ယနေ့ Covid-19 ဆိုင်ရာ နိုင်ငံတကာ ထူးခြားသတင်း ကောက်နှုတ်ချက်အကျဉ်း

အိန္ဒိယနိုင်ငံ ကက်ရှမီးယားတွင် ကိုရိုနာဗိုင်းရပ်စ်စွဲရောဂါစစ်ဆေးကုသလျှက်ရှိသည့် ဆရာဝန်များအား ရွာသားမိသားစုက ဓါးစာခံဖမ်းဆီးထားသည်ကို ကယ်တင်စဉ် ရဲတပ်ဖွဲ့များ ဒါဏ်ရာရရှိခဲ့သည်ဟု Russia Today က ယနေ့ ရေးသားသည်။

ပိုင်ဆိုင်မှု အငြင်းပွားကက်ရှမီးယားဒေသမှ အိန္ဒိယအုပ်ချုပ်ရေးအပိုင် ဘက်ဂမ်ခရိုင်တွင် ဆရာဝန်အဖွဲ့တစ်ဖွဲ့သည် ရှိတ်ပိုရာ ကျေးရွာ၌ နေထိုင်သူ မိသားစုတစ်စုထံ ကိုရိုနာဗိုင်းရပ်စ် စွဲကပ်ခြင်း ရှိ- မရှိ စမ်းသပ် စစ်ဆေးရန် စနေနေ့က ရောက်ရှိသွားခဲ့သည်။ ဆရာဝန်များ၏ အပြုအမူမှာ ၎င်းတို့ဆွေမျိုးသားချင်းတစ်စုအား ဆေးရုံတွင် ကြပ်မတ်စစ်ဆေးရန်ခေါ်ယူလိမ့်မည်ဟု အိမ်ရှင်မိသားစုက ထင်မြင်သည့်အတွက် ဆရာဝန်များအား အခန်းတစ်ခုတွင် ပိတ်လှောင်ထားခဲ့ခြင်းဖြစ်သည်ဆို၏။

ဆရာဝန်များက မိသားစုဝင်တစ်ဦးချင်းစီကို လွန်ခဲ့သောရက်အတွင်း ခရီးသွားရာဇဝင်ပတ်သက်၍ အသေးစိတ် မေးမြန်းနေစဉ် အိမ်ရှင်မိသားစုတို့က ဆရာဝန်တစ်ဖွဲ့လုံးအား ၎င်းတို့နေအိမ်၌ ပိတ်လှောင်ထားခဲ့သည်။ အခင်းဖြစ်ပွားရာသို့ ရဲတပ်ဖွဲ့ဝင်များ အမြန်ဆုံးရောက်ရှိသွားသော်လည်း ဒေါသထွက်နေသော ရွာသူရွာသားများက ရဲတပ်ဖွဲ့ဝင်များအား ကျောက်ခဲများဖြင့် ပစ်ပေါက်ကြပြီး ဆရာဝန်များကို ပြန်လွှတ်ပေးရန် ငြင်းဆန်ခဲ့သည်။

ဆရာဝန်များက သံသယရှိသူတစ်ဦးအား ဆေးရုံသို့ စစ်ဆေးရန် ခေါ်ယူမည့်အစီအစဉ်ကို အိမ်ရှင်မိသားစုတို့က ငြင်းဆိုသော်လည်း ပိတ်လှောင်ထားခြင်းခံရသော ဆေးအဖွဲ့အား နောက်ဆုံးကယ်တင်နိုင်ခဲ့သည်။ ဖြစ်စဉ်တွင် ရဲတပ်ဖွဲ့ဝင် ၃-ဦး ဒါဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

အိန္ဒိယရဲတပ်ဖွဲ့သည် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုဟန့်တားရေး တားဆီးပိတ်ဆို့အမိန့်ထုတ်ပြန်သည်ကို ချိုးဖောက်သူများအား ဒရုန်းလေယာဉ်အသုံးပြု၍ စောင့်ကြည့်လျှက်ရှိသည်။ ထိုစဉ်အတွင်း အလွန်ရယ်ဖွယ်ကောင်းသော မြင်ကွင်းများကို မှတ်တမ်းတင်မိလျှက်သား ဖြစ်သွားရသည်လည်းရှိခဲ့ပြီး ထိုဖြစ်စဉ်များအား ပြန်လည်ထုတ်လွှင့်ပြသခြင်းဖြင့် ပြည်သူလူထုနှင့် နားလည်ရင်းနှီးမှု တည်ဆောက်ရန် ကြိုးစားခဲ့သည်။

