ယူအေအီး-အစ္စရေးသဘောတူညီမှုမှာ မွတ်စလင်ကမ္ဘာတွင် တိုက်ခိုက်လိုသော အုပ်စုများအဖြစ် ဂိုဏ်းကွဲစေမည့် ငြိမ်းချမ်းရေးနောက်ပြန်မှုဖြစ်ကြောင်း မဟာသီယာ ရှုတ်ချ။ အရှေ့အလယ်ပိုင်းဒေသများတွင် အကြမ်းဖက်တိုက်ခိုက်မှုများဖြစ်ပေါ်လာနိုင်သည်ဟု အင်ဒိုနီးရှား၏ အကြီးဆုံးဘာသာရေးအဖွဲ့က သတိပေး

အမေရိကန်၏ ကြားဝင်ဆောင်ရွက်မှုဖြင့် ယူအေအီးနှင့် အစ္စရေးနိုင်ငံတို့အကြား ပုံမှန်ဆက်ဆံရေးတည်ဆောက်ရန် သဘောတူညီချက်မှာ မွတ်စလင်ကမ္ဘာတွင် စစ်တိုက်လိုသော အုပ်စုများအဖြစ် ဂိုဏ်းကွဲစေမည်ဖြစ်ပြီး ငြိမ်းချမ်းရေးအတွက် နောက်ဆုတ်ပြန်သည့် ခြေလှမ်းတစ်ခုသာဖြစ်ကြောင်း မလေးရှားနိုင်ငံ၌ ဝန်ကြီးချုပ်အဖြစ် ၂-ကြိမ်တာဝန်ယူခဲ့ဖူးသူ မဟာသီယာမိုဟာမက်က ဝေဖန်လိုက်သည်။ အပြည့်အ၀ သံတမန်ဆက်ဆံရေး သဘောတူညီချက်ကြောင့် အဆိုပါဒေသနှင့် အရှေ့အလယ်ပိုင်းတွင် အကြမ်းဖက်တိုက်ခိုက်မှုများ ဖြစ်ပေါ်လာစေနိုင်ကြောင်း အင်ဒိုနီးရှား၏ အကြီးဆုံးဘာသာရေးအဖွဲ့အစည်းဖြစ်သော “ နာ့သ်ဒူလတ်တူလ် အူလ်မာ “ အဖွဲ့က သတိပေးလိုက်သည်ဟု South China Morning Post ( Aug. 14,2020 ) က ရေးသားသည်။ 

  
သိမ်းပိုက်ထားသော အနောက်ဖက်ကမ်းအား ပိုင်နက်အတွင်း ချဲ့ထွင်ထည့်သွင်းရေး အငြင်းပွားဖွယ် အစီအစဉ်ကို ဆိုင်းငံ့ပေးမည်ဆိုသော အစ္စရေးတို့အနေဖြင့် မွတ်စလင်တို့အကြား ငြိမ်းချမ်းနိုင်ခြင်းမရှိအောင် မီးထိုးပေးလိမ့်မည်ဖြစ်ကြောင်း ပါလက်စတိုင်းအရေး ရပ်တည်ခဲ့သူ မဟာသီယာက ပြောဆိုသည်။ “ နာ့သ်ဒူလတ်တူလ် အူလ်မာ “ အဖွဲ့ကြီးမှာ မွတ်စလင်ဘာသာဝင်အများစုနေထိုင်ရာ ကမ္ဘာ့အကြီးဆုံးနိုင်ငံ အင်ဒိုနီးရှားတွင် အင်အားအများဆုံးဖြစ်သည်။ ၁၉၂၆-ခုနှစ်တွင်တည်ထောင်ခဲ့ပြီး လူဦးရေ သန်း ၂၇၀-အနက် အဖွဲ့ဝင် သန်း ၆၀ ကျော်ရှိသော ရှေးရိုးစွဲ ဆွန်နီ လှုပ်ရှားမှု အုပ်စုဖြစ်သည်ဆို၏။ 

