ယနေ့ နိုင်ငံတကာ ထူးခြားသတင်း ကောက်နှုတ်ချက် အကျဉ်းချုပ်

ဂျော့ချ်ဖလွိုက်အရေးကန့်ကွက်ပွဲများဖြစ်ပွားလျှက်ရှိသော အမေရိကန်နိုင်ငံ ဆီယက်တဲလ်မြို့တွင် လူအုပ်ဆီသို့ ကားကို မောင်းဝင်လာသူသည် ဆန္ဒပြသူတစ်ဦးအား သေနတ်ဖြင့် ပစ်ခတ်ခြင်းကြောင့် ဒါဏ်ရာရရှိသွားကြောင်း Reuter က ယနေ့ဖော်ပြသည်။

လူအုပ်ကြီးက ဝိုင်းအုံလာသောအခါ ကားကိုရပ်လိုက်ပြီး သေနတ်ဖြင့် ပစ်ခတ်ကြောင်း၊ ထို့နောက် ကားအတွင်းမှ ထွက်၍ ၎င်းတွင်သေနတ်ပါကြောင်း ဒေါသတကြီး အော်ဟစ်ပြောဆိုသည်ကို မျက်မြင်သက်သေများက ရုပ်သံရိုက်ယူနိုင်ခဲ့သည်။

သေနတ်ပစ်ခံရသူကို မီးသတ်သမားများက ဆေးရုံသို့ ပို့လိုက်ပြီး စိုးရိမ်ရသောအခြေအနေမရှိကြောင်း၊ အခြားမည်သူတစ်ဦးတစ်ယောက်မျှ ထိခိုက်မှုမရှိကြောင်း၊ ဂျော့ချ်ဖလွိုက်အတွက် ကန့်ကွက်ပွဲများဖြစ်ပွားလျှက်ရှိသော ဆီယက်တဲလ်သည် သာမန်အားဖြင့် အေးချမ်းစွာဆန္ဒဖော်ထုတ်ခြင်းမျိုးသာရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောဆိုသည်။

ရုပ်သံတွင် သေနတ်နှင့် ပစ်ခတ်သူသည် လူအုပ်အတွင်း တိုးဝင်သွားသည်ကို တွေ့မြင်ရသော်လည်း ဖမ်းဆီးရမိခြင်း ရှိ-မရှိ ရှင်းလင်းစွာ မသိရချေ။

=====

စင်္ကာပူနိုင်ငံတွင် နောက်ထပ်တွေ့ရှိရသော ကိုရိုနာဗိုင်းရပ်စ်ကူးစက်လျှက်ရှိသူများ၏ ထက်ဝက်နီးပါးသည် ရောဂါလက္ခဏာပြသခြင်း မရှိသူများဖြစ်သည်ဟု Dhaka Tribune က ယနေ့ရေးသားသည်။

သေးငယ်သော မြို့ပြနိုင်ငံလေးဖြစ်သည့် စင်္ကာပူသည် အာရှတိုက်တွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၃၈,၀၀၀ ကျော်ဖြင့် ရောဂါဖြစ်ပွားမှု့ အများဆုံး နိုင်ငံဖြစ်သည်။ နှစ်လနီးပါး Lock down တားဆီးပိတ်ဆို့ခဲ့ရပြီးနောက် လွန်ခဲ့သော ရက်သတ္တပတ်မှစတင်ကာ ကျောင်းများနှင့် စီးပွားရေးလုပ်ငန်းများကို သတိကြီးစွာထား၍ အဆင့်ဆင့် ပြန်လည်ဖွင့်လှစ်လျှက်ရှိသည်။

နေ့စဉ် ရောဂါစမ်းသပ်မှုအရေအတွက်ကို တိုးမြှင့်ပြီးနောက် လွန်ခဲ့သည့် ရက်သတ္တ ၂-ပတ်အတွင်း ဗိုင်းရပ်စ်ကူးစက်လျှက်ရှိသည်ဟု အတည်ပြုခံရသူ ၆,၂၉၄-ဦး ရှိကြောင်း စင်္ကာပူအစိုးရ၏ ကိုရိုနာဗိုင်းရပ်စ်ဆိုင်ရာ အလုပ်အဖွဲ့ ပူးတွဲခေါင်းဆောင်က ပြောဆိုသည်။ သို့သော် Asymptomatic ခေါ် ရောဂါလက္ခဏာပြသခြင်းမရှိပဲ ဗိုင်းရပ်စ်ပိုး သယ်ဆောင်သူအရေအတွက်ကို တိကျစွာ ဖော်ပြခြင်းမရှိပဲ နိုင်ငံအတွင်းလာရောက် အလုပ်လုပ်ကိုင်သော ရွှေ့ပြောင်းအလုပ်သမားများ၌ အများဆုံးဖြစ်သည်ဟုသာ ပြောဆိုသည်။

=====

ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကျရောက်လျှက်ရှိသော ဆော်ဒီအာရေးဗီးယားနိုင်ငံသည် လွန်ခဲ့သည့်တနင်္ဂနွေနေ့တွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်လျှက်ရှိသူ ၁-သိန်းကျော်သွားခဲ့ပြီး Hajj “ ဟဂျ် “ ကျင်းပရန် ရက်သတ္တပတ်အနည်းငယ်အလို၌ ရောဂါကူးစက်မှု တစ်ရှိန်ထိုးမြင့်တက်လာနေကြောင်း ဆော်ဒီကျန်းမာရေးဝန်ကြီးက ပြောဆိုသည်။

