ယူကရိန်းခရီးသည်တင်လေယာဉ် အီရန်လေယာဉ်ကွင်းမှ ပျံတက်စဉ် မီးလောင်ပျက်ကျ။ လေယာဉ်ပေါ် လိုက်ပါသူအားလုံး သေဆုံး။ အီရန်က အီရတ်ရှိအမေရိကန်စစ်စခန်းများအား ဒုံးကျည်ဖြင့် ပစ်ခတ်မှု့ စစ်ရေးအရှုတ်အထွေးကာလနှင့် ထူးခြားစွာတိုက်ဆိုင်။

ယူကရိန်းလေကြောင်းလိုင်းပိုင် Boeing 737-800 ခရီးသည်တင်လေယာဉ်မှာ ခရီးစဉ်အမှတ် PS752 သည် အီရန်နိုင်ငံ အီမန်ခိုမေနီ အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ပျံတက်ပြီးနောက် အင်ဂျင်ချို့ယွင်းမှု့ဖြစ်ပေါ်သဖြင့် မိနစ်အနည်းငယ်အတွင်း မြေပြင်သို့ ထိုးစိုက်ပျက်ကျသဖြင့် လေယာဉ်ပေါ်လိုက်ပါသူအားလုံး သေဆုံးကြောင်း အီရန်လေကြောင်းဆိုင်ရာ တာဝန်ရှိသူများက ပြောဆိုသည်ဟု Russia Today က ယနေ့ရေးသားသည်။

လေယာဉ်မှာ ဝေဟင်၌ ပျံသန်းနေစဉ် မီးစွဲလောင်ခဲ့ကြောင်း အီရန်လေကြောင်းဆိုင်ရာ လူထုဆက်ဆံရေးဌာန၏ အဆိုကို ဒေသန္တရမီဒီယာများ၌ ဖော်ပြသည်။ ဗုဒ္ဓဟူးနေ့ နံနက်ဒေသစံတော်ချိန် ၆-နာရီခန့်၌ ရှာဟီရာနှင့် ပါရန်းမြို့တို့ အကြား မြေပြင်သို့ ထိုးကျပျက်စီးသွားရသော ယူကရိန်းလေယာဉ်မှာ အင်ဂျင်စက်ပိုင်းဆိုးရွားစွာ ချို့ယွင်းမှု့ကြောင့် ဖြစ်ပုံရသည်ဆို၏။

ယူကရိန်းနိုင်ငံတကာလေကြောင်းလိုင်း ( UIA ) ပိုင် အဆိုပါခရီးသည်တင်လေယာဉ်တွင် လေယာဉ်အမှု့ထမ်း ၉-ဦး၊ ခရီးသည် ၁၆၇ -ဦးတို့ လိုက်ပါသွားကြရာ အများစုမှာ အီရန်နိုင်ငံသားများဖြစ်ကြောင်း အီရန်မြို့ပြ လေကြောင်းပျံသန်းမှု့ဆိုင်ရာအဖွဲ့က ပြောဆိုသည်။

ယနေ့ လူမှု့ကွန်ယက်တွင် ပျံနှံ့လျှက်ရှိသော ဗွီဒီယိုရုပ်သံတွင် ပျက်ကျယူကရိန်းခရီးသည်တင်လေယာဉ်ဟု ယူဆရသည့် အရာဝတ္ထုမှာ ကောင်းကင်မှ ကျလာသော မီးလုံးကြီးကြောင့် မြေပြင်သို့ ထိုးစိုက်ပျက်စီးသွားဟန် သံသယရှိဖွယ် တွေ့မြင်ရသည်။

အမေရိကန်က မောင်းသူမဲ့လေယာဉ်အသုံးပြုလုပ်ကြံခြင်းကြောင့် အီရန်အထူးတိုက်ခိုက်ရေးတပ်မှူးသေဆုံးခဲ့ရသည်။ မိမိတို့၏ ရဲ့ဝန့်ပြောင်မြောက်သော စစ်သည်တော် ကျဆုံးရသည့် အမေရိကန်၏ နိုင်ငံတော်အဆင့် အကြမ်းဖက်လူသတ်မှု့အား လက်တုန့်ပြန်သောအားဖြင့် အီရတ်ရှိ အမေရိကန်လေတပ်အခြေစိုက်စခန်းကို တိုက်ချင်းပစ် ဒုံးပျံများအသုံးပြုတိုက်ခိုက်ကြောင်း အီရန်က ယနေ့သတင်းထုတ်ပြန်သည်။

