ယူအေအီးနိုင်ငံ ရှာဂျားမြို့ အထပ်မြင့် လူနေအဆောက်အအုံ ပြင်းထန်စွာမီးလောင်

ယူအေအီးနိုင်ငံ ရှာဂျားမြို့ အယ်လ်နာဒါအရပ်ရှိ အထပ် ၄၉-ထပ်ပါ အက်ဗ်ကိုတာဝါ အဆောက်အအုံ၌ ပြင်းထန်စွာ မီးလောင်ကြွမ်းမှုဖြစ်ပွားခဲ့ရာ လူ ၁၂-ဦး ဒါဏ်ရာရရှိသည်ဟု Gulf News က ယနေ့ဖော်ပြသည်။

ဒေသစံတော်ချိန် အင်္ဂါနေ့ည ၀၉း၀၄ နာရီတွင် တာဝါအဆောက်အအုံ၏ ၁၀ ထပ်မြောက်အလွှာမှ မီးစတင် လောင်ကြွမ်းခဲ့ခြင်းဖြစ်ပြီး အကြောင်းရင်းအသေးစိတ် မသိရှိရသေးကြောင်း၊ မီးခိုးငွေ့များ ရှုရှိုက်မိသူ ၇-ဦးကို ရှာဂျားမြို့ပြကာကွယ်ရေးအဖွဲ့ဝင်များက ပြုစုပေးလျှက်ရှိပြီး ၅-ဦးကို ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ရသည်ဆို၏။

၄၉-ထပ်ပါ အဆောက်အအုံ၌ ၃၈-ထပ်တွင် လူနေထိုင်ကြပြီး၊ ဝန်ဆောင်မှု အထပ် ၂-ခုနှင့် ကားရပ်နားရန် ၉-ထပ်တို့ပါဝင်ကြောင်း၊ နေထိုင်သူအားလုံးတို့ကို ကယ်ထုတ်နိုင်ခဲ့ကြောင်း သိရှိရသည်။ ရှာဂျား မြို့ပြကာကွယ်ရေးတပ်ဖွဲ့ဝင်များသည် မီးလောင်မှု့ဖြစ်ပွားပြီး မရှေးမနှောင်းမှာပင် အခင်းဖြစ်နေရာသို့ ရောက်ရှိသွားကြကြောင်း၊ ၂-နာရီအကြာတွင် မီးထိန်းနိုင်ခဲ့သော်လည်း အဆောက်အအုံ၏ တစ်ဖက်ခြမ်းမှာ လုံးဝပျက်စီးသွားခဲ့ကြောင်း သိရှိရသည်။

အဆောက်အအုံအောက်တွင် ရပ်နားထားသည့် မော်တော်ယာဉ် အမြောက်အများမှာလည်း မီးလောင်မှုကြောင့် ပျက်စီးခဲ့ရသည်။ လူမှုကွန်ယက်၌ ပျံ့နှံ့လျှက်ရှိသော ရုပ်သံများတွင် မီးတောက်များနှင့်အတူ အဆောက်အအုံ အပြင်ဖက်သို့ လွင့်ပျံထွက်လာသော အပျက်အစီး အပိုင်းအစများကို တွေ့မြင်နေရသည်။

တာဝါအဆောက်အအုံ ပြင်းထန်စွာ မီးလောင်ကြွမ်းမှုကြောင့် အနီးအနားနေထိုင်သူများကိုလည်း လုံခြုံရေးအရ နေရာရွှေ့ပြောင်းပေးခဲ့ရသည်။

မီးလောင်ကြွမ်းခြင်းခံခဲ့ရသော အဆိုပါ အက်ဗ်ကိုတာဝါ အဆောက်အအုံတွင် ပါကစ္စတန်နှင့် ဖိလစ်ပိုင်နိုင်ငံသားတို့ အများဆုံးနေထိုင်ကြကြောင်း သတင်း၌ ဆက်လက်ဖော်ပြသည်။

(( မြင်ဖူးသမျှ အထပ်မြင့်လူနေအဆောက်အအုံမီးလောက်မှုများတွင် ယခု အက်ဗ်ကိုတာဝါ မီးလောင်မှုမှာ အဆိုးရွားဆုံး၌ ပါဝင်သည်။ အဆောက်အအုံတစ်ခုလုံးနီးပါး ဝါးမြိုလျှက်ရှိသည့် မီးတောက်မီးလျှံများကို ၂-နာရီအတွင်း မီးထိန်းနိုင်သည်ဆိုသည့်အတွက် အံ့သြမိပါသည်။ ။ သတင်းဘာသာပြန်သူ ))

((( Gulf News., May 06, 2020,” Video: Massive fire erupts in Sharjah tower.” By: Ali Al Shouk, Senior Reporter , Aghaddir Ali, Senior Reporter and Anjana Kumar ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ )))

#ယူအေအီးရှာဂျားအထပ်မြင့်လူနေအဆောက်အအုံပြင်းထန်စွာမီးလောင်ကြွမ်း

https://www.bbc.com/news/world-middle-east-52553429

https://www.rt.com/news/487856-uae-sharjah-highrise-fire/

0

Leave a Reply

Your email address will not be published.