ယီမင်တွင် အစိုးရထိန်းချုပ် နယ်မြေများအတွက် အသစ်ဖွဲ့စည်းလိုက်သော ကဲဘိနက်အဖွဲ့ဝင်များ ဆော်ဒီမှ ဆိုက်ရောက်လာချိန် လေဆိပ်၌ တိုက်ခိုက်ခံရ၊ နိုင်ငံတကာ ကြက်ခြေနီဝန်ထမ်း ၁-ဦး သေ ၂-ဦးပျောက်ဆုံး၊ အီရန်ကျောထောက်နောက်ခံပြု ဟူသီသူပုန်တို့က ၎င်းတို့တွင် တာဝန်မရှိဟု ငြင်းဆို


ဗုဒ္ဓဟူးနေ့ ယီမင်နိုင်ငံ အေဒင်လေဆိပ်၌ ဖြစ်ပွားသော တိုက်ခိုက်ခံရမှုတွင် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC) မှ အနည်းဆုံး ဝန်ထမ်း ၁ – ဦး သေဆုံး၍ ၂-ဦးကို ရှုာမတွေ့ရသေးကြောင်း အေဂျင်စီက အတည်ပြုသည်ဟု Russia Today က ယနေ့ရေးသားသည်။ 

..
အစိုးရထိန်းချုပ် ယီမင်နယ်မြေများအတွက် အသစ်ဖွဲ့စည်းလိုက်သော ကဲဘိနက်အဖွဲ့ဝင်များလိုက်ပါလာသည့် လေယာဉ်ဆိုက်ရောက်ပြီး များမကြာမီ လေဆိပ်တွင် ပစ်ခတ်ပေါက်ကွဲမှုများဖြစ်ပွားခဲ့ရာ ထိခိုက်ဒါဏ်ရာရရှိသူ ၂၀ ကျော်ကြောင်း သိရှိရသည်။

..    
လေဆိပ်တိုက်ခိုက်မှုမှ လွတ်မြောက်လာသည့် ကဲဘိနက်အဖွဲ့ဝင်များ ဘေးကင်းစွာရှိနေသည့် သမ္မတနန်းတော်အနီးတွင် ဒုတိယမြောက် ပေါက်ကွဲသံကို ကြားကြရသည်။ တိုက်ခိုက်မှုသည် ယီမင်အရာရှိများ ဆော်ဒီအာရေးဗီးယားနိုင်ငံ ရီယာ့ဒ့်မြို့မှ ပြန်လည်ဆိုက်ရောက်ချိန် အေဒင်လေဆိပ်တွင် ဖြစ်ပွားခဲ့သည်။ ကျမ်းသစ္စာကျိန်ဆိုပြီး ယီမင်ညွန့်ပေါင်းအစိုးရ အဖွဲ့ဝင်သစ်များသည် ရီယာ့ဒ်မြို့တွင် ဆော်ဒီ၏ ကြားဝင်စေ့စပ်မှုဖြင့် ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ခဲ့ကြသည်ဆို၏။

..   
ဗုဒ္ဓဟူးနေ့တွင် ICRC က ၎င်း၏ Twitter စာမျက်နှာ၌ သတင်းများ ဆက်တိုက်တင်ခဲ့ရာ ဝန်ထမ်း ၁-ဦးသေဆုံး၊ ၃-ဦး ဒါဏ်ရာရရှိ၍ ၂-ဦး ပျောက်ဆုံးလျှက်ရှိကြောင်း၊ ICRC ဝန်ထမ်းများသည် အခြားအရပ်သားများနှင့်အတူ ဖြတ်သန်းသွားလာနေခိုက်ဖြစ်ကြောင်း၊ ယီမင်ပြည်သူတို့အတွက် ဝမ်းနည်းဖွယ် နေ့တစ်နေ့ဖြစ်ပြီး၊ ထိခိုက်ပျက်စီးရသူများနှင့် ၎င်းတို့၏ မိသားစုဝင်များအတွက် ဝမ်းနည်းကြေကွဲရသည်ကို စိတ်ရင်းမှန်ဖြင့် ပြောကြားလိုက်ပါကြောင်း၊၊ ဒါဏ်ရာရရှိသူအားလုံးတို့မှာလည်း အမြန်ပြန်လည် ကျန်းမာလာလိမ့်မည်ဟု မျှော်လင့်ပါကြောင်း ဖော်ပြထားသည်။

