၂၀၁၇-ခုနှစ် နိုဝင်ဘာ ၂၃-ရက်နေ့ မြန်မာ-ဘင်္ဂလားဒက်ရှ်နှစ်နိုင်ငံသဘောတူညီချက်အရ ဒုက္ခသည်ဘင်္ဂါလီများ နေရပ်ပြန်ရေးကို ( ဇန်နဝါရီ ၂၂၊ ၂၀၁၈ ) တွင် စတင်ပြီး ( ဇန်နဝါရီ ၂၂၊ ၂၀၂၀ ) အတွင်း အပြီးဆောင်ရွက်ကြမည်ဟု ပါရှိသည်။
သို့သော် ယခုထိ နေရပ်ပြန်သူ ဒုက္ခသည်ဘင်္ဂါလီ( မူရင်းရိုဟင်ဂျာဟုဖော်ပြ
)တစ်ဦးတစ်ယောက်မှ မရှိသေးချေ။ နှစ်ကြိမ်အထိ နေရပ်ပြန်ရေးအစီအစဉ်ပျက်ပြားပြီးနောက်
တတိယအကြိမ်အစီအစဉ်ကို သေချာမှုမရှိသေးပဲ စတင်ဆောင်ရွက်မည်မဟုတ်ကြောင်း
ဘင်္ဂလားဒက်ရှ်အာဏာပိုင်များက အလေးအနက်ပြောဆိုသည်ဟု ဘင်္ဂလားအခြေစိုက် Dhaka Tribune က
ယမန်နေ့ရေးသားသည်။
သို့သော် တတိယအကြိမ်အစီအစဉ်အား မည်သည့်အချိန်၌ ဖန်တီးမည်ဆိုသည်ကို မည်သူမှ
မပြောနိုင်ပါ။ သြဂုတ် လ ၂၂-ရက် ဒုတိယအကြိမ် ဖုတ်ပူမီးတိုက် စီစဉ်ခဲ့ရသည်မှာ တရုတ်၏
လောဆော်မှုကြောင့်သာဖြစ်သည်ဆို၏။
ဒုတိယအကြိမ်အစီအစဉ်ပျက်ပြားပြီးနောက် အစိုးရ၏ ဒုက္ခသည်များအကူအညီပေးရေးနှင့်
နေရပ်ပြန်ရေး ဆိုင်ရာမဟာမင်းကြီးရုံး ( RRRC ) အဘူကယ်လန်နှင့်
ဒုက္ခသည်စခန်းတာဝန်ခံအမြောက်အများကို ရာထူး-နေရာ ပြောင်းရွှေ့ခဲ့သည်။ သြဂုတ်လ ၂၅-ရက်
ဒုက္ခသည်ဘင်္ဂါလီများ လူထုစုရုံးမှုပြုလုပ်သောအခါ၊ မြန်မာနှင့်ပတ်သက်၍ ဘင်္ဂလားဒက်ရှ်၏
အားနည်းချက်ပေါ်လာသည်ဟု ဘင်္ဂလားဒက်ရှ်အရာရှိကြီးတစ်ဦးက ပြောဆိုသည်။
နေရပ်ပြန်ရေးအမှန်တကယ်သေချာခြင်းမတိုင်မီ အသေးအဖွဲနေရပ်ပြန်ရန်သာမက မည်သည့် အစီအစဉ်မှ စတင်ခြင်း မရှိလျှင် အကောင်းဆုံးဖြစ်ကြောင်း၊ သို့သော် ဘယ်နေ့ ဘယ်ရက်စတင်ရန် ဖြစ်နိုင်မည်ဆိုခြင်းမှာ ဂိုးပေါက်အား မကြာခဏနေရာပြောင်းတတ်သော အိမ်နီးချင်းမိတ်ဆွေမြန်မာအတွက် အတိအကျပြောရန် အလွန်ခဲယဉ်းကြောင်း၊ မြန်မာက နေရပ်ပြန်ရေး အခြေအနေကောင်းများဖန်တီးရန် တရုတ်အပါဝင် အခြားနိုင်ငံများအား လိုအပ်သလို တိုက်တွန်းရလိမ့်မည်ဖြစ်ကြောင်း၊ မြန်မာသည် ဒီနေ့တစ်မျိုး နောက်နေ့တစ်မျိုး ကတိမတည်တတ်၍ ဒုက္ခသည်ဘင်္ဂါလီများ တကယ်ပြန်မှသာလျှင် ယုံရတော့မည်ဖြစ်ကြောင်း ပြန်လည်ဖြေ ဆိုသည်။
