ရက်အနည်းငယ်အတွင်း ဘင်္ဂလားဒေ့ရှ်၌ COVID-19 ရောဂါဖြင့် နေ့စဉ်သေဆုံးဦးရေ ကျဆင်းသော်လည်း ကူးစက်နှုန်း ၃၀% ကျော်တွင် မြင့်မားနေဆဲဖြစ်။ကပ်ရောဂါဖြစ်ပွားမှု နှေးကွေးရန် အလှမ်းဝေးနေဆဲဟု ဆို။ အမှန်သေဆုံးအရေအတွက်နှင့် တရားဝင်ထုတ်ပြန်ဦးရေ


ကပ်ရောဂါ ကျရောက်လျှက်ရှိသော ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ COVID-19 ဖြင့် နေ့စဉ်သေဆုံးဦးရေမှာ လွန်ခဲ့သည့် ရက်အနည်းငယ်၌ ကျဆင်းသွားသည်ကို တွေ့ရှိရသော်လည်း ကူးစက်နှုန်း ၃၀% ကျော်တွင် မြင့်မားနေဆဲဖြစ်ရာ ကိုရိုနာဗိုင်းရပ်စ်ရောဂါဖြစ်ပွားမှု နှေးကွေးရန် အလှမ်းဝေးနေဆဲဖြစ်ကြောင်း ညွှန်ပြနေသည်ဟု Dhaka Tribune က ယမန်နေ့ ရေးသားသည်။

…   
သောကြာနေ့တွင် တစ်ရက်အတွင်း သေဆုံးသူ ၁၆၆-ဦးကို ထပ်မံတွေ့ရှိခဲ့ရာ ကပ်ရောဂါစတင်ချိန်မှ ယခုအထိ သေဆုံးသူ ၂-သောင်းနီးပါး ( ၁၈,၈၅၁-ဦး ) ဖြစ်လာခဲ့ကြောင်း။
ယမန့်တွင် တစ်နိုင်ငံလုံးရှိ ဓါတ်ခွဲခန်းအသီးသီးတို့က ၎င်းတို့ ကောက်ယူရရှိသည့် ရောဂါစမ်းသပ်နမူနာပေါင်း ၂၀,၄၉၃ စစ်ဆေးခဲ့ရာ ၆,၃၆၄-ဦးတွင် ဗိုင်းရပ်စ်ပိုး စွဲကပ်လျှက်ရှိသည်ကို တွေရှိရသည့်အတွက် စစ်ဆေးမှု၏ ၃၁.၀၅% ဖြစ်နေကြောင်း၊ အလားတူ လွန်ခဲ့သည့် အင်္ဂါနေ့တွင် ၂၉.၃၁%၊ ဗုဒ္ဓဟူးနေ့ ၃၀.၄၈%၊ ကြာသပတေး နေ့ ၃၂.၁၉% အသီးသီးဖြစ်ကြောင်း၊ ကျန်းမာရေးဋ္ဌာန၏ ဋ္ဌာနခွဲ ၈-ခုတွင် ပိုးတွေ့လူနာအများဆုံးမှာ ဒါကာနယ်မြေဖြစ်ပြီး၊ ၎င်း၏ နောက်တွင် ကူလ်နာနှင့် စစ်တကောင်းတို့က ဆက်လက်ရပ်တည်နေကြောင်း၊ နိုင်ငံအတွင်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ဦးရေမှာ ၁-သန်းကျော် ( ၁,၁၄၆,၅၆၄-ဦး ) ဖြစ်နေကြောင်း၊

