ အတူတည်ရှိမှုအတွက် ကောင်းသော လက္ခဏာတစ်ရပ်မဟုတ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနသို့ ရောက်ရှိလာသည့် ပြင်သစ်သံအမတ်ကြီး ယီလာဘယ်ရီယာအား မလေးရှားဝန်ကြီးဋ္ဌာနက ထောက်ပြပြောဆိုသည်။ 

  
မလေးရှားနိုင်ငံခြားရေးဋ္ဌာန၏ သီးခြားကြေငြာချက်တစ်ခုတွင် ဖော်ပြရာ၌ လွတ်လပ်စွာ ထုတ်ဖော်ပြောကြားခွင့်ဆိုရာတွင် ပါရီကာတွန်းပုံစံမျိုးဘက်မှ ခုခံကာကွယ်လျှက် အခြားသူတစ်ဦး၏ အခွင့်အရေးကို ချိုးဖောက်ခြင်း သို့မဟုတ် ထိပါးခြင်းမပြုသင့်ကြောင်း၊ ယခုကိစ္စမှာ တမန်တော်မြတ်နှင့် အစ္စလာမ်သာသနာအား အကြမ်းဖက်ဝါဒနှင့် တစ်တန်းတည်းထားခြင်းဖြစ်၍ စည်းဘောင် ကျော်လွန်လျှက်ရှိကြောင်း ရေးသားထားသည်။ 


ပြင်သစ်နိုင်ငံတွင် အကြမ်းဖက်ခြိမ်းခြောက်မှုမှာ အလွန်မြင့်မားလျှက်ရှိပြီး အစွန်းရောက်အစ္စလာမ်ဝါဒီများကို အစိုးရက ဆက်လက်နှိမ်နင်းနေစဉ် ဘာသာရေးဆိုင်ရာနေရာများအား ရဲအင်အားတိုးမြှင့်ချထား၍ ကာကွယ်မှုပေးသွားမည်ဖြစ်ကြောင်း ပြင်သစ် ပြည်ထဲရေးဝန်ကြီး ဂျာရယ်ဒတ်မန်နမ်က ပြောဆိုသည်ဟု Russia Today ( Oct 27, 2020 ) က ရေးသားသည်။ 

  
ပြင်သစ်၏ ပြည်တွင်းရန်သူအား တိုက်ပွဲဝင်ကြရန်နှင့် သတ်လိုဖြတ်လိုသော အယူအဆရှိသူ အစ္စလာမ်ဝါဒီများကို တိုက်ဖျက်ရန် လိုအပ်ကြောင်း France-Inter Radio နှင့် တွေ့ဆုံရာ၌ ဝန်ကြီးက ပြောကြားခဲ့ခြင်းဖြစ်သည်။ ထို့ပြင် အစိုးရ၏ ပြင်သစ်ရှိ အစ္စလာမ္မစ်အုပ်စုများကိုနှိမ်နင်းမည့် နောက်ထပ်အစီအစဉ်များကိုလည်း ထုတ်ဖော် ပြောကြားရာ လူသားချင်းဆိုင်ရာအဖွဲ့အစည်းများဖြစ်သော NGO Baraka City နှင့် CCIF ( ပြင်သစ်ရှိ အစ္စ လာမ်ဖိုးဘီးယားဆန့်ကျင်ရေးအဖွဲ့)၊ တို့ နှစ်ခုစလုံးမှာ အစွန်းရောက်အစ္စလာမ်အယူအဆများကို မြေတောင်မြှောက်ပေးနေသည့် NGO များဖြစ်ကြောင်း စွပ်စွဲဝေဖန်ခဲ့သည်။ 


အောက်တိုဘာ ၁၆-ရက်နေ့တွင် ပါရီမြို့အနောက်မြောက်ဖက်ရှိ ဆင်ခြေဖုံးတစ်နေရာ၌ ဆင်မြူရယ်ပက်တီမှာ ၎င်း၏ စာသင်ကျောင်းအပြင်ဖက်တွင် ရက်စက်စွာ ခေါင်းဖြတ်အသတ်ခံခဲ့ရသည်။ သမ္မတမက်ခွန်က အဆိုပါ ဖြစ်ရပ်အား အစ္စလာမ်မစ်အကြမ်းဖက်သမား၏ တိုက်ခိုက်မှုဖြစ်ကြောင်း အလျှင်အမြန်ကြေညာခဲ့သည်။ လွတ်လပ်စွာယုံကြည်ခွင့်၊ မယုံကြည်ပဲလည်း နေနိုင်ခွင့်နှင့် လွတ်လပ်စွာ ထုတ်ဖော်ပြောကြားခွင့်ကို သင်ကြားပေး သော ကျွန်ုပ်တို့ နိုင်ငံသားတစ်ဦးမှာ ရက်စက်စွာ အသတ်ခံလိုက်ရကြောင်း၊ အစွန်းရောက်အယူအဆ ဆန့်ကျင် ရေးမှာ ကျွန်ုပ်တို့၏ တိုက်ပွဲဖြစ်၍ စည်းလုံးညီညွတ်ကြပါရန် ပြင်သစ်နိုင်ငံအား တိုက်တွန်းခဲ့သည်။ ထို့ပြင် အစ္စလာမ်ဘာသာသည် တင်းမာသော ဘာသာရေးအယူအဆရှိသူများ တိုးပွားလာခြင်းကြောင့် ကမ္ဘာတစ်ဝှမ်းတွင် အကျပ်အတည်း ဆိုက်လျှက်ရှိကြောင်း ထည့်သွင်း ဟောပြောသည်ဟု ဆို၏။ 


