ယဉ်ကျေးမှုအမုန်းတရား မီးမွှေးသူအဖြစ် အမေရိကန်လွတ်လပ်ရေးကြေငြာစာတမ်းကို အဓိကရေးသားခဲ့သူ သောမတ်စ်ဂျက်ဖာဆန်၏ ရုပ်ထုအား အော်ရီဂွန်ဆန္ဒပြသူတို့ ဖြိုလှဲ။ တတိယမြောက် အမေရိကန် သမ္မတအိမ်တော်ပါ လူမည်းကျွန်အမျိုးသမီးနှင့် သောမတ်စ်ဂျက်ဖာဆန်၏ ဒီအင်အေ တွန်သံကြားရခြင်း

အမေရိကန်နိုင်ငံအတွင်း ယဉ်ကျေးမှုကွဲပြားခြင်းကြီးထွားလာစေသူတို့အား ပစ်မှတ်ထားလာသော လူမျိုးကြီးဝါဒီဆန့်ကျင်ရေးသမားတို့သည် အော်ရီဂွန်ပြည်နယ် ပို့လန်မြို့ စာသင်ကျောင်းတစ်ခုရှေ့၌ အထိမ်းအမှတ်အဖြစ် စိုက်ထူထားသော သောမတ်စ်ဂျက်ဖာဆန်၏ နာမည်ကို ဖျက်ဆီး၍ ၎င်း၏ရုပ်တုကိုဖြိုလှဲလိုက်ကြသည်ဟု CNN, Russia Today နှင့် နိုင်ငံတကာမီဒီယာများက ယနေ့ရေးသားသည်။ 

တနင်္ဂနွေနေ့တွင် ပို့လန်မြို့ရှိသောမတ်စ်ဂျက်ဖာဆန် အထက်တန်းကျောင်းရှေ့၌ မြို့တော်တစ်ဝှမ်းမှ လူအင်အား ၁,၀၀၀ ခန့် စုရုံးရောက်ရှိခဲ့ကြပြီး Black Lives Matter BLM အရေး ဟောပြောခြင်း၊ ဆန္ဒပြကြွေးကြော်ခြင်းများ ပြုလုပ်ခဲ့ကြသည်။ ညနေပိုင်းတွင် ပြန်လည်စုရုံးလာသော အဆိုပါ လူမျိုးကြီးဝါဒ ဆန့်ကျင်သူတို့သည် တတိယမြောက် အမေရိကန်သမ္မတနှင့် လွတ်လပ်ရေးကြေညာစာတမ်းကို အဓိကရေးသားသူ၏ ရုပ်ထုအား လည်ပင်းတွင် ကြိုးနှစ်ချောင်းချည်လျှက် “ ကျွန်ပိုင်ရှင်ကြီး “ ဟု လှောင်ပြောင်ရေးထိုးထားသည့် အောက်ခံစင်မြင့်ပေါ်မှ ဆွဲချဖြိုလှဲလိုက်ကြသည်ဆို၏။ 

သတင်းမှတ်တမ်းရုပ်သံ၌ ရုပ်ထုအား ဆွဲငင်ဖြိုလှဲနေသူများကို တွေ့မြင်ရပြီး၊ နောက်ဆုံးတွင် ကွန်ကရစ်ကြမ်းပြင်သို့ ရုပ်ထုပြိုလဲ ကျသွားပုံ၊ ပုဆိန်ဟု ထင်ရသော အရာဝတ္ထုကိုင်ဆောင်ထားသူတစ်ဦးက ကြေးဝါရုပ်ထုအား အကြိမ်ကြိမ်ထုနှက်လိုက်စဉ် ဝမ်းမြောက်ဝမ်းသာ အော်ဟစ်အားပေးနေသည်များကို တွေ့မြင်ကြ ရသည်။ အဆိုပါသတင်းကို ဒစ်ဂျစ်တယ်မီဒီယာတို့က ဖော်ပြသည့်အခါ မှန်ကန်သောလုပ်ရပ်ဖြစ်ကြောင်း၊ အားရဝမ်းသာ ထောက်ခံသူများရှိနေခဲ့သည်။ သို့သော် သောမတ်စ်ဂျက်ဖာဆန်သည် ကျွန်ပိုင်ရှင်တစ်ဦးဖြစ်သည်မှန်သော်လည်း ၎င်း၏ ဘာသာရေးသည်းခံမှုနှင့် လူတစ်ဦးချင်းစီအပေါ် လွတ်လပ်မှုအမြင်များမှာ အမေရိကန်ပြည်ထောင်စု၏ အခြေခံမူများဖြစ်လာခဲ့သည်။ အများစုတို့ကမူ အတိုင်းအတာကျော်လွန်သော လက်သရမ်းဖျက်ဆီးမှုအဖြစ် မှတ်ချက်ပြုကြကြောင်း၊ အချို့ဆိုလျှင် သမိုင်းဖြစ်စဉ်ကို ဆန့်ကျင်လျှက် ရိုင်းစိုင်းသော ပြစ်မှုကျူးလွန်ခြင်းအဖြစ် အော်ရီဂွန်အာဏာပိုင်တို့က အရေးယူရန် တောင်းဆိုကြသည်ဟု သိရှိရသည်။ 