====

အိန္ဒိယနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ပိုး စွဲကပ်ခြင်း ရှိ-မရှိကို ၁-ရက်လျှင် လူ ၁၆,၀၀၀ ကို စစ်ဆေးပေးလျှက်ရှိကြောင်း Russia Today က ဧပြီ ၁၁ ရက်နေ့ရေးသားသည်။

တောင်အာရှတစ်လွှားတွင် ဗိုင်းရပ်စ်ကူးစက်ခံရသူ ၆,၇၀၀ မှ ၁၂,၀၀၀ သို့ တိုးမြင့်လာသည်နှင့်အမျှ အိန္ဒိယက ဗိုင်းရပ်စ်ပိုးကူးစက်ပျံ့နှံ့မှုကို ခြေရာခံရန်အတွက် နေ့စဉ်ပျှမ်းမျှ လူ ၅,၀၀၀ မှ ၆,၀၀၀ ခန့်ထက် ပိုမိုစစ်ဆေးနိုင်ရန် အားသွန်ကြိုးစားခဲ့ရကြောင်း ကျန်းမာရေးဝန်ကြီးဋ္ဌာန အကြီးတန်းအရာရှိတစ်ဦးက ပြောဆိုသည်။ ကူးစက်ကပ်ရောဂါဖြင့် လူပေါင်း ၂၉၀ နီးပါး အသက်ဆုံးရှုံးခဲ့ရာတွင် မြို့တော် ဒေလီနှင့် စီးပွားရေးအချက်အချာကျရာ မွန်ဘိုင်းမြို့တို့၌ အများဆုံးပါဝင်နေသည်။ ကူးစက်ရောဂါပိုးပျံ့နှံ့မှုကို တားဆီးရေးအတွက် ဧပြီလ ၂၁-ရက်နေ့အထိ တစ်နိုင်ငံလုံး တားဆီးပိတ်ဆို့ထားရခြင်းကို ရက်ပိုမိုတိုးမြှင့်ရန် ဝန်ကြီးချုပ်မိုဒီအား ဖိအားပေးလျှက်ရှိသည်ဆို၏။

လူဦးရေ သန်းပေါင်း ၁,၃၀၀ နေထိုင်ရာ အိန္ဒိယတွင် နိုင်ငံအဝှမ်း တားဆီးပိတ်ဆို့ခြင်းရခြင်းကြောင့် လူသန်းပေါင်းများစွာ အလုပ်လက်မဲ့ ဖြစ်ခဲ့ရသည်။ မြို့ကြီးများကို မှီခိုအသက်မွေးသူ အစုအပုံလိုက်တို့အား ကျေးလက် ဇာတိရပ်ရွာသို့ ပြန်ကြစေရန် အတင်းအကြပ် ဖန်တီးသလိုဖြစ်ခဲ့ရသည်။

=====

ဘင်္ဂလားဒက်ရှ်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်စွဲ ကူးစက်ကပ်ရောဂါ ကျရောက်နေခိုက် တာဝန်ထမ်းဆောင်ရန်ပျက်ကွက်သော ဆရာဝန် ၆-ဦးကို ရာထူးမှ ရပ်ဆိုင်းလိုက်ကြောင်း ဘင်္ဂလားအခြေစိုက် bdnews24 က ယနေ့ရေးသားသည်။

ဒါကာမြို့ရှိ နိုင်ငံတော်ပိုင် ဘင်္ဂလားဒက်ရှ်-ကူဝိတ်ချစ်ကြည်ရေး အထွေထွေဆေးရုံတွင် ပုံမှန်တာဝန်ထမ်းဆောင်ရန်ပျက်ကွက်လျှက်ရှိသူ ဆရာဝန်များကို ရာထူးမှ ရပ်ဆိုင်းရာတွင် သားဖွားမီးယပ်၊ မေ့ဆေး၊ ကုသရေးအထူးကုဆရာဝန်ကြီးများအပါအဝင် အငယ်တန်း ဆရာဝန်များ စုစုပေါင်း ၆-ဦး ရှိကြောင်း သိရှိရသည်။