ဒုတိယအကြိမ်နေရပ်ပြန်ရေးအစီအစဉ်မှာ အလောတကြီးနိုင်လွန်းသည်ဟု
နိုင်ငံတကာအဖွဲ့အစည်းများက ဝေဖန်ကြသည့်တိုင် တရုတ်၏ စိတ်အားထက်သန်မှုကြောင့်ဖြစ်ကြောင်း၊
မူလက သြဂုတ် ၉-ရက်နေ့ စတင်ရန် အကြောင်းကြားသော်လည်း သြဂုတ်လ ၂၂-ရက်သို့
ပြောင်းလဲခဲ့ရာ အိဒ်အူးလ်အဒ်ဇာကာလရုံးပိတ်ရက်ရှည်ခံနေ၍ RRRC အတွက်
အခက်အခဲများစွာကြုံခဲ့ရကြောင်း သိရှိရသည်။
ဒုက္ခသည်ဘင်္ဂါလီများနေရပ်ပြန်ရေးအတွက် ရှိတ်ဟာစီနာအစိုးရနိုင်ငံခြားရေးဋ္ဌာနအရာရှိကြီးများအတွင်း
အမြင် မတူညီကြပါ။ မြန်မာ၏ အဓိကကျောထောက်နောက်ခံသည် တရုတ်ဖြစ်၍
အိမ်နီးချင်းမြန်မာအား အသင့်ဖြစ်-မဖြစ် မေးမနေတော့ပဲ တရုတ်နှင့်သာ
အစီအစဉ်စတင်သင့်သည်ဟု ယူဆသူများရှိသည်။ ဘင်္ဂလားဒက်ရှ်က အသင့်မဖြစ်သေးချိန်
၄င်တို့ကလက်ခံရန်အသင့်ရှိနေကြာင်း မြန်မာဝါဒဖြန့်ရန် အကွက်ရသွားသည်ဟုလည်း
ထင်မြင်ကြသည်။ အဆိုပါကိစ္စနှင့်ပတ်သက်၍ တရုတ်သံရုံးထံမှ သီးခြားအတည်ပြူချက်
မရရှိသေးချေ။
သြဂုတ်လ ၂၅ ရက် ဒုက္ခသည်ဘင်္ဂါလီလူထုစုဝေးပွဲနောက်ပိုင်း RRRC မဟာမင်းကြီး
အဘူကယ်လမ်နှင့် စခန်းတာဝန်ခံအများအပြားကို တာဝန်ပြောင်းရွှေ့ခဲ့ခြင်းမှာ အမှု့ထမ်းကာလအရ
သင့်လျှော်သလို စီမံခြင်းသာဖြစ်ပြီး မြန်မာ၏ တောင်းဆိုချက်အရ မဟုတ်ကြောင်း
ပြောဆိုကြသည်။ ထိုဖြစ်စဉ်ကြောင့် ဘင်္ဂလားဒက်ရှ်အတွင်း ဖရိုဖရဲဖြစ်နေကြောင်း မြန်မာက
သုံးသပ်ဖွယ်ရှိသည်။
ဝန်ထမ်းများအား ရာထူး-တာဝန်ပြောင်းရွှေ့ခြင်းသည် အစိုးရတစ်ရပ်၏ ပုံမှန်အလုပ်သာဖြစ်သည်။
ပြောင်းရွှေ့တာဝန်ပေးခြင်း၊ရပ်နားစေခြင်းတို့ကို လိုအပ်သလို
အဆင့်ဆင့်ဆောင်ရွက်ကြရကြောင်း နိုင်ငံခြားရေးအရာရှိကြီးများက ရှင်းပြသည်။