  
အာဆီယံအဖွဲ့ဝင်နိုင်ငံများဖြစ်သော ဘရူနိုင်း၊ မလေးရှားနှင့် အင်ဒိုနီးရှားတို့သည် အစ္စရေးနှင့် သံတမန်အဆက်အသွယ်မရှိချေ။ သို့သော် ယူအေအီး- အစ္စရေး သဘောတူညီချက်ပတ်သက်၍ သက်ဆိုင်ရာအစိုးရတို့က တရားဝင် ထုတ်ဖော်ဝေဖန်ခြင်းလည်း မတွေ့ရသေးပါ။ 


ပါလက်စတိုင်းနယ်မြေအား သိမ်းယူမည့်အစီအစဉ်တို့ကို ရပ်ဆိုင်းလိုက်ကြောင်း အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက ကတိပြုသည်။ သို့သော် သိမ်းပိုက်ထားသော အနောက်ဖက်ကမ်းတွင် ဂျူးလူနေအိမ်ခြေများ တည်ဆောက်ရန်နှင့် ဂျော်ဒန် တောင်ကြားအား ပိုင်နက်နယ်မြေအတွင်း ထည့်သွင်းမည့်အစီအစဉ်တို့ကို စွန့်လွှတ်သည့် သဘောသက်ရောက်ခြင်းမရှိချေ။

 ရေနံအပေါ် မှီခိုသော စီးပွားရေးစံနစ်မှ ပြောင်းလဲလျှက်ရှိသည့် ယူအေအီးအနေဖြင့် အိမ်နီးချင်း ယီမင်နိုင်ငံ ပြည်တွင်းစစ်တွင် ဆော်ဒီအာရေးဗီးယားဦးဆောင် ညွန့်ပေါင်းတပ်များနှင့် အတူ စစ်ကျွံလျှက်ရှိသည်။ ထို့ပြင် ကာတာ-အီရန်-တူရကီတို့၏ အုပ်စုဖွဲ့မှုကိုလည်း စိုးရွံနေရသည်။ ထိုအတွက် အမေရိကန်၏ ကာကွယ်ရေး ထီးရိပ်နှင့်အတူ ခေတ်မီအဆင့်မြင့် စစ်လက်နက်များ ဝယ်ယူခွင့် ရရှိမည်ဖြစ်သည်။ 


ငြိမ်းချမ်းရေး ပဏာမခြေလှမ်းအဖြစ် အစ္စရေးနှင့် သံတမန်ဆက်ဆံရေးထူထောင်ရပါကြောင်း ချေပပြောဆိုလျှက်ရှိသည့် ယူအေအီးအား ပါလက်စတိုင်း( ဟားမတ်စ်လက်နက်ကိုင်ပြည်သူ့စစ်များ) ၊ တူရကီနှင့် အီရန်နိုင်ငံတို့က သစ္စာဖောက်အဖြစ် သတ်မှတ်လိုက်ကြသည်။ 

  
ဂါဇာကမ်းမြောင်ဒေသကို အုပ်ချုပ်လျှက်ရှိသော ဟားမတ်စ်စစ်သွေးကြွအုပ်စုကမူ ယူအေအီး၏ လုပ်ရပ်မှာ အစ္စရေး၏သိမ်းပိုက်မှုကို အနိုင်ယူပြီး အခွင့်အရေးကို ပြန်လည်ထူထောင်ရန်ရည်ရွယ်သည့် ပါလက်စတိုင်းတို့၏ နောက်ကျောကို ဒါးနှင့်ထိုးခြင်းခြင်းအဖြစ် ပြင်းထန်စွာ ရှုတ်ချခဲ့သည်။ 

