ယခုရှိနေသော ပိုလီယိုကာကွယ်ဆေးသည် ကိုရိုနာဗိုင်းရပ်စ်တားဆီးရာတွင် အထောက်အကူဖြစ်ဟု ကမ္ဘာ့ထိပ်တန်းကျွမ်းကျင်သူများ ပြောဆို

ကူးစက်ကပ်ရောဂါအတွက် ထိရောက်သော Covid-19 ကာကွယ်ဆေးကို ထုတ်လုပ်ရန် ကမ္ဘာကြီးက ကြိုးစားလျှက်ရှိစဉ် လူတိုင်းနီးပါးရရှိပြီးဖြစ်သော ဆေးဝါးမှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါအား ကာကွယ်ရာတွင် အထောက်အကူဖြစ်နိုင်ကြောင်း ကျွမ်းကျင်သူများက ပြောဆိုသည်ဟု CNN က ယနေ့ရေးသားသည်။

ကလေးငယ်များကို ရောဂါကူးစက်ခြင်းမှ ထိရောက်စွာ အကာအကွယ်ပေးနိုင်သည့် ယခုရှိနေပြီး ပိုလီယိုအကြောသေရောဂါ ကာကွယ်ဆေးကဲ့သို့သော ဆေးဝါးသည် ကိုရိုနာဗိုင်းရပ်စ်သစ်ကြောင့် ဖြစ်ပွားသောရောဂါ တားဆီးရေးတွင် ကောင်းစွာထိရောက်ကြောင်း အထောက်အထားများစွာတွေ့ရှိရသည်ဟု ကျွမ်းကျင်သူအဖွဲ့က ကြာသပတေးနေ့ သိပ္ပံမဂ္ဂဇင်းတွင်ရေးသားခဲ့သည်။

ပါးစပ်အတွင်း အစက်ချပေးရသော ပိုလီယိုကာကွယ်ဆေးသည် စိတ်ချရခြင်း၊ ဈေးသက်သာခြင်း၊ လွယ်ကူစွာ တိုက်ကျွေးနိုင်ခြင်းတို့ကြောင့် နှစ်စဉ်နိုင်ငံပေါင်း ၁၄၀ ကျော်တို့၌ တိုက်ကျွေးမှု ၁ ဘီလီယံကျော်ရှိသည်ဟု ကျွမ်းကျင်သူအဖွဲ့က ပြောဆိုသည်။ အဆိုပါအဖွဲ့တွင် အိပ်ချ်အိုင်ဗွီဗိုင်းရပ်စ်ကို ရှာဖွေတွေ့ရှိခဲ့သည့် သိပ္ပံပညာရှင်တစ်ဦးနှင့် အစားအစာနှင့်ဆေးဝါးကွပ်ကဲရေးဌာနမှ ကာကွယ်ဆေးကျွမ်းကျင်သူပါဝင်ကြောင်း သိရှိရသည်။ ၎င်းကာကွယ်ဆေးဖြင့် ကမ္ဘာတစ်ဝှမ်း၌ ပိုလီယိုရောဂါကို ကင်းစင်လောက်နီးပါး တိုက်ဖျက်ခဲ့သည်။

ပါးစပ်တွင်း အစက်ချ ပိုလီယိုကာကွယ်ဆေးတွင် အားနည်းသွားသော ပိုလီယိုဗိုင်းရပ်စ်ပိုးအား ကာကွယ်ဆေးအဖြစ်အသုံးပြုသည်။ အားပျော့သွားသော ရောဂါပိုးမွှားများပါ ကာကွယ်ဆေးများသည် ရေရှည်တည်တန့်ပြီး သန်မာသော ခုခံအားတုန့်ပြန်မှုကို ထုတ်လုပ်သည်။ သို့သော် ၎င်းတို့သည် ဗိုင်းရပ်စ်တစ်မျိုးမှ မျိုးရိုးဗီဇပစ္စည်းများကိုသာ အသုံးပြုသောကြောင့် ခေတ်မီကာကွယ်ဆေးများထက် ထုတ်လုပ်ရန်နှေးကွေးသည်။ ထိုကြောင့် ကိုရိုနာဗိုင်းရပ်စ်ရောဂါကာကွယ်ဆေးအဖြစ် အသုံးပြုရန် အမေရိကန်နှင့်ဥရောပကုမ္ပဏီတို့က ပိုမိုမြန်ဆန်စွာ ထုတ်လုပ်နိုင်မည့် နည်းလမ်းကို ရှာဖွေလျှက်ရှိကြသည်။