အချို့၏ အမြင်တွင်မူ လူမျိုးကြီးဝါဒဆန့်ကျင်ရာ၌ ဖျက်ဆီး လက်သရမ်းခြင်းများမှာ တရားမျှတသယောင်ဖြစ်လာနေသည်ကို စိတ်ပျက်လျှက်ရှိကြသည်။ လွန်ခဲ့သည့် စနေနေ့၌လည်း ပို့လန်မြို့တည်ထောင်ရာတွင် ဦးဆောင်လမ်းပြဖြစ်သူ ၂-ဦး၏ ဂုဏ်ပြုရုပ်ထုများအား ဆန္ဒပြသူတို့က ဖြိုလှဲခဲ့ပြီးဖြစ်သည်။ မည်သည့်အတွက် ဖြိုလှဲရသည်ကို ရှင်းလင်းစွာ မသိရသေးသော်လည်း လူဖြူတို့အောင်နိုင်ခြင်း ဘုန်းတော်ဘွဲ့အမှတ်အသားများအဖြစ် စွပ်စွဲကာ ပစ်မှတ်ထားခြင်းခံရကြောင်း ဒေသန္တရမီဒီယာတို့က ရေးသားကြသည်။ 

(( ယခုသတင်းတင်ပြသည့်အချိန်ထိ အမေရိကန်၊ ဗြိတိန်နှင့် ဥရောပနိုင်ငံများတွင် BLM အရေးတောင်းဆို ကန့်ကွက်ပွဲများသည် အေးချမ်းစွာဆန္ဒဖော်ထုတ်ခြင်းများရှိသလို လူစုလူဝေးဖြင့် လုယက်ခြင်း၊ ပြောင်လှောင်လက်သရမ်းခြင်း၊ အကြောင်းခိုင်လုံမှုမရှိပဲ မီးတင်ရှို့ခြင်း၊ ဖျက်ဆီးခြင်းများဖြစ်ပေါ်ကြောင်း တွေ့ရှိရသည်။ 

ထိုသို့ မငြိမ်သက်မှုများမှာ ရပ်နားသွားသည်ဟု မတွေ့ရပဲ ပြင်သစ်နိုင်ငံ ဆန္ဒပြစဉ်အတွင် အာရပ်နှင့် ချေချင်းညာတို့၏ လမ်းပေါ်အဓိကရုန်းများ၊ အမေရိကန်တစ်ဝှမ်းလုံးမှ လိင်ပြောင်းလဲထားသူ လူမည်းတို့ ဘရွတ်ကလင်းမြို့တွင် လူထောင်ချီစုဝေးကာ ဆန္ဒဖော်ထုတ်ကြသဖြင့် #Black_ Lives_Matter မှ #Black_Trans_Lives_Matter “ “ လူမည်းတို့ ဘဝရပ်တည်မှု အရေးကြီး “ မှသည် “ ဖြတ်ဖောက်ချုပ်တို့ ဘဝရပ်တည်မှု အရေးကြီး “ ဖြစ်လာခဲ့သည်။ 

၈၈- ရန်ကုန်မြို့ကို ကောင်းစွာသိမှီခဲ့သော ကျွန်တော့်အတွက် ထိုစဉ်က ဒီမိုကရေစီ ချက်ချင်းပေး တောင်းဆိုစဉ် “ အလှဖန်တီးရှင်များ “ ကို သတိရမိပါတော့သည်။ အမေရိကန်အနှံ့ဆူပူမငြိမ်သက်မှုများကို ရဲတပ်ဖွဲ့က ဖြိုခွင်းရာတွင် အမေရိကန်စစ်ဖက်က မသိမသာ- သိသိသာသာ ပါဝင်လာဖြင့် စိုးရိမ်တကြီး ဝေဖန်မှုများကိုလည်း ဖတ်ရှုရသည်။ 