====

ဘင်္ဂလားဒက်ရှ်နိုင်ငံတွင် ယနေ့နံနက် ၈-နာရီအထိ ၂၄-နာရီအတွင်း ဗိုင်းရပ်စ်စွဲရောဂါဖြင့် လူ ၄-ဦး ထပ်မံ သေဆုံးပြီး၊ ရောဂါပိုးကူးစက်ခံရသူ ၁၃၉- ဦး တွေ့ရှိရကြာင်း ကူးစက်ဗေဒ၊ ရောဂါထိန်းချုပ်ရေးနှင့် သုတေသနဆိုင်ရာ အင်စတီကျု့ဒ် IEDCR က က သတင်းထုတ်ပြန်သည်။

သေဆုံးသူများအနက် အသက် ၃၀ နှင့် ၄၀ နှစ်ရှိသူ ၂-ဦး ပါဝင်ပြီး ကျန်သူများမှာ အသက် ၅၀ မှ ၆၀ ကြားအရွယ်ရှိ ၁-ဦးနှင့် အသက် ၇၀ ကျော်အရွယ်ရှိသူ ၁-ဦး ဖြစ်သည်ဆို၏။

ဘင်္ဂလားဒက်ရှ်တွင် ယခုအချိန်ထိ ဗိုင်းရပ်စ်ပိုးကူးစက်ခံရသူ ၆၂၁-ဦး၊ သေဆုံးသူ ၃၄-ဦး ရှိခဲ့ရာ ကုသပျောက်ကင်းသူ ၃၆-ဦး ရှိသည်။

Dhaka Tribune က ယနေ့ဖော်ပြသော သတင်းတစ်ပုဒ်၌ ဘင်္ဂလားဒက်ရှ်နိုင်ငံ ဒါကာမြို့တွင် ကိုရိုနာဗိုင်းရပ်စ်ပိုးကူးစက်ခံသူ ၃-ဦး တွေ့ရှိကြောင်း သတင်းထုတ်ပြန်ပြီး သီတင်း ၅ ပါတ်အကြာတွင် တစ်နိုင်ငံလုံး ၆၄- ခရိုင်ရှိသည့်အနက် ထက်ဝက်တို့၌ ရောဂါပိုးစွဲကပ်သူများ ပျံနှံ့လျှက်ရှိကြောင်း သိရှိရသည်။

၎င်းတို့အနက် ခရိုင် ၁၂-ခုတို့မှာ ဒါကာမြို့အပိုင် ဧရိယာအတွင်းကျရောက်လျှက်ရှိသည်ဆို၏။ Covid-19 ရောဂါကာကွယ်တိုက်ဖျက်ရေး SARS-CoV-2 ကိုရိုနာဗိုင်းရပ်စ်ပိုးပျံ့နှံ့မှုနှင့် ကူးစက်ခံရသူ အရေအတွက်ကို သိနိုင်ရန် ဘင်္ဂလားဒက်ရှ်နိုင်ငံက အပြင်းအထန်ကြိုးစားလျှက်ရှိရာ ယမန်နေ့ ၁-ရက်တာအတွင်း လူပေါင်း ၁,၃၄၀ တို့၏ ရောဂါနမူနာများကို စစ်ဆေးပေးနိုင်ခဲ့ကြောင်း ကျန်းမာရေး ညွှန်ကြားမှုဋ္ဌာနက သတင်းထုတ်ပြန်သည်။

=====

https://www.rt.com/news/485592-kashmir-coronavirus-screening-hostage/

https://www.rt.com/news/485190-indian-police-drone-video-commentary/

https://www.rt.com/newsline/485506-india-increases-daily-tests/

https://bdnews24.com/bangladesh/2020/04/12/bangladesh-suspends-six-doctors-for-refusing-to-treat-covid-19-patients

https://bdnews24.com/bangladesh/2020/04/12/bangladesh-reports-4-more-virus-deaths-as-infections-soar-to-621

https://www.dhakatribune.com/bangladesh/2020/04/12/coronavirus-half-of-bangladesh-districts-reports-confirmed-cases

0

Leave a Reply

Your email address will not be published.