ယခုပူးတွဲပါ သတင်းရုပ်သံမှာ လွန်ခဲ့သည့် ဇွန် ၉-ရက် The Asia Times မှဖြစ်ပြီး ထိုစဉ်က ကျွန်တော်ဘာသာပြန် လွှင့်တင်ရန် နှောင့်နှေးခဲ့သော သတင်းတစ်ပုဒ်ဖြစ်ပါသည်။
လွန်ခဲ့သော ရက်သတ္တပတ် ထိုစဉ်က နှစ်နိုင်ငံနယ်ခြား၌ တရုတ်နှင့်အိန္ဒိယစစ်သားအချင်းချင်း ထိုးကြိတ်သတ်ပုတ်နေကြခိုက်ဖြစ်သည်။
ယခုရုပ်သံပါ လွန်ခဲ့သောရက်သတ္တပတ် တရုတ်၏ စစ်ရေလေ့ကျင့်ခြင်းမှာ ၎င်းနိုင်ငံအနောက်ပိုင်း ( ဝီဂါမွတ်စလင်အများစုနေထိုင်ရာ) စင်ကျန်းပြည်နယ် အနောက်တောင်ဘက် Takia Minkan တာကီယာမင်ကန်သဲကန္တရ၌ ဖြစ်သည်။ တင့်ကားနှင့် လေကြောင်းချီစစ်ရေးလေ့ကျင့်မှုကို လေထီးစစ်သား ထောင်နှင့်ချီ၍ အင်အားအလုံးအရင်းဖြင့် ပြုလုပ်ခဲ့သဖြင့် အိန္ဒိယအတွက် မခံချည့် မခံသာဖြစ်ရသည်။ တရုတ်၏ စစ်ရေးလေ့ကျင့်ခြင်းမှာ အိန္ဒိယအား သတင်းစကားပေးပို့ရာရောက်ကြောင်း နိုင်ငံတကာ စစ်ရေးအကဲခတ်များက ဆိုပါသည်။
ယခု အချင်းဖြစ်ပွားသော လာဒက်ဒေသသည် အိန္ဒိယအရှေ့မြောက်ပိုင်း ဂျမူးနှင့် ကက်ရှ်မီးယားအရှေ့ဘက်၌ တည်ရှိသည်။ အိန္ဒိယက ၎င်း၏ စစ်သား ၂၀-ဦး သေဆုံးသည်ဆိုသော်လည်း ၊ တရုတ်ဖက်ကမူ ထိခိုက်သေဆုံးမှုရှိကြောင်းမှ လွဲ၍ သတင်းအတိ အကျထုတ်ပြန်ခြင်းမရှိပါ။ အမေရိကန်က ဖြစ်စဉ်အခြေအနေကို စောင့်ကြည့်လျှက်ရှိကြောင်း ပြောဆိုသည်။
ယခုပဋိပက္ခဖြစ်ပွားရာဒေသသည် အိန္ဒိယနှင့် ပါကစ္စတန်အကြား ပိုင်ဆိုင်မှုအငြင်းပွားလျှက်ရှိနေသည့် ဂျမူးနှင့်ကက်ရှ်မီးယားအရှေ့ပိုင်း တရုတ်တိဘက်ပြည်နယ်အနီး၌ဖြစ်သည်။ လွန်ခဲ့သည့်နှစ်၌ အိန္ဒိယနှင့် ပါကစ္စတန်တို့သည် ဂျမူးနှင့် ကက်ရှ်မီးယားအရေးအတွက် လေကြောင်းတိုက်ပွဲအပါအဝင် နှစ်ဖက်စစ်အင်အား အသုံးပြု တိုက်ပွဲများဖြစ်ပွားခဲ့သည်။
ဂျမူးနှင့် ကက်ရှ်မီးယားရှိ ပါကစ္စတန်ထိန်းချုပ်ထားရာ အရှေ့ပိုင်းတစ်စိတ်တစ်ဒေသကို ပါကစ္စတန်က တရုတ်တို့ထံ ပေးအပ်ထားကြောင်း၊ အိန္ဒိယနိုင်ငံအတွင်း အကြမ်းဖက်ဖောက်ခွဲမှုများ အကြိမ်ကြိမ်ပြုလုပ်ခဲ့သည့် JeM အစ္စလာမ်မစ် အစွန်းရောက်အကြမ်းဖက်များကို ပါကစ္စတန်က လေ့ကျင့်ထောက်ပံ့ပေးလျှက်ရှိရာ နောက်ကွယ်တွင် တရုတ်ရှိနေကြောင်း အိန္ဒိယက စွပ်စွဲထားသည်။