..   
ယီမင်အစိုးရသစ်တွင် ဆော်ဒီက ညှိနှိုင်းပေးခဲ့သူများ၊ ယူအေအီးက ပံ့ပိုးပေးထားသူများနှင့် တောင်ပိုင်းအသွင်ကူးပြောင်းရေးကောင်စီဝင်များ အပါအဝင် အတိုက်အခံနိုင်ငံရေးအုပ်စုတို့ ပါဝင်သည်။ စစ်ဒဏ်သင့် ယီမင်တွင် အမျိုးသားပြန်လည်စည်းလုံးညီညွတ်ရေးအတွက် တွန်းအားဖြစ်စေရန် ထိုသို့ ဖွဲ့စည်းခြင်းဖြစ်ကြောင်း သိရှိရသည်။ 

..
ယီမင်မြောက်ပိုင်းနှင့် ဆန်နားမြို့တော်ကို ထိန်းချုပ်ထားသည့် အီရန် ကျောထောက်နောက်ခံပြု ဟူသီသူပုန်တို့က လေဆိပ်တိုက်ခိုက်မှုအတွက် ၎င်းတို့တွင် တာဝန်မရှိကြောင်း ဗုဒ္ဓဟူးနေ့ စောစောပိုင်း၌ ငြင်းဆိုခဲ့သည်။

..  
(( အရှေ့အလယ်ပိုင်းနိုင်ငံ ယီမင်သည် အာရေဗျကျွန်းဆွယ်အနောက်တောင်ပိုင်း၊ စူးအက်တူးမြောင်းအဝင် ပင်လယ်နီနှင့် ထိစပ်လျှက် ပထဝီနိုင်ငံရေးအရ မဟာဗျူဟာမြောက် ဒေသဖြစ်သည်။ 
အတိတ်သမိုင်းတွင် ယီမင်သည် ယခုအီသီယိုပီးယားနှင့် အီရစ်ထရီးယားတို့ ပါဝင်သော ကုန်သွယ်ရေးနိုင်ငံ ဖြစ်သည်။ ၄-ရာစုနှစ်တွင် ခရစ်ယာန်ဘာသာရောက်ရှိလာပြီး ၇-ရာစုနှစ်တွင် အစ္စလာမ်ဘာသာပြန့်နှံ့လာသည်။ မွတ်စလင်တို့၏ အောင်ပွဲများတွင် ယီမင်တပ်များမှာ အလွန်အရေးပါခဲ့သည်။ ၉-ရာစုမှ ၁၆-ရာစုအတွင်း မင်းဆက်များလက်ထက်၌ အင်အားအကောင်းဆုံးနှင့် အတိုးတက်ဆုံးဖြစ်သည်။ ၂၀-ရာစု စောစောပိုင်းတွင် ယီမင်သည် အော်တိုမန်နှင့် ဗြိတိသျှအင်ပါယာအဖြစ် နှစ်ပိုင်းကွဲသွားသည်။ မြောက်ပိုင်းသည် ပထမကမ္ဘာစစ်အပြီးမှ ၁၉၆၂-ခုနှစ် ယီမင်အာရပ်သမ္မတနိုင်ငံပေါ်ပေါက်လာချိန်အထိ #မူတာဝါကီလိုက်ဘုရင့်နိုင်ငံတော် ဖြစ်သည်။ #ဗြိတိသျှထိန်းသိမ်းစောင့်ရှောက်ခံ တောင်ပိုင်းယီမင်သည် လွတ်လပ်သောပြည်နယ်ဖြစ်လာပြီးနောက်ပိုင်း #မာက်စ်ဝါဒ – လီနင်အတွေးအခေါ်တိုဖြင့် နိုင်ငံထူထောင်သည်။ 