…   
ဇူလိုင်လ၏ ပထမနှစ်ပတ်အတွင်း အိဒ်ပွဲတော်အားလပ်ရက်၌ တင်းကျပ်သည့် ကန့်သတ်ချက်များမှာ အကျိုးသက်ရောက်မှုအနေဖြင့် များများ မရရှိခဲ့ကြောင်း၊ သို့သော် နယ်စပ်ဒေသများ၌ ရောဂါကူးစက်မှုလျော့နည်းသွားသည်ကို တွေ့ရှိရကြောင်း၊ သောကြာနေ့၌ စတင်ခဲ့သည့် နောက်ထပ်တင်းကျပ်သော ပိတ်ဆို့မှု၏ ရလဒ်ကို ရက်အနည်းငယ်အတွင်း မြင်တွေ့နိုင်ဖွယ်ရှိသည်ဟု ကျန်းမာရေးဆိုင်ရာ အထွေထွေဝန်ဆောင်မှု ညွှန်ကြားရေးဦးစီးဋ္ဌာန (DGHS)၏ အကြီးအကဲက သတင်းထောက်များအား ရှင်းပြသည်။

…  
ကိုရိုနာဗိုင်းရပ်စ်ရောဂါဆိုင်ရာ အမျိုးသားနည်းပညာ အကြံပေးကော်မတီအဖွဲ့ဝင်၊ ဗိုင်းရပ်ပိုးမွှားဗေဒပညာရှင်တစ်ဦးကမူ သေဆုံးမှုအရေအတွက်ကျဆင်းသည်ဆိုသော်လည်း အစီအစဉ်တကျဖြစ်သည်ဟု မဆိုနိုင်ကြောင်း၊ ရက်သတ္တပတ် အနည်းငယ်ကြာမျှ ဆက်တိုက်ကျဆင်းမှသာ သေဆုံးမှု ကျဆင်းသည်ဟု သတ်မှတ်ထားကြောင်း၊ လွန်ခဲ့သော ၂-ရက် ၃-ရက်အတွင်း ကျဆင်းသည်ဆိုကာမျှနှင့် အမှန်တကယ် ရေရှည်ကျဆင်းသည်ကို ပြသခြင်း မဟုတ်ကြောင်း၊ ၎င်းရက်ကာလအတွင်း ပိုးတွေ့လူနာအရေအတွက်၌ ကျဆင်းသွားခြင်း မရှိသည်မှာလည်း အလွန်သတိထားရမည့်အချက်တစ်ခုဖြစ်ကြောင်း သတင်းထောက်များ၏ မေးခွန်းကို ဖြေ ဆိုသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း ကပ်ရောဂါ ပြင်းထန်လာသည်နှင့် အမျှ COVID-19 ကာကွယ်ဆေးထိုးနှံရန် မှတ်ပုံတင်နိုင်သည့် အသက်အရွယ်ကို ယခင် အနည်းဆုံး ၅၅-နှစ်အထိအစား ၄၀၊ ၃၅၊ ၃၀ နှစ်အထိ အကြိမ်ကြိမ် ပြင်ဆင်သတ်မှတ်ခဲ့ပြီး ယခုနောက်ဆုံး အသက် ၁၈-နှစ်အထိဟု လျှော့ချရန် ဆုံးဖြတ်လိုက်ပြီဖြစ်ကြောင်း၊ ကျေးလက်ဒေသများအထိ ကာကွယ်ဆေးထိုးနှံရန်အစဉ်နှင့်ပတ်သက်၍ အခြားပြည်ပနိုင်ငံများ၏ စီမံခန့်ခွဲမှုနှင့် ထိရောက်မှုတို့ကို လေ့လာလျှက်ရှိပြီး မကြာမီ သတင်းထုတ်ပြန်မည်ဖြစ်ကြောင်း၊ ဆေးဘက်သုံး အောက်ဆီ ဂျင် လိုအပ်ချက်မှာ တန်ချိန် ၇၀ မှ ၉၀ ခန့်သာ ရှိခဲ့ပြီး ယခုခါ တန်ချိန် ၂၀၀ အထိ ဖြစ်လာကြောင်း သို့သော် နိုင်ငံအတွင်း လုံလောက်မှု ရှိနေပြီး အိန္ဒိယနိုင်ငံမှလည်း ဝယ်ယူတင်သွင်းလျှက်ရှိကြောင်း ကျန်းမာရေးဝန်ကြီးဋ္ဌာန အရာရှိကြီးများထံမှ သိရသည်ဟု Dhaka Tribune ၏ အခြားသတင်းတစ်ပုဒ်၌ တွေ့ရှိရသည်။