လွန်ခဲ့သည့် နှစ်များ၌ တရုတ်နှင့် ပါကစ္စတန်အကြား ရေတပ်အပါအဝင် ပူးတွဲစစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ခဲ့သည်။ အိန္ဒိယ ရာဂျက်စသန်ပြည်နယ် အနောက်ပိုင်းနှင့် ထိစပ်လျှက်ရှိသည့် Thar သားသဲကန္တာ၏ အစိတ်အပိုင်းအချို့မှာ ပါကစ္စတန်နိုင်ငံအတွင်း ပါဝင်နေသည်။
ထို့အပြင် အိန္ဒိယနှင့် တရုတ်တို့၏ နှစ်နိုင်ငံစစ်တပ်များ ရန်စောင်လျှက်ရှိသည့် အခြားနေရာမှာ အိန္ဒိယအရှေ့ဖျား Doklam Plateau ဒိုကလန်ကုန်းမြင့်ဖြစ်သည်။ ၎င်းနေရာမှာ အိန္ဒိယဗဟိုအစိုးရ အုပ်ချုပ်ရာနှင့် ဝေးလွန်းနေပြီး ဘူတန်နှင့် ဘင်္ဂလားဒက်ရှ်အကြား တောင်ကြားလမ်းဖြင့်သာ သွားရောက်နိုင်သည်။ ဒေသဖွံ့ဖြိုးရေး ဆောင်ရွက်ရန်လည်း ခဲယဉ်းသော အရှေ့ဖျားဝေးလံခေါင်ဖျား ၇- ပြည်နယ် သို့မဟုတ် “အိန္ဒိယ၏အစ်မ ၇-ဖော် “ ဟု အတွင်း တည်ရှိနေသည်။
အကယ်၍ တရုတ်နှင့် အိန္ဒိယသာ စစ်မက်ဖြစ်ပွားခဲ့လျှင် တရုတ်တို့အနေဖြင့် ဖော်ပြပါ တောင်ကြားလမ်းကို ပိတ်ဆို့ယုံနှင့် ညီအမ ၇- ဖော်မှာ တရုတ်လက်တွင်း သက်ဆင်းရန်သာ ရှိတော့သည်။
ထိုအတွက် အိန္ဒိယက မြန်မာနိုင်ငံတွင် “ ကုလားတန်စီမံကိန်း “ ကို အပူတပြင်း အကောင်အထည်ဖော်လျှက်ရှိသည်ဟု ဆိုကြပါသည်။ အိန္ဒိယ၏ ဖွံ့ဖြိုးလူစည်ကားသော ခိုးလ်ကတ္တား၊ ချင်းနိုင်တို့မှ ကုန်စည်များကို ရေလမ်းခရီးဖြင့် စစ်တွေ ရေနက်ဆိပ်ကမ်းတွင် တစ်ထောက်နားမည်။ စစ်တွေမှ ကုလားတန်ုမြစ်ကြောင်းဖြင့် ချင်းပြည်နယ် ပလက်ဝ၊ ထိုမှတဆင့် အိန္ဒိယ မီဇိုရမ်ပြည်နယ်သို့ ပို့ဆောင်ပေးရန်ဖြစ်သည်။
ကုလားတန်စီမံကိန်းမှာ တရုတ်နှင့် အိန္ဒိယတို့အတွက် မဟာဗျူဟာ မြောက် ပထဝီနိုင်ငံရေးဒေသဖြစ်မှန်းမသိ ဖြစ်လာပါသည်။
ကျွန်တော်များ အနောက်တံခါး၀ မငြိမ်သက်မှုများ၏ စပွန်ဆာပေးသည်ဆိုခြင်းများ၏ ဖြစ်နိုင်ခြေနှင့် အလားအလာကိုလည်း တွက်ဆနိုင်မိလိမ့်မည်ထင်ပါသည်။
အစဉ်လေးစားစွာဖြင့်
#HtayOung, #OungMarine
https://www.bbc.com/news/amp/world-asia-52606774
https://www.drishtiias.com/to-the-points/Paper2/india-myanmar-relations
https://www.bbc.com/news/world-asia-53061476
https://www.globaltimes.cn/content/1191846.shtml
#တရုတ်အိန္ဒိယနယ်စပ်တင်းမာမှု #ကုလားတန်စီမံကိန်းနှင့်စပွန်ဆာစစ်ပွဲ