..  
၁၉၉၀-ခုနှစ်တွင် တောင်နှင့်မြောက်ယီမင်တို့ ပေါင်းစည်းသည့် #ခေတ်သစ်ယီမင်သမ္မတနိုင်ငံ တွင် အလီအဗ္ဗဒူလာဆာလီမှာ ပထမဆုံး သမ္မတဖြစ်လာသည်။ ဆာလီလက်ထက် ယီမင်သည် ဆွေမျိုးသားချင်းကောင်းစားရေး၊ အာဏာရှင်က နိုင်ငံဘဏ္ဍာများအား ထင်သလို ခိုးဝှက်သည့် Kleptocracy “ ကလက်တိုကရေစီဝါဒ “ထွန်းကားသည်။ တူနီရှားနိုင်ငံမှ စတင်သော #အာရပ်နွေဦးသည် ၂၀၁၁-၂၀၁၂-ခုနှစ်များတွင် ယီမင်သို့ ကူးစက်လာကာ ဆင်းရဲမွဲတေမှု၊ အကျင့်ပျက်ခြစားမှု၊ အလုပ်လက်မဲ့ ထူပြောမှုနှင့် အာဏာသက်ဆိုးရှည်ရေး သမ္မတဆာလီပြင်ဆင်မည့် ဖွဲ့စည်းပုံကို ဆန့်ကျင်ကန့်ကွက်သည့် လမ်းပေါ်လူထုဆန္ဒပြပွဲများ ဆက်တိုက် ဖြစ်လာသည်။ ယီမင်အား ၃၃-နှစ်ကြာ ကြိုးကိုင်ခဲ့သည့် သမ္မတဆာလီမှာလည်း အတိုက်အခံများအား စေ့စပ်သည့် အနေဖြင့် ၂၀၁၂-ခုနှစ်တွင် ဒုတိယသမ္မတအဖြစ် ရွေးကောက်ခြင်းခံရသူ အဗ္ဗဒရာဘူမန်မာဟာဒီကို အာဏာလွှဲပြောင်းပေးလိုက်ရသည်။ ယီမင်သည် အာရေဗျကျွန်းဆွယ်အား ခြိမ်းခြောက်လာသော #အယ်လ်ကိုင်ဒါ အကြမ်းဖက်အဖွဲ့အပြင် မြောက်ပိုင်းတွင် နှစ်ပေါင်းများစွာပုန်ကန်ဆန့်ကျင်လျှက်ရှိသည့် ဟူသီစစ်သွေးကြွ များနှင့် ရင်ဆိုင်နေရသည်။ 

..
၂၀၁၄-ခုနှစ် စက်တင်ဘာတွင် ဟူသီပုန်ကန်မှုမှာ ပြည်တွင်းစစ်အသွင် လုံးဝကူးပြောင်းသွားပြီး မြို့တော် ဆာနားကိုလည်း ဟူသီတို့က ဝင်ရောက်တိုက်ခိုက်ကာ ပါလီမန်ဖျက်သိမ်း၍ ညီညွတ်သော အစိုးရဖွဲ့စည်းရေး အပါအဝင် အခြား နိုင်ငံရေးအချက်အလက်များကို ညှိနှိုင်းရန် အတင်းအကျပ်ဖိအားပေးခဲ့သည်။ သို့သော် အေဒင်သို့ ထွက်ပြေးလွတ်မြောက်သွားသော ဟာဒီက ၎င်းသာလျှင် ယီမင်၏ တရားဝင်သမ္မတဖြစ်ကြောင်းနှင့် အေဒင်မှာ ယာယီမြို့တော်ကြောင်း ကြေညာခဲ့သည်။ သစ္စာရှိအစိုးရအရာရှိများနှင့် စစ်ဘက်တပ်ဖွဲ့ဝင်များအား ၎င်းနှင့် ပူးပေါင်းရန်တောင်းဆိုလိုက်သည်။ 

..
BBC ၏ အဆိုအရ ၂၀၁၅ မတ်လတွင် အေဒင်သို့ ထွက်ပြေးသွားသည်ဆိုသော သမ္မတဟာဒီသည် ဆော်ဒီသို့ရောက်ရှိနေခဲ့ပြီး ထိုစဉ်ကတည်းက ဆော်ဒီအာဏာပိုင်များက ယီမင်အားလေကြောင်းမှ တိုက်ခိုက်ခြင်း စတင်ခဲ့ကြောင်း သိရှိရသည်။

.. 