အီရတ်ရှိ အမေရိကန်ဦးဆောင်ညွန့်ပေါင်းလေတပ်စခန်း ၂-ခုကို အီရန်က ဒုံးကျည်များဖြင့် ပစ်ခတ်ကြောင်း ပင်တာဂွန်စစ်ဋ္ဌာချုပ်က အတည်ပြုသည်။ အမေရိကန် ဖက်ဒရယ်လေကြောင်းညွှန်ကြားမှု့ဋ္ဌာန (FAA ) အမေရိကန်နိုင်သားတို့အနေဖြင့် အီရန်-အီရတ်ဝေဟင်၊ ပါရှား- အိုမန်ပင်လယ်ကွေ့ရေပြင်တို့၌ ပျံသန်း-ခုတ်မောင်းခြင်းမပြုလုပ်ရန် တားဆီးကြောင်း သတင်းထုတ်ပြန်ခြင်းနှင့် ယခု ယူကရိန်းခရီးသည်တင်လေယာဉ် ပျက်ကျခြင်းတို့မှာ တိုက်ဆိုင်လျှက်ရှိသည်။

လောလောဆယ်တွင် ရုရှားသမ္မတ ဗလာဒီမာပူတင်သည် တူရကီနိုင်ငံ၌ ရောက်ရှိနေသည်။ ရုရှားသမ္မတသည် တူရကီ-ရုရှား မဟာဓါတ်ငွေ့ပိုက်လိုင်းဖွင့်ပွဲအခန်းအနားတက်ရောက်ရန် တူရကီတွင်ရောက်ရှိနေခြင်းဖြစ်ပြီး တူရကီသမ္မတနှင့် တွေ့ဆုံသည့်အခါ ဆီးရီးယားပြည်တွင်းစစ်အရေး၊ လစ်ဗျား-တူရကီထိပ်တိုက်တွေ့မှု့အပြင် အီရန်က အီရတ်ရှိအမေရိကန်လေတပ်အခြေစိုက်စခန်းများအား ဒုံးကျည်ဖြင့်ပစ်ခတ်ခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သည့် ဒေသတွင်းလုံခြုံရေးဆိုင်ရာ ကိစ္စရပ်များအား ဆွေးနွေးကြဖွယ်ရှိသည်ဟု Russia Today က အခြားသတင်းတစ်ပုဒ်တွင် ယနေ့ဖော်ပြထားသည်။

ရုရှားနိုင်ငံပင်လယ်နက်ဒေသမှ တူရကီနိုင်ငံသို့ မဟာသဘာဝဓါတ်ငွေ့ပိုက်လိုင်းသွယ်တန်းခြင်းကြောင့် အမေရိကန်က စီးပွားရေးဒါဏ်ခတ်ပိတ်ဆို့လာခဲ့လျှင် တူရကီကလည်း ပြင်းထန်စွာ လက်တုန့်ပြန်ရလိမ့်မည်ဟု အာဒိုဂန်က ကြုံးဝါးလျှက်ရှိသည်။

အီရန်နိုင်ငံအနေဖြင့် စစ်မက်ဖြစ်ပွားရန်နှင့် စစ်ရေးတင်းမာမှုမြင့်မားလာစေရန် လုံးဝဆန္ဒမရှိသော်လည်း အီရတ်ရှိအမေရိကန်စစစ်စခန်းများအား ဒုံးကျည်ဖြင့် ပစ်ခတ်ရခြင်းမှာ မိမိကိုယ်မိမိ ခုခံကာကွယ်ခြင်းသာဖြစ်၍ တရားဝင်ကြောင်း အီရတ်နိုင်ငံခြားရေဝန်ကြီး မိုဟာမက်ဂျာဗက်ဇာရဇ်က ယနေ့ပြောဆိုသည်။