…  
သြဂုတ်လ ၅-ရက်နေ့အထိ ဘင်္ဂလားဒေ့ရှ်နိုင်ငံတစ်ဝှန်းလုံးတွင် restrictions on movement သွားလာမှုကန့်သတ်ခြင်းများ ပြဋ္ဌာန်းထားပြီး၊ လူအများအပြားသယ်ယူပို့ဆောင်ခြင်း မပြုရန်၊ ဈေးဆိုင်များ၊ ရုံများအားလုံးအပြင် ဗိုင်းရပ်စ်ပိုးနှင့် ထိတွေ့မှုဖြစ်ခဲ့သော စက်ရုံများ ပိတ်ထားရန် ညွှန်ကြားထားသည်။

…  
၁၄-ရက်ကြာ Lockdown တားဆီးပိတ်ဆို့ကြောင်း ကြေညာထားသည့် ဒါကာမြို့ စည်ပင်သာယာဧရိယာအတွင်း ကူးစက်ရောဂါတားဆီးရေးဆိုင်ရာ စည်းကမ်းထိန်းသိမ်းမှုအတွက် ရွေ့လျားတရားရုံးငယ်များဖြင့် ကြပ်မတ်ဆောင်ရွက်လျှက်ရှိသည်။ ပထမဆုံးရက်ဖြစ်သည့် သောကြာ တစ်နေ့တည်း၌ပင် လူပုဂ္ဂိုလ်ပေါင်း ၂၀၃-ဦးနှင့် ယာဉ်အမျိုးမျိုး ၄၄၁-စီးတို့ကို အရေးယူ အပြစ်ပေးခဲ့ရကြောင်း Dhaka Tribune က ယမန်နေ့၌ ရေးသားသည်။

(( လက်ရှိ နိုင်ငံတကာတွင် COVID-19 ကပ်ရောဂါ ဖြစ်ပွားလျှက်ရှိရာ နေ့စဉ်သေဆုံးသည့် ပကတိအမှန် အရေအတွက်မှာ သက်ဆိုင်ရာအစိုးရတို့က တရားဝင် သတင်းထုတ်ပြန်သည်ထက် အဆများစွာ ပိုမိုနိုင်ကြောင်း ပြောဆိုမှုများ ရှိနေပါသည်။

…  
အဆိုပါပြဿနာမှာ ကူးစက်လှိုင်း ပြင်းထန်စဉ် အမေရိကန်နှင့် ဥရောပ အီတလီကဲ့သို့ နိုင်ငံတကာမှ ဆေးဘက်ဆိုင်ရာ ပညာရှင်များအား မွေးထုတ်ပေးလျှက်ရှိသော ခေတ်မီနိုင်ငံကြီးများ၌ပင် တွေ့ရှိရပါသည်။

…  
လူတစ်ယောက် အသက်ထွက်လျှင် သေဆုံးသည်ဟု အလွယ်ပြောကြသော်လည်း နှလုံးမခုန်၊ အသက်မရှူ ယုံမျှနှင့် သေဆုံးပြီ ဖြစ်ကြောင်း မသတ်မှတ်နိုင်ပါ။ ထို့ကြောင့် ဆရာဝန်မပါပဲ ကမ်းမမြင် လမ်းမမြင် ရက်ရှည် သွားလာနေကြသည့် ကုန်သွယ်ရေကြောင်း သင်္ဘောများတွင် လူတစ်ယောက်သေဆုံးပြီဖြစ်ကြောင်း ခိုင်လုံသည့် တရားဝင်သက်သေခံချက် မရမချင်း သေစာရင်း မပြနိုင်ပါ။ သေဆုံးသူ၏ ဆွေမျိုးသားချင်းများက တရားစွဲဆိုလေ့ရှိ၍ ဖြစ်ပါသည်။