သမ္မတမက်ခွန်နှင့် ပြင်သစ်အစိုးရ၏ အပြောအဆိုနှင့် လုပ်ရပ်များအတွက် တူရကီ၊ ပါကစ္စတန်အပါအဝင် ကမ္ဘာတစ်လွှားရှိ မွတ်စလင်ဘာသာဝင်အပေါင်းတို့ကို ဒေါသထွက်စေခဲ့သည်။ အရှေ့အလယ်ပိုင်းဒေသ ကာတာ၊ ဘာရိန်းနိုင်ငံတို့ဦးဆောင်သည့် ပြင်သစ်လုပ်ကုန်ပစ္စည်းများ သပိတ်မှောက်ရေးမှာ မလေးရှား၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံများအထိ ကျယ်ပြန့်လာခဲ့သည်။ 


(( ပြင်သစ်ကျောင်းဆရာအား သတ်ဖြတ်သည့် အဗ္ဗဒူလာ အန်ဇိုရော့ဗ်သည် အသက် ၁၈-နှစ်သာရှိသေးသည့် ချေချင်းညာလူမျိုး လူငယ်လေးတစ်ဦးဖြစ်သည်။ ၎င်းသည် ၆-နှစ်သားအရွယ်တွင် မိဘများနှင့်အတူ ပြင်သစ်သို့ရောက်ရှိလာပြီး ဒုက္ခသည်အဖြစ် ခိုလှုံနေထိုင်သည်။ ဆင်မြူရယ်ပက်တီအသတ်ခံရခြင်းအတွက် ပါရီနှင့် ပြင်သစ်မြို့ကြီး ၆-မြို့တွင် Covid-19 ရောဂါတားဆီးရေး ကန့်သတ်ချက်များကို ဖီဆန်ကာ လူထောင်သောင်းချီက စုဝေးရှုတ်ချခဲ့ကြသည်။ မက်ခွန်၏ သမ္မတ သက်တမ်းတွင် ဘာသာရေး အစွန်းရောက်များလက်ချက်ဖြင့် အသက်ဆုံးရှုံးရသူ ပြင်သစ်နိုင်ငံသားဦးရေမှာ ၂၀ ခန့်ရှိသည်။ 


၂၀၁၅-ုနှစ်တွင် ဥရောပသို့ အရှေ့အလယ်ပိုင်းမှ အများဆုံးဖြစ်သော စစ်ဘေးဒုက္ခသည်နှင့် ခိုလှုံသူ သန်းချီဝင် ရောက်လာသည်။ ကွဲပြားခြားနားသော ယဉ်ကျေးမှုဓလေ့ထုံးတမ်းအချင်းချင်း ပွတ်တိုက်မှုဖြစ်ခြင်းနှင့် အသေးအဖွဲ ပြစ်မှုများ၊ လိင်စော်ကားမှုများနှင့် အကြမ်းဖက်မှုများ ထူပြောလာသည်။ ဥရောပတွင် ထိုစဉ်မှစ၍ အမျိုး သားရေးဝါဒီများ ဥရောပ၌ ထင်ရှားလာသည်။ 


လောလောဆယ်ပြင်သစ်တွင် အမျိုးသားရေးဝါဒီ မာရင်လီပန် ( ၅၂-နှစ် ) မှာ လူကြိုက်များနေသည်။ စစ်တမ်းများအရ လစ်ဘရယ် ဥရောပဝါဒီတစ်ဦးဖြစ်သူ မက်ခွန် ( ၄၂ -နှစ် ) မှာ လီပန်ထက် လူကြိုက်များမှု ၄-မှတ် လျှော့နည်းနေသည်။ လတ်တလော ဆင်မြူရယ်ပက်တီအသတ်ခံရမှုမှာ မကြာမီရွေးကောက်ပွဲဝင် ရောက်ယှဉ်ပြိုင်မည့် မက်ခွန်အတွက် မဲရှုံးနိုင်ကြောင်း အချက်ပေးသံပမာဖြစ်လာခဲ့သည်ဟု ဆိုကြပါသည်။ 


