ယူကရိန်းခရီးသည်တင်လေယာဉ်အား တမင်ရည်ရွယ်ခြင်းမရှိပဲ ပစ်ချမိခဲ့ကြောင်း အီရန် ဝန်ခံ။ ခွင့်လွှတ်နိုင်ဖွယ်မရှိ၊ အလွန်ဆိုးရွားသည့် လူ့အမှားယွင်းမှု့ကြောင့် သေဆုံးသူနှင့် မိသားစုတို့အတွက် ဝမ်းနည်း၊ ထိရောက်စွာ အပြစ်ပေးအရေးယူမည်ဟု အီရန် ကတိပြု

မကြာသေးခင်က တဟီရန်ဝေဟင်တွင် ပျက်ကျသွားသော ယူကရိန်းခရီးသည်တင်လေယာဉ်မှာ လေကြောင်း ကာကွယ်ရေးစံနစ်နှင့် အလွန်နီးကပ်စွာ ပျံသန်းနေခိုက် မိမိတို့၏ “ လူ့အမှားအယွင်း “ ကြောင့် မတော်တဆ ခလုပ်နှိပ်မိပြီး မစ်ဆိုင်းလ်ထိမှန်သွားခြင်းဖြစ်ကြောင်း အီရန်က ဝန်ခံသည်ဟု Russia Today က ယနေ့ရေးသားသည်။

အီရန်စစ်ဖက်၏ သတင်းထုတ်ပြန်ချက်ကို မီဒီယာများက ဖော်ပြကြရာတွင် ဗုဒ္ဓဟူးနေ့ပျက်ကျသွားသော ခရီးသည်တင်လေယာဉ်မှာ အင်ဂျင်မီးလောင်ခြင်းကြောင့်မဟုတ်ပဲ မစ်ဆိုင်းလ်ထိမှန်ခြင်းကြောင့်ဖြစ်ကြောင်း အီရန် အာဏာပိုင်တို့၏ ပထမဆုံးအကြိမ် ဝန်ခံခြင်းဖြစ်လာသည်။ အဆိုပါကြေညာချက်တွင် တမင်ရည်ရွယ်ခြင်းမရှိပဲ လုပ်ဆောင်မိခဲ့ခြင်းဖြစ်ပြီး ထိုအမှားအယွင်းအတွက် တာဝန်ရှိသူတို့ကို ဖမ်းဆီးထားကြောင်း၊ အီရန် ဥသျှောင် အယာတိုလာ အလီခါမေနီနှင့် သမ္မတဟာစန်ရောဟနီတို့ကလည်း ခွင့်လွှတ်နိုင်ဖွယ်မရှိ၊ အလွန်ဆိုးရွားသည့် မှားယွင်းမှု့တွင် ထိရောက်သော အပြစ်ပေးအရေးယူမှု့များ ဆောင်ရွက်ရန် ဆက်လက်စုံစမ်းစစ်ဆေးမည်ဖြစ်ကြောင်း၊ သေဆုံးကြရသူများနှင့် ၎င်းတို့၏ မိသားစုဝင်များအတွက် ဝမ်းနည်းကြေကွဲရပါကြောင်း သတင်းထုတ်ပြန်သည်။

ယူကရိန်းလေယာဉ်၏ ကံကြမ္မနှင့် ပတ်သက်၍ လေကြောင်းရန်ကာကွယ်ရေးမစ်ဆိုင်းလ်ထိမှန်ပြီး လေယာဉ်ပျက်ကျရခြင်းဖြစ်ကြောင်း အမေရိကန်နှင့် ကနေဒါတို့က အခိုင်အမာပြောဆိုလျှက်ရှိစဉ် မီဒီယာများကလည်း ၎င်းအတိုင်း သတင်းရေးသားနေခိုက် အီရန်က ယခုကဲ့သို့ ဝန်ခံခြင်းဖြစ်သည်။ စောစောပိုင်းတွင်မူ မဟုတ်မမှန်ကြောင်း အီရန်က ပယ်ချ၍ အမေရိကန်နှင့် အမေရိကန်စစ်ဖက်၏ ကန်ထရိုက်များ ရယူထားသည့် ဘိုးရင်းကုမ္ပဏီတို့လက်သို့ ပျက်ကျလေယာဉ်၏ Black Box အား ပေးအပ်ရန် ငြင်းဆိုသောကြောင့် အခြေအနေရှုတ်ထွေးခဲ့ရသည်။

၎င်းတို့တပ်မှူး ကာဆင်စူလမန်နီအား လုပ်ကြံသတ်ဖြတ်သည့်အတွက် အီရတ်နိုင်ငံရှိ အမေရိကန်အခြေစိုက်စခန်းများသို့ အီရန်က မစ်ဆိုင်းလ်များပစ်လွှတ်လက်တုန့်ပြန်ခိုက် ယူကရိန်းခရီးသည်တင်လေယာဉ် ပျက်ကျသွားခဲ့ဖြစ်သည်။ နောက်ဆက်တွဲ အီရန်-အမေရိကန် စစ်ရေးပေါက်ကွဲလုနီးဖြစ်ခဲ့ရပြီး စစ်ဖြစ်ပွားပါက စစ်ဧရိယာကျယ်ပြန့်လာနိုင်သည်ကို ဒေသတွင်းသာမက နိုင်ငံတကာတို့က စိုးရိမ်တကြီးဖြစ်ခဲ့ရသည်။

ဗုဒ္ဓဟူးနေ့ နံနက်ဒေသစံတော်ချိန် ၆-နာရီခန့်၌ ယူကရိန်းလေကြောင်းလိုင်း ( UIA ) ပိုင် Boeing 737-800 ခရီးသည်တင်ဂျက်လေယာဉ် ခရီးစဉ်အမှတ် PS 752 သည် အီရန်နိုင်ငံ အီမန်ခိုမေနီ အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ပျံတက်ပြီးနောက် မိနစ်အနည်းငယ်အတွင်း ရှာဟီရာနှင့် ပါရန်းမြို့တို့ အကြား မြေပြင်သို့ ထိုးကျ ပျက်စီးသွားခဲ့သည်။ လေယာဉ်ပေါ်တွင်လိုက်ပါသွားသည့် အီရန် ၈၂-ဦး၊ ယူကရိန်း ၁၁-ဦး၊ ဆွီဒင် ၁၀-ဦး၊ ကနေဒါ ၆၃-ဦး၊ အာဖဂန် ၄-ဦး၊ ဂျာမန် ၃-ဦးနှင့် ဗြိတိသျှနိုင်ငံသား ၃-ဦး တို့ အားလုံးအသက်ဆုံးရှုံးခဲ့ရသည်။

((( Russia Today., 11 Jan, 2020, “Iran admits to shooting down Ukrainian flight over Tehran in ‘unintentional’ missile launch. “ ကို #HtayOung#OungMaine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ )))

#ယူကရိန်းခရီးသည်တင်လေယာဉ်အားပစ်ချမိခဲ့ဟုအီရန်ဝန်ခံhttps://www.rt.com/…/477993-tehran-admits-plane-shooting-d…/
https://www.rt.com/…/477994-zarif-iran-plane-us-adventurism/
https://www.rt.com/…/477996-rouhani-identify-prosecute-pla…/

0

Leave a Reply

Your email address will not be published.