…  
#Cause_of_Death #သေဆုံးရသည့်အကြောင်း ကို ဖော်ပြရန်မှာ ထိုထက်ပို၍ ရှုတ်ထွေးသည်။ မည်မျှပင် ကျွမ်းကျင်ထူးချွန်သည့် ဆေးပညာရှင်ဖြစ်စေကာမူ ဆီလျော်သည့်နေရာ၊ သက်ဆိုင်သည့် ပစ္စည်းကိရိယာနှင့် လိုအပ်သလို စစ်ဆေးနိုင်ခြင်း မရှိပဲ မည်သည့်အတွက် မည်သည့်ရောဂါဖြင့် သေဆုံးကြောင်း သက်သေခံချက်ပေးရန် မဖြစ်နိုင်ပါ။ ဆရာဝန်သည် ဗိန္ဓောဆရာ မဟုတ်ချေ။

ကူးစက်ဖြစ်ပွားမှု ပြင်းထန်၍ အသည်းအသန် အသက်လုနေရသည့် လူနာအများ စုပုံနေချိန်တွင် ဆရာဝန်နှင့်ကျန်းမာရေးဝန်ထမ်းများမှာ ခေါင်းမဖော်နိုင်လောက်အောင် အလုပ်များလျှက် နေရာတိုင်းတွင် ဒေါင့်မစေ့နိုင်ပဲ ဖြစ်ရဟန်တူပါသည်။

…    
ကမ္ဘာ့အနှံ ကပ်ရောဂါဖြင့် သေဆုံး-ကူးစက်မှုများကြောင့် သောက ပရိဒေဝမီး တောက်လောင်နေချိန်တွင် မသေသင့်သူ မသေဆုံးရအောင် မိမိတို့ ကတိသစ္စာပြုခဲ့သည့် ဆေးပညာရှင်များကျင့်ဝတ်ကို ခိုင်မာစွာဆုတ်ကိုင်လျှက် ပင်ပန်းကြီးစွာ ပြုစုကုသပေးရင်း အသက်ဆုံးရှုံုးကြရသူ ကျန်းမာရေးဝန်ထမ်းပေါင်း အနည်းဆုံး ၁၁၅,၀၀၀ -ဦး ရှိပြီဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ၏ မေ ၂၄ ရက် ၂၀၂၁-ခုနှစ် သတင်းထုတ်ပြန်ချက်၌ ဖော်ပြထားပါသည်။   ။ သတင်းဘာသာပြန်သူ))

#ဇူလိုင်တတိယပတ်အလွန်_ဘင်္ဂလားဒေ့ရှ်_ကိုရိုနာဗိုင်းရပ်စ်ရောဂါအခြေအနေ

(((Dhaka Tribune., July 23 2021,” Pandemic far from slowing down in Bangladesh.” ကို #HtayOung, #OungMarine ဆီလျော်အောင် အကျဉ်းချုံးဘာသာပြန်ဆိုသည်။)))

https://www.dhakatribune.com/bangladesh/2021/07/23/pandemic-far-from-slowing-down-in-bangladesh
https://www.dhakatribune.com/bangladesh/2021/07/23/dghs-chief-vaccination-age-to-be-lowered-to-18-years
https://www.dhakatribune.com/health/coronavirus/2021/07/19/dghs-age-limit-for-covid-19-vaccination-lowered-to-30-years
https://www.channelnewsasia.com/news/world/115000-healthcare-workers-die-covid-19-world-health-organization-14876656
https://www.channelnewsasia.com/news/world/115000-healthcare-workers-die-covid-19-world-health-organization-14876656 

Leave a Reply

Your email address will not be published.