ရက်ပိုင်းအတွင်း နိုင်ငံတကာထူးခြားသတင်းကောက်နှုတ်ချက် အကျဉ်း

ကိုရိုနာဗိုင်းရပ်စ်ကူး စက်ပျံ့နှံ့မှုတားဆီးကာကွယ်ရန် နိုင်ငံ့လူဦးရေ ၄-ပုံ ၁-ပုံခန့် နေထိုင်ရာ အီတလီနိုင်ငံ မြောက်ပိုင်းနှင့် အခြားထင်ရှားသော မြို့ကြီးအချို့အား သွားလာဝင်ထွက်မှုတားဆီးခဲ့ရသည်။ နောက်တစ်နေ့ တနင်္လာနေ့ညနေတွင် နိုင်ငံအတွင်း ဗိုင်းရပ်စ်စွဲကပ်မှုကြောင့် ၂၄-နာရီအတွင်း သေဆုံးသူ ၁၀၀ ရှိပြီး သေဆုံး စုစုပေါင်း ၄၆၃-ဦးဖြစ်လာကြောင်း၊ ၁,၇၉၇-ဦးတွင် ဗိုင်းရပ်စ်ကူးစက်ကြောင်း ထပ်မံတွေ့ရှိသဖြင့် စုစုပေါင်း ၉,၁၇၂ -ဦးဖြစ်လာကြောင်း၊ ရောဂါကူးစက်မှု ဟန့်တားနိုင်ရန် နိုင်ငံတစ်ဝှမ်းလုံးတွင် သွားလာကူးသန်းမှု့တားဆီး၍ လူအများစုဝေးခြင်းကို ပိတ်ပင်ကာ စောင့်ကြပ်ကြည့်ရှု့ရမည့် အနီရောင်ဇုံအဖြစ် ကြေညာရဖွယ်ရှိကြောင်း အီတလီဝန်ကြီးချုပ် ဂျူဆက်ပီကောင်တီက တိုင်းပြည်သို့ အစီရင်ခံတင်ပြသည်ဟု Russia Today က ယနေ့ရေးသားသည်။

ကိုရိုနာဗိုင်းရပ်စ်စွဲကပ်မှုကြောင့် တရုတ်နိုင်ငံပြင်ပတွင် လူသေဆုံး-ဖျားနာသူအရေအတွက် အများဆုံးဖြစ်နေသော အီတလီသည် ဥရောပတွင် ဗိုင်းရပ်စ်ကျင်လည်ကြက်စားရာ ပထမဆုံးနယ်မြေ မဟုတ်ကြောင်း၊ ကိုရိုနာဗိုင်းရပ်စ်စွဲကပ်မှုကို လူတန်းစားအလွှာစုံ၌ ပထမဆုံး ကောက်ယူစစ်ဆေးပြီး လတ်တလော တွေ့ရှိချက် ကိန်းဂဏန်းများကို ဖော်ပြလျှက်ရှိသည့် ပထမဆုံး မြေထဲပင်လယ်နိုင်ငံတစ်နိုင်ငံသာဖြစ်ကြောင်း။ ဥရောပနိုင်ငံအချို့၌ ဗိုင်းရပ်စ်စွဲကပ်မှုစစ်ဆေးရာတွင် အသက် ၃၀ အောက် လူငယ်များကို ချန်လှပ်ထားလျှက်ရှိကြောင်း။ အကယ်၍ အီတလီနည်းတူ စစ်ဆေးမည်ဆိုလျှင် အလားတူ အရေအတွက်ကို ရရှိနိုင်လိမ့်မည်ဟု မိမိယုံကြည်ကြောင်း၊ အီတလီအခြေစိုက် စီးပွားရေးနှင့် နိုင်ငံရေးလေ့လာသူတစ်ဦးက ပြောဆိုသည်ဟု RT ၏ အခြားသတင်းတစ်ပုဒ် တွင် ယနေ့တွေ့ရှိရသည်။