သို့သော် မြေပြင်ပကတိအခြေအနေတွင် တာဝန်ထမ်းဆောင်လျှက်ရှိသူ အဓိကအစိုးရဝန်ထမ်းများအား ဖယ်ရှားသည့်အတွက် အခြေအနေ လှည်းစည်းကုန်းပြတ်ပြီဟု မြန်မာက ဝမ်းသာအားရ လက်ခုပ်သြဘာပေးနိုင်စရာရှိကြောင်း၊ ထိုအတွက် ဟာစီနာအစိုးရအနေဖြင့် ရှင်းလင်းစွာ ဆောင်ရွက်ရမည်ဖြစ်ကြောင်း နိုင်ငံတကာအဖွဲ့အစည်းမှ အရာရှိ တစ်ဦးက ပြောဆိုသည်။
(( ဒုတိယအကြိမ်နေရပ်ပြန်ရေးအစီအစဉ်ပျက်ပြားရခြင်းမှာ မြန်မာကြောင့်၊ တရုတ်ကြောင့်၊ ဘင်္ဂလားဒက်ရှ်ကြောင့်လုံးဝမဟုတ်ပါ။ ဒုက္ခသည်ဘင်္ဂါလီများကိုယ်တိုင် ပြန်သူတစ်ဦးတစ်ယောက်မှ ထွက်မလာသောကြောင့် ဖြစ်သည်။ သြဂုတ် ၂၂- ၂၅ ရက်နေ့ ဒုက္ခသည်ဘင်္ဂါလီများနှင့်ပတ်သက်၍ NGO များ၊ အကြမ်းဖက်အဖွဲ့အစည်းများနှင့် အခြားဆက်စပ်သတင်းများကို အိန္ဒိယနှင့် ဘင်္ဂလားဒက်ရှ်မီဒီယာများက ဖော်ပြကြရာ ယခု Dhaka Tribune လည်း ပါဝင်ခဲ့သည်။
ထိုစဉ်က လက်လှမ်းမီသမျှ ဘာသာပြန်ဖော်ပြခဲ့ရာ ကျွန်တော်၏ FB Account, Page, Group တို့တွင် ၂၅,၂၆ မှ စက်တင်ဘာလဆန်းပိုင်းအထိ ပြန်လှန်ကြည့်နိုင်ပါရန် တိုက်တွန်းပါသည်။ ကျွန်တော်၏ https://h2oupdatenews.com web page တွင်လည်း တင်ထားပေးပါမည်။ ယခုလ “ အကုန်သိမဂ္ဂဇင်း” တွင်လည်း အသေးစိတ်ဖော်ပြခဲ့ပါသည်။
လောလောဆယ်တော့ ဖွဘုတ်အာမီက စာအရေးကောင်း၍ ကျွန်တော့်အား “ အကြမ်းဖက်ဝါဒဖြန့်သူ “ ဝရမ်းကပ်ခြင်းကြောင့် ရမန်ကြီး တစ်လ ကျခံနေရပါသည်။ ။ သတင်းဘာသာပြန်သူ ))
( အောက်တိုဘာ – ၀၄၊ ၂၀၁၉ ) ((( Dhaka Tribune., October 3rd, 2019, “Rohingya repatriation: No third attempt without confirming success.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ )))
https://www.dhakatribune.com/bangladesh/rohingya-crisis/2019/10/03/rohingya-repatriation-no-third-attempt-without-confirming-success