  
အတိတ်သမိုင်းတွင် အိမ်နီးချင်း အစ္စရေးနှင့် ၄-ကြိမ်တိုင်တိုင် စစ်ခင်းခဲ့ပြီး နောက် ၁၉၇၉-ခုနှစ်၌ အီဂျစ်နိုင်ငံသည်  ငြိမ်းချမ်းရေးသဘောတူစာချုပ် ချုပ်ဆိုခဲ့သည်။ စာချုပ်တွင် ၁၉၆၇-ခုနှစ်၌ သိမ်းယူထားခြင်းခံရသော ဆိုင်းနိုင်းကျွန်းဆွယ်မှ အစ္စရေးတပ်များနှင့် အရပ်သားများ အပြည့်အ၀ ရုတ်သိမ်းသွားရေးအပါအဝင် ပုံမှန်ဆက်ဆံရေးထူထောင်ရန် ပါရှိသည်။ 


ထိုအတွက် ယမ်းပုံမီးကျဖြစ်ရသည့် အစ္စလာမ်မစ်အစွန်းရောက်တို့က ၁၉၈၁-ခုနှစ် တပ်မတော်အောင်ပွဲနေ့ စစ်ရေးပြချီတက်ပွဲ အခန်းအနားတွင် အီဂျစ်သမ္မတ အန်ဝါဆဒတ်ကို လုပ်ကြံသတ်ဖြတ်ခဲ့ကြသည်။ 


(( အရှေ့အလယ်ပိုင်း အမေရိကန်၏ မဟာမိတ်အာရပ်နိုင်ငံခေါင်းဆောင်များအတွက် ရတက်မအေးရသည့် အခြားရန်သူတစ်ဦးမှာ “ အယ်လ်ကိုင်ဒါ အကြမ်းဖက်ကွန်ရက် “ ဖြစ်သည်။ လွန်ခဲ့သည့်လများ၌ ပြန်လည်လှုပ်ရှားစပြုလာသည်ဟု ကုလသမဂ္ဂကိုယ်တိုင် သတိပေးခဲ့သည့် အယ်လ်ကိုင်ဒါတို့သည် ဆော်ဒီ တော်ဝင်မိသားစု အပါအဝင် အမေရိကန်မဟာမိတ် အာရပ်အစိုးရခေါင်းဆောင်များအား လုပ်ကြံရန် အစဉ်တစ်စိုက် အားထုတ်လျှက်ရှိသည်။ 

အထူးသဖြင့် ဆော်ဒီထောက်လှမ်းရေးတို့ကလည်း အယ်လ်ကိုင်ဒါခေါင်းဆောင်ပိုင်းနှင့် တပ်မှူးတို့အား သတ်ဖြတ်ရန် အပြန်အလှန်ကြိုးစားလျှက်ရှိကြောင်း အကြမ်းဖက်သုတေသီတစ်ဦးဖြစ်သူ ပါမောက္ခ ရိုဟန်ဂူနာရတ်နာက Inside Al Qaeda., Global Network of Terror “ အယ်လ်ကိုင်ဒါအတွင်းရေး၊ နိုင်ငံတ ကာအကြမ်းဖက်ကွန်ရက် “ ၌ ရေးသားထားပါသည်။ ။ သတင်းဘာသာပြန်သူ ))) 

#ယူအေအီး-အစ္စရေးသံတမန်ဆက်ဆံရေးသဘောတူညီချက် #မဟာသီယာမိုဟာမက် #အင်ဒိုနီးရှား #ဟားမတ်စ်_တူရကီ_အီရန် 


((( South China Morning Post., 14 Aug, 2020, “ Malaysia’s Mahathir: UAE-Israel deal divides Muslim world into ‘warring factions’.By: Amy Chew.” ကို #HtayOung #OungMarine ဆီလျော် အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ ))) 


https://www.scmp.com/week-asia/politics/article/3097450/malaysias-mahathir-uae-israel-deal-divides-muslim-world-warring?li_source=LI&li_medium=world_section_top_picks_for_you 


http://www.nbcnews.com/id/43640995/ns/world_news-mideast_n_africa/t/sadats-assassination-plotter-remains-unrepentant/ 

1+

Leave a Reply

Your email address will not be published.