အီရတ်ရှိ အယ်လ်အဆဒ်နှင့် အားဘီအနီး အမေရိကန်စစ်စခန်းတို့အား ချိန်ရွယ်ပစ်ခတ်ခြင်းမှာ ကုလသမဂ္ဂ ပဋိဉာဏ်စာတမ်း အပိုဒ် ၅၁ ပါ “ မိမိကိုယ်မိမိ ခုခံကာကွယ်ရန် အချိုးညီဆီလျှော်အင်အား အသုံးပြုခြင်း “ သာ ဖြစ်ကြောင်း၊ အမေရိကန်အနေဖြင့် နာကျင်စွာခံစားရလျှက် ချေမှုန်းခြင်း ခံရလိမ့်မည်ဖြစ်ကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီးက ပြောဆိုသည်။

အီရန်ပါလီမန်ကလည်း အမေရိကန်ပင်တာဂွန်စစ်ဋ္ဌာနချုပ်ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ်သတ်မှတ်သည့် ဥပဒေကြမ်းအား အတည်ပြုလိုက်သည်။ အမေရိကန်အနေဖြင့် မိမိတို့အား ဗုံးကြဲခြင်းကဲ့သို့ ရန်စမှု့တစ်စုံတစ်ရာ ပြုလုပ်လာခဲ့လျှင် မိမိတို့ကလည်း ဒူဘိုင်း ( ယူအေအီး )၊ ဟိုင်ဖာ ( အစ္စရေး ) နှင့် ဒေသတွင်းသာမက အမေရိကန်ပြည်မကြီး ကုန်းတွင်းပိုင်းအထိ အကျိုးစီးပွားတည်ရာတို့ကို လက်တုန့်ပြန် တိုက်ခိုက်သွားမည်ဟု အီရန် အစ္စလာမ်မစ်တော်လှန်ရေးအစောင့်တပ်မတော်က ကြုံးဝါးလျှက်ရှိသည်။

ကုလသမဂ္ဂအစည်းအဝေးတက်ရောက်မည့် အီရန်နိုင်ငံခြားရေးဝန်ကြီးအား ဗီဇာထုတ်ပေးရန် ငြင်းပယ်သည်ဆိုသည့် သတင်းမှာ မှန်ကန်ခြင်းမရှိကြောင်း အမေရိကန်က ပယ်ချလိုက်ပြီး၊ အီရန်၏ ရန်လိုမှု့ကို ဆီလျှော်သောနည်းလမ်းများဖြင့် တုန့်ပြန်မည်ဖြစ်ကြောင်း ပြောကြားသည်။

(( ကာဆင်စူလမန်နီလုပ်ကြံခံရသည့် နောက်ဆက်တွဲအခြေအနေမှာ အီရန်အတွက် အင်အားချင်းမမျှသည့်တိုင် ဂုဏ်သိက္ခာအတွက် စစ်ပွဲသို့ တွန်းပို့ရာရောက်ခဲ့သည်။ အီရတ်အမေရိကန်စစ်စခန်းများအား ဒုံးကျည်ဖြင့် ပစ်ခတ်သည်ကို အမေရိကန်က တုန့်ပြန်ပစ်ခတ်လာခဲ့လျှင်လည်း အီရန်အတွက် ရွေးချယ်ရန်နည်းလမ်း များများစားစား မရှိချေ။ ကိုယ်တိုင်စောစီးစွာ ချေမှုန်းမခံရအောင် အားထုတ်ရာတွင် ဒေသတွင်းနိုင်ငံများကိုပါ စစ်ပွဲအတွင်း ဆွဲသွင်းသလိုဖြစ်ရလျှက် နိုင်ငံစုံ-ဘက်စုံ-အလုံးစုံ စစ်ပွဲသို့ ဦးတည်သွားနိုင်ပါသည်။ ။ သတင်းဘာသာပြန်သူ ))

((( Russia Today., 8 Jan, 2020,” Engine fire led to Ukrainian Boeing 737 crash in Iran – airport official.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ )))

https://www.rt.com/news/477693-engine-catching-fire-crash/

https://www.rt.com/news/477688-iran-plane-crash-video/

https://www.rt.com/news/477687-iran-ukrainian-plane-crash/

https://www.rt.com/news/477695-putin-turkey-erdogan-meeting/

https://www.rt.com/news/477685-iran-proportionate-self-defense-zarif/


0

Leave a Reply

Your email address will not be published.