ဆော်ဒီနိုင်ငံ၏ ဗိုင်းရပ်စ်ပိုးကူးစက်ခံရသူအရေအတွက်သည် ပင်လယ်ကွေ့ဒေသအတွင်း အများဆုံးဖြစ်ပြီး သေဆုံးသူ ၇၁၂-ယောက်ရှိနေသည်။ လွန်ခဲ့သည့် သောကြာနေ့တွင် မက္ကာသို့ နှစ်စဉ်ဘုရားဖူးများ ဝင်ပေါက် ဖြစ်သော ဂျက်ဒါးမြို့ကို Lock down တားဆီးမှုဖြေလျှော့ကြောင်း ကြေညာပြီးနောက်ပိုင်း နေ့စဉ် ကူးစက်ခံရသူ အရေအတွက်မှာ ၃,၀၀၀ ကျော်အထိ ၂-ရက်ဆက်တိုက် တိုးမြင့် တွေ့ရှိရသည်ဆို၏။

ထို့ကြောင့် နေ့စဉ် ဒေသစံတော်ချိန် မွန်းလွဲ ၃-နာရီမှ နံနက် ၆-နာရီအတွင်း အပြင်မထွက်ရအမိန့်ကို ထုတ်ပြန်လိုက်သည်။ ဂျက်ဒါးမြို့တွင် လေကြောင်းဖြင့် ဝင်ရောက်လာသော ဘုရားဖူးများအား ဝန်ဆောင်မှုပေးမည့် အစိုးရနှင့် ပုဂ္ဂလိကဝန်ထမ်းများအတွက် ဗလီများ၌ ဝတ်ပြုဆုတောင်းခြင်းများကို ဆိုင်းငံ့လိုက်ပြီး၊ နေအိမ်များ၌သာ နေထိုင်ကြရန် ညွှန်ကြားချက် ထုတ်ပြန်လိုက်သည်။

======

အိန္ဒိယနှင့် တရုတ်နိုင်ငံတို့အကြား ယခုနောက်ဆုံးဖြစ်ပေါ်လျှက်ရှိသည့် နယ်စပ်တင်းမာမှုများကို ြငိမ်းချမ်းစွာ အဖြေရှာကြရန် အိမ်နီးချင်း ညူကလီယာလက်နက်ပိုင် နှစ်နိုင်ငံတို့ သဘောတူညီလိုက်ကြကြောင်း၊ နှစ်ဖက် အဆင့်မြင့် တပ်မှူးများဆွေးနွေးပွဲအပြီးတွင် အိန္ဒိယနိုင်ငံက သတင်းထုတ်ပြန်သည်ဟု Dhaka Tribune က ယနေ့ရေးသားသည်။

မိုင်ပေါင်း ၂၁၀၀ ကျော် နယ်နိမိတ်ချင်း ထိစပ်လျှက်ရှိသည့် အိန္ဒိယနှင့် တရုတ်တို့သည် တိဘက်နှင့် မျက်နှာချင်းဆိုင် လားဒက်ဒေသ၌ မကြာသေးမီ ရက်သတ္တပတ်များအတွင်း တင်းမာမှုမြင့်တက်ခဲ့သည်။ နှစ်ဖက်အသီးသီးက ချထားသော ထောင်ပေါင်းများစွာအင်အားရှိ ဆန့်ကျင်ဘက် တပ်ဖွဲ့များအကြား လုံးထွေး သတ်ပုတ်ခြင်း၊ ကျောက်ခဲများဖြင့် ပစ်ပေါက်ခြင်းတို့ ဖြစ်ပွားခဲ့သည်။

ကမ္ဘာ့ လူဦးရေအများဆုံး နိုင်ငံကြီးနှစ်ခုအကြား ယခင်သဘောတူညီချက်များအတိုင်း နယ်စပ်ဒေသများရှိ နှစ်နိုင်ငံ စစ်ဘက်နှင့် သံတမန်ရေးရာ ဆက်ဆံခြင်းဖြင့် ငြိမ်းချမ်းစွာအဖြေရှာကြရန် မရှိမဖြစ်လိုအပ်ကြောင်း သဘောတူညီကြသည်ဟု သတင်းထုတ်ပြန်ချက်၌ ပါရှိသည်။

အစဉ်လေးစားစွာဖြင့်

#HtayOung, #OungMarine

https://www.reuters.com/article/us-minneapolis-police-protests-seattle/man-drives-car-into-seattle-protest-crowd-shoots-bystander-police-idUSKBN23F0NL

https://www.dhakatribune.com/world/2020/06/08/half-of-singapore-s-new-covid-19-cases-are-symptomless

https://www.dhakatribune.com/world/middle-east/2020/06/08/saudi-covid-19-cases-top-100-000-with-new-spike-ahead-of-the-hajj

https://www.dhakatribune.com/world/south-asia/2020/06/07/india-china-seek-to-peacefully-resolve-border-face-off

0

Leave a Reply

Your email address will not be published.