(( ပိုလီယိုအကြောသေရောဂါကူးစက်ခံရလျှင် တစ်ချိန်ချိန်တွင် အကြောသေရောဂါရမည်သာဖြစ်သည်။ ပိုလီယိုရောဂါဖြစ်ပွားစ ကလေးငယ်သည် တင်ပါးကို ခပ်ဆတ်ဆတ်ပုတ်ယုံနှင့် အကြောသေရောဂါဖြစ်ပွားနိုင်သည်။ ကံဆိုးသောဆရာဝန်သည် ပိုလီယိုရောဂါ ကူးစက်ခံထားရသော ကလေးငယ်အား သေချာစွာ သတိမပြုမိပဲ ဆေးထိုးမိလျှင်ကား အကြောသေရောဂါဖြစ်ရန် သေချာလေ၏။

ဆရာဝန်လည်း ကလေးငယ် အကြောသေအောင် ဆေးထိုးမှားသည်ဟု နာမည်ပျက်ရလေတော့သည်။

လွန်ခဲ့သည့် နှစ်များကစတင်၍ ကျန်းမာရေးဝန်ကြီးဌာနက ကာကွယ်ဆေးဇယားတွင် ပိုလီယိုအကြော သေရောဂါ ကာကွယ်ဆေးကို ပါးစပ်အတွင်း ကလေးအသက် ၂ လ တစ်ကြိမ်၊ ၄ လ တစ်ကြိမ်၊ ၆ လတစ်ကြိမ် အချိန်ပြောင်းတိုက်ကျွေးခြင်းအပြင် ၄ လအကြိမ်တိုက်ကျွေးရာ၌ ပိုလီယိုကာကွယ်ဆေး (ထိုးဆေး) တစ်ကြိမ် ထိုးနှံပေးခြင်းပါဝင်ကြောင်း တွေ့ရှိရသည်။ မြန်မာနိုင်ငံတွင် ယနေ့တိုင် ပိုလီယိုရောဂါကာကွယ်ဆေး တိုက်ကျွေးခြင်းများ ဆောင်ရွက်နေဆဲဖြစ်ပြီး ရောဂါကင်းစင်တိုင်းပြည်အဖြစ် ကြေညာရန် အလှမ်းမဝေးတော့ကြောင်း ကြားသိရပါသည်။

ပါးစပ်မှ အစက်ချတိုက်ကျွေးရသည့် ပိုလီယိုကာကွယ်ဆေး ( OPV ) ကို သက်ရှိပိုလီယိုဗိုင်းရပ်စ်မှ ပြုပြင်ပြောင်းလဲ ထုတ်ယူထားပြီး Live attenuated vaccine ဟု ခေါ်သည်။ ထိုးနှံပေးရသည့် ပိုလီယိုကာကွယ်ဆေးကိုမူ အသက်မရှိတော့သော ပိုလီယိုဗိုင်းရပ်စ်မှ ထုတ်ယူထားခြင်း ဖြစ်သည့်အတွက် Inactivated(killed) Poliovirus vaccine (IPV) ဟု ခေါ်သည်။ ဆေးနှစ်မျိုးလုံးကမှာ ပိုလီယိုဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်ပွားသော ရောဂါ ၃-မျိုး လုံးကို ကာကွယ်ပေးနိုင်သည်။

အားနည်းချက်မှာ အစက်ချကာကွယ်ဆေးတွင် ၎င်းအတွက် သတ်မှတ်ထားသည့် အအေးစနစ်တွင် သေချာထိန်းသိမ်းမှသာ အာနိသင်ပြည့်ဝပြီး ရောဂါကို ကာကွယ်ပေးနိုင်ခြင်းဖြစ်သည်။ ထိုသို့မဟုတ်လျှင် အာနိသင်မရှိ ရောဂါကာကွယ်နိုင်စွမ်း နည်းနိင်သည်။ ။ သတင်းဘာသာပြန်သူ ))

((( CNN., June 12, 2020,” An existing polio vaccine could help protect against coronavirus, top experts say. By Faith Karimi and Maggie Fox, CNN “ ကို #HtayOung, #OungMarine ဆီလျော် အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ )))

#ပိုလီယိုကာကွယ်ဆေးသည်_ကိုရိုနာဗိုင်းရပ်စ်တားဆီးရာတွင်_အထောက်အကူဖြစ်ဟု_ကမ္ဘာ့ထိပ်တန်းကျွမ်းကျင်သူများ_ပြောဆို

https://amp.cnn.com/cnn/2020/06/12/health/coronavirus-polio-vaccine/index.html?fbclid=IwAR1YuqHFQHSZRU41Q8NIvzpReX7adBhhu7egcGg15YS010N2arz7S2BTy10

1+

Leave a Reply

Your email address will not be published.