အစ္စလာမ်ဘာသာဝင်တို့၏ နေအိမ် ၁၂၀ ကျော်ကို ဝင်ရောက်ဝင်ရှာဖွေခြင်း NGO တို့၏ အကြမ်းဖက်ရန်ပုံငွေဟု ယူဆရလျှင် နိုင်ငံပိုင်သိမ်းခြင်း၊ အစ္စလာမ်မစ်သဘောတရားများ၊ အနာဂါတ် အစ္စလာမ်မစ်နိုင်ငံတော်ထူထောင်ရေး ပြောဟောခြင်း၊ ယုံကြည်လက်ခံသည်ဟု သတ်မှတ်ခံရသည့် အဖွဲ့အစည်းများအား ဖျက်သိမ်းခြင်း၊ အဆိုပါ အယူအဆများဖြန့်ဝေသည်ကို ဖြုတ်-ဖျက်ခြင်း မပြုလျှင် Facebook, Twitter တို့အား အရေးယူမည်ဟု ရာဇသံပေးခြင်းများ ဆောင်ရွက်လျှက်ရှိသည်။ 

သို့သော် ဘုန်းကြီးတစ္ဆေ လစ်ဘရယ်ဒီမိုကရေစီပြင်သစ်သည် သူ့နိုင်ငံအတွင်း သူ လုပ်သလိုမျိုး အခြားနိုင်ငံများက လုပ်လျှင် အပြင်းအထန်ကန့်ကွက်ရှုတ်ချမည်သာဖြစ်သည်။ သို့မှသာ သူ “ စား “ ထားသမျှ မပေါ်လွင်တော့ပဲ “ အလျှော် ချည့်ပေးနေသည့် တာဇံဒိုင်လေး “ သာ ဖြစ်ကြောင်း မျက်လှည့်ပြနိုင်မည်ဖြစ်သည်။ ။ သတင်းဘာသာပြန်သူ )) 

#အစ္စလာမ်မုန်းတီးရေး_ပြင်သစ်မလေးရှား #သမ္မတမက်ခွန်နှင့်မာရီလီပန် 

((( Russia Today., 28 Oct, 2020,” Malaysia summons French ambassador over anti-Muslim rhetoric & provocative acts.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာ ပြန်ဆိုသည်။ ဖြည့်စွက်ကိုးကားချက်များမှာ ပေးထားပါ သတင်း Links များအတိုင်းဖြစ်သည်။ ))) 

https://www.reuters.com/article/uk-france-security-malaysia/malaysia-summons-french-diplomat-over-alleged-anti-islam-speech-idUKKBN27D25S 
https://www.rt.com/news/504822-malaysia-ambassador-cartoons-macron-muslim/ 
https://www.rt.com/news/504708-french-battle-radical-islam/ 
https://www.rt.com/news/504496-ambassador-france-turkey-recall/ 
https://apnews.com/article/turkey-mental-health-health-recep-tayyip-erdogan-france-a4464c96841ae2be9c40cd316f543d59 
https://www.aa.com.tr/en/europe/france-islamophobia-replacing-antisemitism/2017926# 
https://www.washingtonpost.com/outlook/macron-france-reform-islam-paty/2020/10/23/f1a0232c-148b-11eb-bc10-40b25382f1be_story.html 
https://www.aljazeera.com/news/2020/10/22/france-teachers-killer-had-contact-with-fighter-in-syria 
https://edition.cnn.com/2015/01/07/europe/france-charlie-hebdo-attack-scene/index.html 
https://www.firstpost.com/india/photos-chechnya-to-pakistan-protests-across-the-world-against-charlie-hebdos-cartoons-2055389.htm 
https://www.rt.com/news/504746-erdogan-hebdo-cartoon-turkey-france/ 
https://www.aa.com.tr/en/europe/french-police-arrest-muslim-ngo-head-in-raid/2006384 
https://www.rt.com/news/504772-turkey-steps-erdogan-caricature/ 
https://bdnews24.com/bangladesh/2020/10/27/thousands-rally-in-bangladesh-to-protest-macron-comments-in-cartoon-row 
https://www.dailysabah.com/world/europe/french-police-arrest-muslim-ngo-head-following-macrons-comments-on-islam 
https://www.fr24news.com/a/2020/10/france-dissolves-the-muslim-ngo-barakacity.html

1+

Leave a Reply

Your email address will not be published.