ယီမင်ပြည်တွင်းစစ်ဆိုသည်မှာ သမ္မတဟာဒီလိုလားသော ဆွန်နီဆော်ဒီဦးဆောင် ဆွန်နီညွန့်ပေါင်းအုပ်စုနှင့် ရှီအာအီရန်ကျောထောက်နောက်ခံပြု ဟူသီသူပုန်များ၊ သမ္မတဟောင်းဆာလီသစ္စာခံတပ်များ၏စစ်ပွဲ၊ တစ်နည်းအားဖြင့် ဆော်ဒီအုပ်စုနှင့် အီရန်အုပ်စုတို့၏ ( ဆီးရီးယားပြီးလျှင် ဒုတိယမြောက် ) #ကိုယ်စားပြုစစ်ပွဲ Proxy way သာလျှင်ဖြစ်သည်။ ဆီးရီးယားနည်းတူ ဒေသန္တရအယ်လ်ကိုင်ဒါများဖြစ်သည့် #အန်ဆာအယ်လ်ရှာရီယာနှင့် #အစ္စလာမ်နိုင်ငံတော်ထူထောင်သူ ISIL-YP တို့လည်းပါဝင်ရာ အုပ်စု ၃-စု အပြန်အလှန်တိုက်ခိုက်နေကြခြင်းဖြစ်သည်။

..  
၆-နှစ်ကျော်လာပြီဖြစ်သော စစ်ပွဲတွင် ကလေးငယ် ၂၇၀၀ ကျော်နှင့် ဆော်ဒီ-ယီမင်နယ်စပ် အရပ်သား ၅၀၀ ကျော်အပါအဝင် စုစုပေါင်း ၉၁,၆၀၀ ကျော်သေဆုံးခဲ့ရပြီးဖြစ်သည်။ လူ့အခွင့်အရေး နတ္ထိ၊ နယ်မြေအများစုတွင် တရားဥပဒေစိုးမိုးမှုမရှိ၊ သောက်ရေ၊ ဆေးဝါးနှင့် စားနပ်ရိက္ခာအတွက် နိုင်ငံတကာအကူအညီပေးရေးအဖွဲ့များကိုသာ မှီခိုနေရသည်။ 

..

ယနေ့ ယီမင်သည် ငတ်မွတ်ခြင်း၊ အစာရချို့တဲ့ခြင်းနှင့် ကာလဝမ်းကဲ့သို့ ရောဂါပေါင်းစုံနှိပ်စက်၍ နေ့စဉ်ကလေးငယ်များစွာ သေဆုံးနေရသည်။ လူတိုင်း လက်နက်ကိုယ်စီကိုင်ဆောင်သည့် Failed State “ ကျဆုံးတိုင်းပြည် “ ဖြစ်သွားသည်။  ။ သတင်းဘာသာပြန်သူ )) 
..
#ယီမင်အစိုးရအဖွဲ့သစ်နှင့်အေဒင်လေဆိပ်ပစ်ခတ်မှု #ယီမင်ပဋိပက္ခနှင့်ပြည်တွင်းစစ်  ..
((( Russia Today., 30 Dec, 2020 , “International Red Cross worker killed in Yemen airport attack, 2 missing.”ကို #HtayOung, #OungMarine ဆီလျောအောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။))) 
.. 
https://www.rt.com/news/511152-yemen-aden-airport-attack-icrc/ 
https://www.rt.com/news/511104-yemen-explosion-new-government-aden/ 
https://www.rt.com/news/511132-yemen-aden-second-blast-palace/ 
https://web.archive.org/web/20170616171932/http://www.yementimes.com/en/1550/opinion/488/Why-most-Yemenis-should-despise–ex-president-Ali-Abdullah-Saleh.htm 
https://www.bbc.com/news/world-middle-east-32078817 
https://saudigazette.com.sa/article/524562/SAUDI-ARABIA/Arab-Coalition-83-ballistic-missiles-fired-by-Houthis-toward-Saudi-Arabia-so-far 
https://apnews.com/article/b28a2bdb1b01413689e05a7204e6ea90 

0

Leave a Reply

Your email address will not be published.