ကိုရိုနာဗိုင်းရပ်စ်စွဲကပ်သဖြင့် ဖျားနာသေဆုံးသူ အများဆုံးဖြစ်နေသော အီတလီတွင် ရောဂါအန္တရာယ်တားဆီးကာကွယ်ရေးအပေါ် စိတ်ပျက်ဒေါသထွက်လျှက်ရှိသော ဒေါ့ဇာအကျဉ်းထောင် အကျဉ်းသားများနှင့် ထောင်ဝန်ထမ်းများ တနင်္လာနေ့၌ ရုန့်ရင်းဆန်ခတ်ဖြစ်ပွားခဲ့သည်။

နိုင်ငံမြောက်ပိုင်း ဘိုလိုဂါမြို့ရှိ အဆိုပါအကျဉ်းထောင်တွင် အကျဉ်းသား ၈၀၀ ခန့် ပြစ်ဒါဏ်ကျခံလျှက်ရှိပြီး လတ်တလော ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပျံံနှံ့ရာ ဧရိယာအလယ်၌ရောက်ရှိနေသည်။ ထောင်သားများ ဆူပူမှု ကြောင့် အရေးပေါ်လူနာတင်ယာဉ်နှင့် အကျဉ်းထောင်ဝန်ထမ်း ၃၅၀ အင်အား ဖြည့်တင်းခဲ့ရသည်။ သို့သော် တနင်္လာနေ့ ညပိုင်း၌ ဒေါ့ဇာအကျဉ်းထောင်မှာ ပြင်းထန်စွာမီးလောင်လျှက်ရှိပြီး၊ ဘိုလိုဂါ ညဉ့်ယံကောင်းကင်သို့ မီးခိုးလုံးကြီးများ လှိမ့်တက်လျှက်ရှိသည်ကို တွေ့မြင်ရကြောင်း RT က ယနေ့သတင်းပေးသည်။

ပြင်သစ် ယဉ်ကျေးမှုဝန်ကြီး ဖွန့်ရွိုင်စတာသည် ကိုရိုနာဗိုင်းရပ်စ်ကူးစက်လျှက်ရှိကြောင်း ဆေးစစ်တွေ့ရှိရသည်။ သို့သော် ဝန်ကြီးအနေဖြင့် လန်းဆန်းစွာ ရှိနေပြီး နေအိမ်၌ အနားယူလျှက်ရှိကြောင်း၊ ဝန်ကြီး ရွိုင်စတာမှာ ပြင်သစ်ပါလီမန်၌ ရက်ပေါင်းများစွာတက်ရောက်ခဲ့သူဖြစ်ကြောင်း၊ နောက်ပိုင်း ပါလီမန်အမတ် ၅-ဦးမှာ ဗိုင်းရပ်စ်စွဲကပ်လျှက်ရှိသည်ကို တွေ့ရှိရပြီး ၊ ၎င်းတို့တစ်ဦးဦးထံမှ ရောဂါကူးစက်ခံရသည်ဟု ယုံကြည်ရကြောင်း၊ လွန်ခဲ့သော ၅-ရက် ဝန်ကြီး ရွိုင်စတာ နောက်ဆုံးတွေ့ဆုံခဲ့သူမှာ ပြင်သစ်သမ္မတ အီမန်နူရယ်မက်ကွန်းဖြစ် သည်ဟု သိရှိရကြောင်း RT က ယနေ့ဖော်ပြသည်။

ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်း နဝပ်ရှာရဖ်၏ ပုဂ္ဂိုလ်ရေးဆရာဝန်ဖြစ်သူ ဒေါက်တာအက်နမ်ခန်းမှာ မျက်နှာဖုံးစွပ်ထားသူတစ်စုက လန်ဒန်မြို့လယ်တွင် သံဒုတ်ဖြင့် တိုက်ခိုက်ခြင်းခံခဲ့ရသည်ဆို၏။ ဗြိတိန်နိုင်ငံရောက် ယခင်ဝန်ကြီးချုပ်ဟောင်းဖြစ်သူအား လွှဲပြောင်းပေးရန် ပါကစ္စတန်အစိုးရက တရားဝင်တောင်းဆိုချက်ထွက်ပေါ်လာပြီး နောက်တစ်နေ့တွင် ၎င်း၏ကိုယ်ရေးဆရာဝန်အား ယခုကဲ့သို့တိုက်ခိုက်ခံရမှုဖြစ်ပွားခြင်းဖြစ်ကြောင်း၊ ပတ်ခ်လိန်းအတိုင်း လမ်းလျှောက်လာသည့် ဒေါက်တာအက်နမ်ခန်းမှာ လူတစ်စုက ဝိုင်းဝန်းထိုးကြိတ်ပြီး သံဒုတ်ဖြင့် ရိုက်နှက်ခြင်းကြောင့် ဝမ်းဗိုက်၊ မျက်နှာနှင့် ဦးခေါင်းတွင် ပြင်းထန်စွာ ဒါဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

နဝပ်ရှာရဖ်သည် ပါကစ္စတန်တွင် ဝန်ကြီးချုပ်တာဝန်ထမ်းဆောင်စဉ် ငွေမည်းခဝါချမှု၊ အဂတိလိုက်စားမှု၊ အကျင့်ပျက်ခြစားမှုတို့ဖြင့် ၂၀၁၇-ခုနှစ်တွင် ရာထူးမှ ဖယ်ရှားခံရပြီး နောက်ပိုင်း၌ ထောင်ဒါဏ် ၇-နှစ် ချမှတ်ခြင်း ခံထားရသူဖြစ်သည်။

၂၀၁၉-ခုနှစ်တွင် ကျန်းမာရေးအခြေအနေအရ ပြင်ပ၌ နေထိုင်ရန် အာမခံပေးခဲ့သည်။ သို့သော် ကျန်းမာရေးပိုမိုဆိုးဝါးလာဖြင့် လန်ဒန်မြို့ရှိ ကုသနေကျ ဆရာဝန်များနှင့် ပြသ၍ ဗြိတိန်၌ သီတင်း ၄-ပတ်ကြာ ဆေးကုသရန် ပါကစ္စတန်တရားရုံးက ခွင့်ပြုခဲ့သည်။

နဝပ်ရှာရဇ်သည် ထိုအချိန်မှ စတင်၍ ပါကစ္စတန်သို့ ပြန်လာခြင်းမရှိတော့ချေ။ ဒေါက်တာအက်နမ်ခန်း တိုက်ခိုက်ခံရခြင်းမှာ ကျန်းမာရေးချို့ယွင်းကြောင်း လိမ်လည်ထွက်ခွာသွားသည့် နဝပ်ရှာရဇ်အား ပြန်လည်လွှဲပြောင်းပေးရန် ပါကစ္စတန်အစိုးရက တောင်းဆိုခြင်းနှင့် တိုက်ဆိုင်လျှက်ရှိသည်။ သို့သော် ဒေါက်တာအက်နမ်ခန်းမှာ ယင်းမတိုင်မီကပင် တယ်လီဖုန်းဖြင့် ခြိမ်းခြောက်ခံခဲ့ရကြောင်း ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်း မိသားစု ပြောရေးဆိုခွင့်ရှိသူ အဆိုအရ သိရှိရသည်။

အစဉ်လေးစားစွာဖြင့်

#HtayOung, #OungMarine


#ကိုရိုနာဗိုင်းရပ်စ်အီတလီပြင်သစ် #ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်းနဝပ်ရှာရဖ်

https://www.rt.com/news/482697-italy-coronavirus-quarantine-economy/

https://www.rt.com/news/482688-italy-quarantine-all-country/

https://www.rt.com/news/482702-bologna-prison-fire-coronavirus/

https://www.rt.com/news/482656-italy-coronavirus-prisoner-riots/

https://www.rt.com/news/482693-france-culture-minister-coronavirus/

https://www.rt.com/news/482704-nawaz-sharif-doctor-attacked/

https://www.rt.com/news/482073-sharif-deportation-pakistan-request/

0

Leave a Reply

Your email address will not be published.