BLM နှင့် လူမျိုးကြီးဝါဒဆန့်ကျင်ရေးမှာ လူကိုလူချင်း ကိုလိုနီပြုခြင်း၊ ကျွန်ကုန်ကူးခြင်း၊ အင်ပါယာချဲ့ထွင်ခြင်း၊ ကိုလိုနီလွတ်လပ်ရေးလှုပ်ရှားသူများအား နှိပ်ကွပ်ရာ၌ ပုလင်းတူ ဗူးဆို့သမိုင်းရှိခဲ့သောနိုင်ငံများ၌ ဖြစ်ပွားနေခြင်းသာ တွေ့ရပါသည်။ တစ်နည်းအားဖြင့် ကမ္ဘာစစ်ကြီးကို ၂-ကြိမ်တိုင်တိုင် မီးမွှေးခဲ့သူများနှင့် ယနေ့တိုင် ကမ္ဘာအရပ်ရပ်၌ “ လူ့အခွင့်ရေး “ နှင့် “ ဒီမိုကရေစီထွန်းကားရေး “ ကို အကြောင်းပြုလျှက် အခြားနိုင်ငံတို့၏ ပြည်တွင်းရေး၌ ဝင်ရောက်စွက်ဖက်ခြင်း၊ ဆုံးမသည်ဟုဆိုကာ စစ်ရေးဖြင့် ကျူးကျော်တိုက်ခိုက်ခြင်း ပြုလုပ်နေဆဲ နိုင်ငံများသာ ဖြစ်နေသည်။  အမှန်တော့လည်း အတိတ်သမိုင်းတွင် လူဖြူတို့သည် အသားအရောင် ရှိသူတို့မှာ ဖွံ့ဖြိုးမှုနိမ့်ကျလွန်းသဖြင့် ကိုလိုနီပြုရပါသည်ဟု ဆင်ခြေပေးခဲ့ကြသည်။ ကျွန်ကုန်ကူးခြင်း၊ လူသားကျွန်များကို ကျွဲနွားတိရစ္ဆာန်ပမာ ခိုင်းစေခြင်း၊ ရောင်းဝယ်ခြင်းများကို တရားဝင် ဥပဒေပြဋ္ဌာန်း၍ ပြုလုပ်ခဲ့သည်မှာ အမှန်ဖြစ်ပါသည်။ လူဖြူ များတွင် ထိုသို့ပြုလုပ်ခွင့်ရှိသည် တရားမျှတသည်ဟု ယုံကြည်ခဲ့ကြသည်။ 

DNA နှင့် မျိုးရိုးဗီဇအကြောင်းကို စိတ်ဝင်စားသော ကျွန်တော်သည် ၁၉၉၈-ခုနှစ် နိုဝင်ဘာလတွင် မျိုးရိုးဗီဇ သုတေသနနှင့် ပတ်သက်၍ အလွန်ထူးဆန်းသော သတင်းတစ်ပုဒ်ကိုဖတ်ရှု့ခဲ့ရသည်။ ထိုသတင်းမှာ ယခုသောမတ်စ်ဂျက်ဖာဆန်ရုပ်ထု ဖြိုလှဲချခံရခြင်းနှင့်လည်း ဆက်နွယ်လျှက်ရှိသည်။ 

“ အမေရိကန်သမ္မတဟောင်း သောမတ်စ်ဂျက်ဖာဆန်၏ အိမ်တော်ပါ လူမည်းကျွန်မျိုးရိုးမှ ဆင်းသက်လာသူများတွင် တတိယမြောက်သမ္မတကြီး၏ မျိူးရိုးဗီဇ DNA ကို တွေ့ရှိရကြောင်း” သတင်းဖြစ်ပါ၏။ သောမတ်စ်ဂျက်ဖာဆန်ပိုင် လူမည်းကပြား ကျွန်အမျိုးသမီး ရှရာရှယ်လီဟမ်းမင်း၏ သားသမီး ၆-ဦးတွင် ၁-ဦး မှာ သမ္မတကြီး၏ ရင်သွေးဖြစ်သည်ကို မျိုးရိုးဗီဇ DNA သုတေသနပညာရှင်တို့က တွေ့ရှိကြောင်း The New York Times ( Nov.1, 1998 ) က ရေးသားပါသည်။ 

အသက် ၂၈-နှစ်အရွယ် ကျွန်မငယ်နှင့် သမ္မတကြီးတို့ ဆက်သွယ်မှုမရှိကြောင်း သမိုင်းရေးသားချက်များမှာ မှန်ကန်ခြင်းမရှိကြောင်း Tufts တက္ကသိုလ်မှ အငြိမ်းစားရောဂါဗေဒပညာရှင် ယူဂျင်းဖော်စတာက ၎င်းစုဆောင်းထားသည့် သွေးနမူနာများအား သက်သေပြခဲ့ကြောင်း သတင်းဖြစ်ပါသည်။ ။ သတင်းဘာသာပြန်သူ )) 

#သောမတ်စ်ဂျက်ဖာဆန်၏ရုပ်ထုအား_ပိုလန်ဆန္ဒပြသူတို့ဖြိုလှဲ။ #တတိယမြောက်အမေရိကန်သမ္မတအိမ်တော်ပါ_လူမည်းကျွန်အမျိုးသမီးနှင့်သောမတ်စ်ဂျက်ဖာဆန်၏ဒီအင်အေ 

((( Russia Today., 15 Jun, 2020 ,” Portland protesters topple statue of Thomas Jefferson, father of the Declaration of Independence, as culture war heats up (VIDEO).” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ ))) 

https://www.rt.com/usa/491837-jefferson-portland-statue-video-topple/ 
https://edition.cnn.com/2020/06/14/us/black-trans-protests/index.html 
https://www.nytimes.com/1998/11/01/us/dna-test-finds-evidence-of-jefferson-child-by-slave.html 
https://str8talkmagazine.com/index.php/2020/02/15/slave-quarters-of-sally-hemings-the-maid-who-gave-birth-to-six-of-thomas-jeffersons-children/ 

0

Leave a Reply

Your email address will not be published.